ကျိုက်ထိုတွင် လိုင်စင်မဲ့ကားဖြင့် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား (၄) ဦးကို ဖမ်းဆီးရမိ

ကျိုက်ထိုတွင် လိုင်စင်မဲ့ကားဖြင့် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား (၄) ဦးကို ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ် ကိုဗစ် ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာလ (၂၅) ရက်နေ့ညက လက်နက်ကိုင်အဖွဲ့အစည်းအမည်ခံ (၂) ဦးက လက်နက်များနှင့်အတူ လိုင်စင်မဲ့ယာဉ်ဖြင့် တရုတ်နိုင်ငံသား (၄) ဦးကို ခေါ်ဆောင်လာတာကြောင် ဖမ်းဆီးအရေးယူထားတယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်မှာ ယာဉ်များရှင်းလင်းဆောင်ရွက်နေစဉ် ကျိုက်ထိုဘက်မှ ပဲခူးဘက်သို့မောင်းနှင်လာတဲ့ ယာဉ်အမှတ် KYN 9C/1525 ၊ Revo ခဲရောင်ယာဉ်ကိုရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းအမည်ခံ ကရင်ပြည်နယ်နေသူယာဉ်မောင်း ရဲလင်းကျော် (၂၆) နှစ် ၊ မြတ်အောင် (၂၆) နှစ် တို့ (၂) ဦးနှင့်အတူ တရုတ်နိုင်ငံသားများဖြစ်တဲ့ ဝမ်ဟိုင်မင်း (၃၀) နှစ်၊ ချိတ်ကျန်ဖုန်း (၃၂) နှစ်၊ ချန်ထင်ပါး (၂၆) နှစ်နဲ့ စူးဝမ်ဂျိမ်း (၃၀) နှစ်တို့ကို တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီနောက် မော်တော်ယာဉ်ကို ဆက်လက် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ လက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ ယာဉ်တွေစစ်တော့ တရုတ်နိုင်ငံသား (၄) ဦးကို တွေ့တယ်၊ တရုတ်တွေက ကရင်ပြည်နယ်ဘက်ကလာတာ၊ ဆက်စစ်တော့ သူတို့ကို ခေါ်လာတဲ့သူတွေက လက်နက်ကိုင်အဖွဲ့အမည်ခံ လုပ်နေတဲ့သူ (၂)ဦး စီးလာတဲ့ကားကလဲ လိုင်စင်မပါဘူး၊ ယာဉ်ပေါ်မှာလဲ လက်နက်တွေ တွေ့လို့ ဖမ်းဆီးအရေးယူထားပါတယ်”လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ပေါ်ပါ တရုတ်နိုင်ငံသား (၄)ဦးနှင့် ခေါ်ဆောင်လာသူ (၂) ဦးကို သိမ်ဇရပ်နယ်မြေရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page