တောင်းရမ်းစားသောက်ရတဲ့ အဖိုးက ရွှေမြင်းဝန်ဘုရား ရွှေသင်္ကန်းကပ်ဖို့ အကုန်လှူဒါန်း
တောင်းရမ်းစားသောက်ရတဲ့ အဖိုးက ရွှေမြင်း၀န်ဘုရား ရွှေသင်္ကန်းကပ်ဖို့ တောင်းလို့ရတဲ့ ပိုက်ဆံ (၆) သိန်းခွဲလုံး လှူဒါန်း..
အဖိုးနာမည်က – ဦးတင်၀င်း
အသက်က – (၇၇)နှစ်
မြ၀တီမြို့ ရှေးဟောင်းသမိုင်း၀င် ရွှေမြင်း၀န်စေတီတော် ကြီးရှေ့မှာ အမြဲတမ်း တောင်းရမ်းနေတဲ့ အဖိုးဖြစ်ပါတယ်။ ယနေ့ (၉.၁၁.၂၀၂၂) ရက်နေ့မှာတော့ တောင်းရမ်းရထားတဲ့ ပိုက်ဆံ (၆) သိန်း (၅) သောင်းကို ရွှေမြင်း၀န်ဘုရားကြီး ရွှေသင်္ကန်းကပ်နဲ့ ဘက်စုံပြုပြင်ဖို့ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပေးခဲ့လိုက်ပါတယ်။
ဒီလို လှူဒါန်းပေးမှုအတွက် လှူဒါန်းရခြင်းအကြောင်းကို မြ၀တီမြို့မှ ကိုဘီ၀မ်းက အဖိုးကို အင်တာဗျူးမေးမြန်းခဲ့ရာ အဖိုးက ဒီလိုပြောပြပါတယ်။ အဖိုးက တယောက်ထဲသမားပါ။ အဖိုးက တောင်းရမ်း စားသောက်နေရင်း ရွှေမြင်း၀န်ဘုရား ပြန်လည်ပြုပြင်ပြီး ရွှေသင်္ကန်းကပ်လှူမယ်ကြားတော့ ဂေါပကအဖွဲ့ကို သိန်း (၂၀) လှူဒါန်းပေးမယ်လို့ ဂတိပေးရင်း အားရပါးရပြောခဲ့လိုက်ပါတယ်။ ဒါပေမဲ့ အဖိုး ကံဆိုးပါတယ်။ အဖိုးသူများကို ကူညီပေးထားပြီး ချေးထားတဲ့ ပိုက်ဆံတွေက ပြန်တောင်းလို့ မရတော့ပါဘူး။ အဖိုးကပြောတယ်။ သူ့ကိုလဲသူများတွေ စာနာသနားလို့ အလှူခံထည့်ကြတာတဲ့။ သူကလဲ ပရဟိတစိတ်နဲ့ ဒုက္ခ ရောက်နေတဲ့သူတွေကို ပြန်ကူညီချင်လို့ ချေးဌားပေး လိုက်တာလို့ ဆိုပါတယ်။
အဲဒါမယ့် ချေးပေးထားတဲ့ ပိုက်ဆံပြန်မရတော့ အဖိုးလဲ လှူဖို့ကတိပေးထားတဲ့အတိုင်း သူတောင်းစားဘ၀နဲ့ပဲ တောင်းရမ်းရင်း ဘုရားကို လှူပေးဖို့ ကြိုးစားခဲ့ရင်း ခုလို လှူဖြစ်တာလို့ သိရပါတယ်။ ဒီကြားထဲမှာလည်း နေ့စဥ် တောင်းရမ်းရသလောက် (၅) ရာ (၁) ထောင်၊ (၅) ထောင် (၁) သောင်းမျိုးလှူတာတွေလဲ ရှိခဲ့တယ်လို့ သိရပါတယ်။ ဘာပဲပြောပြော သူတောင်းစားဘ၀နဲ့ ဒီလို လှူပေးနိုင် တာကိုတော့ ဂုဏ်ပြု လေးစားမိပါတယ်။ သူရည်ရွယ် တဲ့အတိုင်း ထပ်လှူပေးနေဦးမယ်ထင်ပါတယ်။ သာဓု ….. သာဓု ….. သာဓု ….. ပါ အဖိုး.. (ကိုဇင်မိုး)