အမိန့်ကြေညာချက်တွေ မျိုးစုံအောက်မှာ ချာချာလည်နေတဲ့ ရန်ကုန် တက္ကစီယာဥ်မောင်းတွေရဲ့ ဘဝ

အမိန့်ကြေညာချက်တွေ မျိုးစုံအောက်မှာ ချာချာလည်နေတဲ့ ရန်ကုန် တက္ကစီယာဥ်မောင်းတွေရဲ့ ဘဝ (တာဝန်ရှိသူများ တခုခု လုပ်ပေးကြပါဦး)

သို့ ကိုဗစ် ထိန်းချုပ် ကုသရေး ကော်မတီမှ တာဝန်ရှိသူများခင်ဗျာ…

Taxi ယာဥ်မောင်းတွေသည် အပြင်ထွက်ခွင့်ရသော စာရင်းထဲမှာ မပါသလို မထွက်ရဆိုသော စာရင်းထဲမှာလည်း မပါပါဘူး (၂မျိုးစလုံးထဲမှာ အတိကျ ဖော်ပြမထားပါဘူး) ခုမှ မဟုတ်ပါဘူး နိုင်ငံတော်က ထောက်ပံကြေးပေးလှူရာမှာကော စားသောက်စရာ ရိက္ခာလှူတဲ့အခါမျိုးတွေမှာလည်း ဖော်ပြမခံရလို့ မရပါဘူး မရလည်း သည်းခံဖြေသာခဲ့ပါတယ် ။ ကားထွက်လို့ရနေသေးတာကိုး

ခုတော့ အခက်ခဲတွေ့နေရပါပြီ Taxiတွေကိုလည်း YBS တွေလိုပဲ မဖြစ်မနေ ထွက်ရသော အလုပ်သမားတန်းစားတစ်ရပ် ဖြစ်သည့်အတွက် ကိုဗစ်ထိန်းချုပ် ကုသရေး စည်းကမ်း စည်းမျဥ်းများနှင့်အညီ ထွက်ခွင့်ပြုကြောင်း တရားဝင်ကြေညာပေးလျှင် ပိုကောင်းပါတယ်ခင်ဗျ

ထွက်ခွင့်မပေးဘူး ဆိုလျှင်တော့ ဘယ်လောက်ကြာကြာ နားနေရမယ်မှန်း မသေချာတဲ့အချိန်မှာ အိမ်မှာနားနေရမဲ့ taxi ယာဥ်မောင်းတွေနဲ့ သူတို့မိသားစုတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ နေ့စဥ် စားသောက်ရေး ကိစ္စလေးတွေကို ဘယ်လို စီမံပေးကြရင် ကောင်းမလဲလို့ Plan တွေ ဘာတွေချပြီး ကြိုတင် စီစဥ်ပေးပြီးမှ ခုလို taxi တွေကို ပိတ်ပင်တားမြစ်သင့်တယ်လို့ အကြံပြုလိုပါတယ်

Taxiတွေသည် အခွန်ထမ်းပြည်သူတွေဖြစ်သလို သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော အလုပ်သမားတန်းစား တစ်ရပ်ဖြစ်ပါသည် နောက်တစ်ချက်မှာ Taxiယာဥ်မောင်းအများစု 93%လောက် သည် ခုလိုကာလမှာ အင်မတန်မှစီးပွားရေး ခက်ခဲကျပ်တည်းနေပါသည် ရသလောက်လေးရှာပြီး Owner ကြေး ဆီဖိုးလေးဖယ်ကာ မိသားစု အခက်ခဲလေးတွေနဲ့ဝမ်းရေးကို ဖြေရှင်းနေရပါသည်(ကားမထွက်ရလျှင်ငတ်ကုန်ပါမည်) 30%သော taxiယာဥ်မောင်းများသည် အချိန်ပိုအားလျှင် အားသလို လူမှုကယ်ဆယ်ရေး အသင်းတွေမှာ ambulanceမောင်းနှင်ပေးနေကြပြီး ကိုဗစ် ကာကွယ် ကုသရေးအတွက် အလုပ်လုပ်ပေးနေကြပါသည်။(သက်သေ အတိကျပြနိုင်ပါသည်)

