ခန္တာကိုယ်မှာ ပတ်ပေးထားတဲ့ သဘာဝအဲကွန်းတွေနဲ့ အားကျစရာ မြင်းကျားများ

မြင်းကျားကိုယ်မှာ အဲကွန်းတွေကို သဘာဝကြီးက ပတ်ထားပေးထားတာတဲ့… သဘာဝအဲကွန်းတွေနဲ့ အားကျစရာ မြင်းကျားများ..

မြင်းကျားအကြောင်းတွေ ဖတ်ခဲ့တာများခဲ့ပြီ။ တစ်ကြိမ်တစ်ခါမျှ အဲဒီလိုအကြောင်းအရာတွေကို ကြားခဲ့ရဘူးခြင်းအလျဉ်းမရှိခဲ့၊၊ သူတို့ရေးထားတာတွေကိုလည်း ကြည့်ဦးလေ…

မြင်းကျားကိုယ်မှာ အဲကွန်းတွေကို သဘာဝကြီးက ပတ်ထားပေးထားတာတဲ့… သူ့ကိုယ်ပေါ်က အစင်းကြောင်းတွေက အဲကွန်းတွေတဲ့… ကဲ သူတို့ပြောထားတာတွေ ဖတ်ကြည့်ကြရအောင်…

ဗွေဆော်ဦးအနေနဲ့ ကမ္ဘာပေါ်မှာ မြင်းကျားသုံးမျိုးရှိတယ်လို့ဆိုတယ်၊၊

ပထမဆုံးတစ်မျိုးကတော့…

မိန်းမပျိုလေးတွေ မျက်ခုံးမွေးဆွဲတံ သေးသေးလေးနဲ့ မျက်ခုံးမွေးသေးသေးမျှင်မျှင်လေး ဆွဲသလိုမျိုး… မြင်းကျားကိုယ်ပေါ်မှာလည်း အဲ့လိုစုတ်တံခပ်သေးသေးနဲ့… မြင်းကျားကို ကိုယ်လုံးအပြည့်ဆွဲထားတဲ့မြင်းကျားပေါ့… သူ့ကိုတော့ ထီးသုံးနန်းသုံးမြင်းကျားလို့ ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးရှေးရှေးတုန်းက အီသီယိုးပီးယားဘုရင်က အဲဒီမြင်းကျားတွေကို အီသီယိုးပီးယားနိုင်ငံတော်ရဲ့ လက်ဆောင်ပဏ္ဍာအနေနဲ့ အခြားမိတ်ဆွေနိုင်ငံတွေထံ ပေးတတ်လို့ အဲဒီ အမည်ပေးထားတာပါတဲ့ ၊၊ အခုတော့ အဲဒီ မြင်းကျားမျိုးက အတော်ရှားနေပါပြီ၊၊

ဒုတိယမြင်းကျားမျိုးကတော့ သူ့ကိုတော့ စုတ်တံအပြားကြီးကြီးနဲ့ မြင်းကျား ကိုယ်လုံးပြည့်ပတ်လည် ဗိုက်အောက်ပါမကျန် ဆွဲထားတာမျိုး..။ သူ့ကိုတော့ဖြင့် တောင်ပေါ်မြင်းကျားလို့ခေါ်တယ်၊၊

နောက်ဆုံး တတိယမြင်းကျားမျိုးကတော့ တောင်ပေါ်မြင်းကျားရဲ့အစင်းကြောင်းပုံစံမျိုးပဲ၊၊ အဲ… ဒါပေမဲ့ ဆေးသုတ်ရင်း ဆေးကုန်သွားသလိုမျိုး၊ ဗိုက်အောက်မှာတော့ အစင်းကြောင်းတွေမရှိတော့ဘူး၊၊ ဗိုက်ဖြူပြင်ကြီး သက်သက်ကိုသာတွေ့ရတော့တယ် ၊၊ သူ့ကိုတော့ မြေပြန့်မြင်းကျားလို့ ဆိုကြတယ် ၊၊

အဲ ဘာမြင်းကျားပဲဖြစ်ဖြစ် ဘယ်လိုအစင်းကြောင်းတွေပဲပါပါ မြင်းကျားဟာမြင်းကျားဖြစ်ဖို့ပဲလိုတယ်၊ နောက်ပြီး မျိုးမသုဉ်းသွားဖို့လည်းလိုတယ်လို့ ပညာရှင်တွေက ထောက်ပြကြတယ်၊၊

