တောင်ကြီး တက္ကသိုလ်မှာ Q ဝင်နေသည့် အမျိုးသမီး တဦး ပြုကျင့်ခံရ

တောင်ကြီးတက္ကသိုလ်ရှိ Q Center တွင် Q ဝင်ရောက်နေသော အမျိုးသမီးတစ်ဦး ပြုကျင့်ခံရသဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက်တွင် မြဝတီမြို့မှ နေရပ်ပြန်လာသော အမျိုးသမီးတစ်ဦးသည် တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် နန်းဝတီအမျိုးသမီးအဆောင် Q Center သို့ ရောက်ရှိပြီး မကြာမီ ညဘက် ၈ နာရီခွဲခန့်တွင် အမည်မသိ အမျိုးသားတစ်ဦးသည် ဒါးကိုင်ဆောင်ထားပြီး အမျိုးသမီးကို ပြုကျင့်ခဲ့ပြီး ထွက်ပြေးသွားခဲ့သဖြင့် နီးစပ်ရာအခန်းဖော်ကို သတင်းပို့ပြီး သက်ဆိုင်ရာသို့ လှမ်းအကြောင်းကြားခဲ့ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ အမျိုးသမီး၏ ပြောကြားချက်အရ အမျိုးသားသည် အောက်ထပ် အိမ်သာခန်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်ရာနေရာသို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်မှူး ရဲမှူးချုပ် တင်ကိုကို၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ လာရောက် စစ်ဆေးခဲ့ပြီး၊ Q Center နှစ်ထပ်ဆောင်ကို လူစုခွဲ၍ ရှာဖွေခဲ့သော်လည်း ကျူးလွန်သူကို ရှာမတွေ့ဘဲ လွတ်မြောက်သွားကြောင်း သိရပါတယ်။

အဆိုပါ နန်းဝတီ အမျိုးသမီးအဆောင်သည် အနောက်ဘက်တွင် သံဇကာအပေါက် တစ်ပေါက်ရှိပြီး အနောက်ဘက်မှ ဝင်လာနိုင်စရာအကြောင်းရှိကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

အဆိုပါ အမျိုးသမီးကို ကြက်ခြေနီတပ်ဖွဲ့ မော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှာပင် နှာခေါင်းတို့ဖတ်နမူနာများကို ရယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

“လောလောဆယ် စုံစမ်းဆဲပါပဲ။ အမှုဖွင့်တာပေ့ါ။ ညတွင်းချင်း ဖွင့်တာပေ့ါ။ ၃၇၆ နဲ့ ဖွင့်တာပေ့ါ။ ကျန်းမာရေးက နောက်တစ်နေ့လောက်မှ ဆေးစာရမယ်။ အမျိုးသမီးနဲ့ ကလေးဆေးရုံမှာလေ။ သူ့ကို ကိုဗစ် ရောဂါပိုးရှိ မရှိ စစ်တယ်။ ဒီမနက် ၈ နာရီခွဲလောက်မှာ ဆေးကုသမှုတွေ လုပ်ပါတယ်”ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဌေးဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားပါတယ်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page