အလှူတန်းကာလတွေပြီးနောက် ပြည်တွင်းရွှေစျေး တရိပ်ရိပ် ပြန်ကျမည်၊ ယနေ့ ရွှေစျေးကတော့
အလှူတန်းကာလတွေပြီးနောက် ရွှေဈေးကွက်အရောင်းအဝယ်အေးနေပြီး ရွှေဈေးနှုန်းတရိပ်ရိပ်ပြန်ကျလာလိမ့်မယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။
“ရွှေဈေးကတော့ ခပ်ဖြေးဖြေး ပြန်ကျလိမ့်မယ်။ အခုက ကမ္ဘာ့ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတယ် ပြည်တွင်းရွှေဈေး အကျဘက်ရောက်သွားရင် ကမ္ဘာ့ဈေးက ပြန်တက်လာရော၊ ဒေါ်လာဈေးကလည်း အဲ့ဒီလိုပဲ သိပ်မငြိမ်ဘူး။ အခုရွှေဈေးတက်နေတာက ပစ္စည်းပြတ်လို့ တက်တာမဟုတ်ဘူး။ အရင်တုန်းကသာ ကောလာဟလတွေယုံပြီး လုဝယ်ကြနဲ့ ဈေးတက်လာတာ။ အခုကပစ္စည်းလည်းပေါတယ် ကုန်သည်တွေကလည်း ကောလာဟလတွေကို သိပ်မယုံကြတော့ တစ်ရက်လောက်ပဲကြာတယ်။ ပြီးရင်ပုံမှန်ပြန်ဖြစ်သွားတာပဲ။ အခုအရောင်းအဝယ်ကတော့မရှိဘူး အေးတယ်။ ရွှေလုပ်ငန်းတွေကတော့ နောက်လလောက်မှ ပုံမှန်ပြန်စလိမ့်မယ်။ အခုက မိုးကောင်းတော့ ရေနည်းနည်းများနေတော့ မစနိုင်သေးဘူ” လို့ ဦးမျိုးမြင့်က ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၀ ရက် ရန်ကုန်မြို့မှာ ရွှေဆိုင်တွေကတော့ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၆ သိန်းခွဲအထက်နဲ့ ၁၅ ပဲရည်တစ်ကျပ်သားကို ကျပ် ၂၄ သိန်း ဝန်းကျင်မှာ အရောင်းအဝယ်လုပ်နေတယ်လို့ သိရပါတယ်။
ကမ္ဘာ့ရွှေဈေးတစ်အောင်စ အမေရိကန်ဒေါ်လာ (၁၇၁၁) ကို ရောက်ရှိနေပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဒီနေ့အတွက် ထုတ်ပြန်တဲ့ရွှေရည်ညွှန်း အဖွင့်ဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၂,၀၁၃,၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။