ဒီနေရာမှာ မေးချင်တာက မြင်းကျားတွေ မျိုးသုဉ်းသွားရင်၊ မရှိတော့ရင် ဘယ်လိုဆိုးကျိုးဆက်တွေဖြစ်လာမှာလဲ… ဘယ်သူတွေကိုထိခိုက်မှာလဲ၊ သူ့ရဲ့ ဂေဟဗေဒစံနစ်ဝန်ဆောင်မူ (Ecological services) ကဘာလဲ… ဆိုတာတွေပါပဲ။

ပြောရမယ်ဆိုရင် မြင်းကျားတွေက မြက်စားတဲ့အမျိုးတွေဖြစ်တယ်၊၊ အစုအဝေးနဲ့ မြက်ခင်းလွင်ပြင်ဒေသတွေမှာ အခြားသောမြက်စားသတ္တဝါတွေနဲ့အတူနေကြတယ်။

ဒါပေမဲ့ မြက်စားတာချင်းအတူတူ မြက်ကို ဘယ်လိုပုံစံမျိုးနဲ့ စားတယ်ဆိုတာတော့ မတူညီကြဘူး။ မြင်းကျားက ကျန်တဲ့တိရစ္ဆာန်တွေအတွက် အစာချေဖို့ အလွန်ခက်ခဲတဲ့၊ ခြောက်သွေ့ကြမ်းတမ်းနေတဲ့မြက်တွေကိုပဲစားပစ်တာပါ။

သူတို့က အဲလိုစားပစ်ပြီးနောက်မှာ အရွက်နုလေးတွေ မြက်နုလေးတွေ ဝေဝေဆာဆာနဲ့ပြန်ထွက်လာကြတာကိုမှ အခြားမြက်စားသတ္တဝါတွေစားကြတာပါ။

ဒီနေရာမှာ ထူးခြားတာက အဲဒီအခြားသတ္တဝါဆိုတဲ့အထဲမှာ ဆတ်ကျွဲ ဆိုတဲ့အကောင်တွေ ပါနေပါတယ်။ အဲဒီအကောင်တွေဟာ အစာခံသတ္တဝါ (Prey animal) ပေမဲ့ အာဖရိကလွင်ပြင်တွေမှာ အချက်အခြာ၊ သော့ချက် (Keystone) ကျတဲ့ မျိုးစိတ်တွေပါတဲ့။ သူတို့ မျိုးသုဉ်းသွားလို့ မရပါဘူး ၊၊ ဒါတွေဟာ မြင်းကျားတွေရဲ့ ဂေဟဗေဒစံနစ်ဝန်ဆောင်မူ (Ecological services) အနည်းငယ်သာဖြစ်ပါသေးတယ် ၊၊

ကဲ… အခု မြင်ကျားကိုယ်ပေါ်က အဲကွန်းတွေအကြောင်းဆက်ကြရအောင်…

အထက်ကပြောခဲ့တဲ့အတိုင်း မြင်းကျားကိုယ်ပေါ်က အစင်းကြောင်းတွေမှာ အမည်းကြောင်းနဲ့ အဖြူကြောင်းတွေ ရှိကြပါတယ် ။ အမည်းရောင်ရဲ့သဘောသဘာဝက နေရောင်မှ အပူကိုစုပ်ယူထားတတ်ပြီး အဖြူရောင်ကတော့ အလင်းရောင်ကိုပြန်ကန်တတ်တဲ့ သဘာဝရှိလို့ အပူကို စုပ်ယူထားခြင်းမရှိပါဘူး ။

အဲဒီလို မြင်းကျားရဲ့ ကိုယ်ပေါ်မှာ မတူညီတဲ့အပူချိန်နှစ်ခုကြောင့် မြင်းကျားရဲ့အရေပြားပေါ်မှာ သေးဖွဲသောလေထုငယ်တစ်ခု ဖြစ်ပေါ်လာပြီး… ထိုသည်ကပဲ… မြင်းကျားကို သဘာဝ အဲကွန်းသဖွယ်ဖြစ်စေသည်ဟု ဆိုခြင်းဖြစ်ပါတယ်။ (အခုလို ပူပြင်းလှတဲ့အချိန်တွေလိုမျိုးဆိုရင်တော့…ဒါမျိုးက အားကျစရာကြီးနော်…)

ဒီနေရာမှာ ကျွန်တော်တို့လူသားတွေလည်း မြင်းကျားတွေလို အဖြူတစ်ကန့် အမဲတစ်ကန့်စီ ဆေးသုတ်ပြီး ဝရန်တာမှာ နေရောင်ခံပေးရင် အဲကွန်း မလိုလောက်တော့ဘူး ထင်ရတော့မလားမသိပါဘူးဗျား။

ဒေါက်တာမြင့်သိန်း(B.V.S)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page