တရုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ တသန်းကျော် အင်ဒိုနီးရှားကို စရောက်လာပြီ
တရုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ တသန်းကျော် အင်ဒိုနီးရှားကို စရောက်လာပြီ
တရုတ်အခြေစိုက်ဆေးကုမ္ပဏီ Sinovac ကထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး ၁.၂ သန်း အင်ဒိုနီးရှားနိုင်ငံဆီ တနင်္ဂနွေနေ့မှာရောက်လာတယ်လို့ အစိုးရကပြောပါတယ်။
နောက်ထပ် ၁.၈ သန်းကတော့ ဇန်နဝါရီ အစောပိုင်းမှာ ရောက်လာဖို့ မျှော်လင့်ထားတယ်လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က ရုပ်-သံ ကနေ မိန့်ခွန်းပြောတဲ့အထဲ ထည့်ပြောသွား ပါတယ်။ ကာကွယ်ဆေးထိုးရေးနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိ အဖွဲ့အစည်းတွေက ပြောတာကို ပြည်သူတွေက လိုက်နာကြဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။
နောက်ထပ်ရောက်လာမယ့် Sinovac ကိုဗစ် ကာကွယ်ဆေး သန်းနဲ့ချီရရှိဖို့ အင်ဒိုနီးရှားအစိုးရက စောင့်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဆေးဝါးထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ တရုတ်ကနေ ရောက်လာရင် အင်ဒိုအစိုးရပိုင် PT Bio Farma ကုပဏီကနေ ပြည်တွင်းမှာ ထပ်မံ ထုတ်လုပ်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။
ဒါပေမယ့် ဒီဆေးတွေကို အရေးပေါ်သုံးခွင့်ပြုဖို့ အင်ဒိုနီးရှား အစာနဲ့ ဆေးဝါး အေဂျင်စီရဲ့ ခွင့်ပြုချက် ရဖို့လိုသေးတယ်လို့ သမ္မတက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ Sinovac ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်နေပြီး အခုဆိုရင် စမ်းသပ်မှု အဆင့် ၃ ကိုတောင်ရောက်နေပြီဖြစ်ပါတယ်။ အဆင့် ၃ အတွက် အနောက်ဂျာဗားရှိ ဘန်ဒေါင်းမြို့က လူပေါင်း ၁၆၂၀ ဟာ သြဂုတ်လကတည်းက စမ်းသပ်ခံထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လူဦးရေ ၂၆၇ သန်းရှိတဲ့ အင်ဒိုနီးရှားမှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၆၀၂၇ ဦးရှိပြီး သေဆုံးသူ ၁၁၀ ရှိပါတယ်။ အားလုံးပေါင်းဆိုရင် ကူးစက်သူ ၅ သိန်းကျော် ရှိပြီး သေဆုံးသူက တသောင်းကျော်ရှိကာ အရှေ့တောင် အာရှမှာ အများဆုံးဖြစ်နေပါတယ်။