Taxi ယာဥ်မောင်းများကြောင့် ကိုဗစ်ကာကွယ် ကုသရေး လုပ်ငန်းစဥ်တွေအတွက် ထိခိုက်နစ်နာစရာ အကြောင်းမရှိပါဟု ထင်မြင်မိပါသည်။ သယ်ယူပို့ဆောင်ရေးကြောင့် ထိခိုက်နိုင်သည်ဆိုလျှင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအားလုံး ရပ်နားခိုင်းပြီး သူတို့ကို နေ့စဥ် စားသောက်ရေးအတွက် ထောက်ပံ့ကူညီပေးပါ။ ခု Taxiယာဥ်မောင်းတွေများစွာ အခက်ခဲတွေ့ကြုံနေရပါသည် ဒီကိစ္စပက်သက်လို့ YRTAမှာလည်း ထိုက်သင့်သလောက် တာဝန်ရှိသည်ဟု ယူဆပါသည်။

အဘယ့်ကြောင့်ဆိုသော် YRTA လက်အောက်တွင် ရှိနေသော လုပ်ငန်းများမှာ YBS School Bus နှင့် City Taxi များဖြစ်နေသောကြောင့်ပါ YRTA မှ တာဝန်ရှိသူများမှလည်း သူတို့ဋ္ဌာနအောက်တွင်ရှိသော Taxi များအတွက် အဆင်ပြေစေဖို့ ကိုဗစ်ထိန်းချုပ် ကာကွယ် ကုသရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး အကောင်းဆုံး နည်လမ်းတစ်ခုကို (YBSများကဲ့သို့) ဖော်ဆောင်ပေးသင့်တယ်လို့ မြင်မိပါတယ်။

အများနှင့်သက်ဆိုင်သော ကိစ္စရပ် တစ်ခုခုကို လုပ်တော့မည်ဆိုလျှင် ပဋိပက္ခအနည်းဆုံးနဲ့ ထိခိုက်နစ်နာမှု အနည်းဆုံး နည်းလမ်းကိုသာ ရွေးချယ်သင့်သလို ရေရှည် ရေတိုမသေချာသော ကိစ္စရပ်များကိုလည်း အဖက်ဖက်က တွေးခေါ်စဥ်းစားပြီး ဖြစ်ပေါ်လာမဲ့ အခက်ခဲ အကျပ်တည်း အခြေနေတွေကို ကြိုတင်သုံးသပ်ပြီးကာ ဘယ်လိုဖြေရှင်းပေးကြမယ်ဆိုတဲ့ Plan B ရှိထားသင့်တယ်ဆိူတာ တာဝန်ရှိ လူကြီးမင်းများက ပိုသိကြမှာပါ

ခု Taxi ယာဥ်မောင်းတွေခမျာ ကျီးလန့်စာစားဖြစ်နေရပါတယ် မောင်းရင်ပဲ အချုပ်ထဲရောက်တော့မလိုလို မမောင်းပြန်ရင်လည်း အိမ်က မိသားစုငတ်မယ် ဘာလုပ်ရမှန်းကို သေချာ မသိဘူးဖြစ်နေပါတယ် ဟိုနေရာမှာ စစ်ဆေးရေးနဲ့အမိန့်ပုံစံက တစ်မျိုး ဒီနေရာမှာ တစ်မျိုးဖြစ်နေပါတယ်။

ဘယ်လိုဖြစ်ဖြစ်ပါ Taxi ယာဥ်မောင်းတွေကို သတ်မှတ်ထားသော ကိုဗစ် ထိန်းချုပ် ကာကွယ် ကုသရေးစည်းကမ်းတွေနဲ့အညီ နယ်မြေကျော်ဖြတ်သန်း မောင်းနှင်ခွင့်ရှိသော အလုပ်သမားတန်းစားထဲမှာ ထည့်သွင်းဖော်ပြပေးစေလိုပါတယ် ။ (QR Pass လုပ်လို့ရအောင်ကူညီပေးပါ) မဖြစ်မနေ နားရမယ်ဆိုလျှင်လည်း Taxiယာဥ်မောင်းများနှင့်သူတို့မိသားစုတွေအတွက် နေ့စဥ် စားသောက်ရေး စီစဥ်ပေးကြပါလို့ မေတ္တာရပ်ခံ တင်ပြအပ်ပါတယ် ။ အဆင်ပြေစွာဆောင်ရွက်ပေးနိူင်ကြပါစေ

Awba Ko Awba

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page