ထိုင်ဝမ်နယ်နိမိတ်အတွင်းသို့ တရုတ်လေယာဥ်များ ရုတ်တရက် အများအပြားဝင်ရောက်လာ

ထိုင်ဝမ်နယ်နိမိတ်အတွင်းသို့ တရုတ်လေယာဥ်များ ရုတ်တရက် အများအပြားဝင်ရောက်လာ

စက်တင်ဘာ ၉ တွင် ထိုင်ဝမ်အနောက်တောင်ပိုင်း ဝေဟင်အတွင်းသို့ တရုတ်တိုက်လေယာဉ် အများအပြား ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ဆောင်မှုသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ညွှန်းခဲ့ပါတယ်။

တရုတ်လေတပ်၏ ပုံမှန်ကင်းလှည့်ခြင်းများ အပါအဝင် ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခြင်းများအား မကျေနပ်ကြောင်းကို ထိုင်ဝမ်က အကြိမ်ကြိမ် ပြောကြားထားပါတယ်။

ထိုင်ဝမ်ကို ၎င်းပိုင်ဆိုင်သည့် နယ်နိမိတ်အဖြစ် အခိုင်အမာ ဆိုထားသော တရုတ်က အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ရန် ၎င်း၏သန္နိဋ္ဌာန်ချထားမှုကို ထုတ်ဖော်ပြသခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း တရုတ်သည် ၎င်း၏ကမ်းရိုးတန်းနှင့် ထိုင်ဝမ်အနီးဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် တိုက်လေယာဉ်များ အပါအဝင် တရုတ်တိုက်လေယာဉ် အများအပြားသည် ထိုင်ဝမ်အနောက်တောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသော တရုတ်ကွန်မြူနစ်၏ တစ်ဖက်သတ် လုပ်ရပ်များကို အပြင်းအထန် ရှုတ်ချကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးကို ထိုင်ဝမ်တပ်ဖွဲ့က လျင်လျင်မြန်မြန်နှင့် သင့်လျော်စွာ တုံ့ပြန်နိုင်စွမ်းရှိကြောင်းနှင့် ပြည်သူများအ နေဖြင့် အထိတ်တလန့်ဖြစ်စရာမလိုကြောင်း ထိုင်ဝမ်စစ်တပ်က ပြောကြားခဲ့ပါတယ်။ တရုတ်တိုက်လေယာဉ်များ ထွက်ခွာစေရန်အတွက် ထိုင်ဝမ်သည် ရေဒီယိုမှတစ်ဆင့် သတိပေးမှု ၂၄ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ထိုင်ဝမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

လတ်တလောတွင် ထိုင်ဝမ်သည် ၎င်း၏အရှေ့တောင် ကမ်းလွန်ပင်လယ်ပြင်နှင့် အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လက်နက်အစစ်များဖြင့် စမ်းသပ်ပစ်ခတ်မှုများ ဆောင်ရွက်နေပါတယ်။ ထိုင်ဝမ် အနောက်တောင်ပိုင်းသို့ တိုက်လေယာဉ်များ စေလွှတ်သည့် ကိစ္စနှင့်ပတ်သက်၍ တရုတ်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။

ထိုင်ဝမ်အနီးဝန်းကျင်နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားနေသော တင်းမာမှုကြောင့် ပဋိပက္ခများ အမှတ်မထင် ဖြစ်ပွားလာနိုင်ဖွယ်ရှိနေသည့် အန္တရာယ်မှာ မြင့်မားနေကြောင်း၊ ထင်မြင်ယူဆချက် လွဲမှားနိုင်ခြေရှိမှု အန္တရာယ်အား လျော့ပါးစေရန်အတွက် ဆက်သွယ်ရေး လမ်းကြောင်းကို ဆက်လက် ထိန်းသိမ်းထားရမည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က ပြီးခဲ့သည့်လတွင် သတိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page