ဇော်ဝင်းထွဋ် ဆွေးတမြေ့မြေ့ ပြောပြခဲ့တဲ့ ထူးအိမ်သင် အကြောင်း

– ကိုညီထွဋ်နဲ့ ကိုငှက်နဲ့ ဘယ်အချိန်မှာ စဆုံကြတာလဲ??

– ကျွန်တော်နဲ့ ငှက်ကြီးနဲ့က Oasis စတူဒီယိုမှာ စဆုံကြတာ။ ကျွန်တော်က အဲဒီတုန်းက တတိယအခွေ “ကြယ်တံခွန်” ထွက်နေပြီ။ ငှက်ကြီးကလည်း “နာရီပေါ်က မျက်ရည်စက်များ” အခွေထွက်ပြီး အဆိုတော်ဖြစ်နေပြီ။ အဲဒီတော့မှ စတွေ့ဖူးတာ။ အဲဒီတုန်းက ညဘက် ကျွန်တော်တို့ ဝိုင်းဖွဲ့စားသောက်ပြီး ပျော်နေတဲ့အချိန်ပေါ့နော်။ သူ(ကိုငှက်) ရောက်လာတဲ့အချိန်နဲ့ ကျွန်တော်တို့ ဖက်ပြီး ကကြတာ။ အဲဒီမှာ ငှက်ကြီးက “ကြယ်တံခွန် အချစ်လေးရေ” အော်ဆိုပြီးတော့ ကျွန်တော့်လက်ကို ဆွဲပြီး ကတာ။ အဲဒီညကတော့ ဘဝမှာ မှတ်မှတ်ရရပါပဲ။

– ဘယ်လောက်အကြာမှာ အတော် ရင်းရင်းနှီးနှီးဖြစ်သွားကြလဲ??

– အဲဒီတုန်းက ငှက်ကြီးလည်း Oasis မှာ အိမ်လိုပဲ နေ,နေတာကိုး။ အဲဒီအချိန်က သူလည်း နာမည်ကြီးလာတော့ Stage Show သွားရင် ကျွန်တော်တို့ တီးဝိုင်းနဲ့ ဆိုတာများတယ်လေ။ Show သွားရင် သူပါတဲ့ပွဲ များတယ်။ တစ်ခန်းတည်း အတူတူနေတဲ့အခါလည်း ရှိတယ်။ ခရီးသွားဖော်အဖြစ်နဲ့ ပိုရင်းနှီးပါတယ်။ ငှက်ကြီးက သိတဲ့အတိုင်းပဲလေ။ သီချင်းသိပ်ဆိုချင်တာမဟုတ်ဘူး။ သီချင်းရေးတဲ့သူ၊ ဖန်တီးချင်တဲ့လူ ဖြစ်ချင်တာ။ သူက ကျွန်တော့်ကို အမြဲတမ်း ပြောတဲ့စကားရှိတယ်။” ခင်ဗျား ဆိုဗျာ…။

ကျွန်တော် တစ်ခွေလုံး ရေးပေးမယ်” တဲ့။

– ကိုငှက် နဲ့ ပတ်သက်တဲ့ မမေ့နိုင်စရာ အဖြစ်အပျက်ရှိရင် ပြောပြပေးပါဦး??

– ရှိတာပေါ့။ အဓိကကတော့ မမေ့နိုင်စရာအဖြစ်က နောက်ပိုင်း မှတ်မှတ်ရရပဲ။ ငှက်ကြီးက သူ့ဘာသာသူနေချင်သလို နေတယ်။ Show ဆိုချင်လည်း ဆိုတယ်။ မဆိုချင်လည်း မဆိုဘူး။ လာငှားရင် ဆိုတဲ့ပုံစံ မဟုတ်တော့ဘူး။ လျှောက်သွားရင် သွားမယ်။ များသောအားဖြင့် မဆိုတာ များတယ်။ ကျွန်တော့်ပွဲဆိုလည်း လာတယ်။ Percussion တက်တီးရင်လည်း တီးတာပဲ။ Harmonica တက်မှုတ်ရင်လည်း မှုတ်။ ငှက်ကြီးက အဲဒီလိုမျိုး။ ငှက်ကြီးနဲ့ ကျွန်တော် မတွေ့တာကြာပြီး မြရိပ်ညိုမှာ ပြန်တွေ့တဲ့အချိန်မှာ သူတော်တော်လည်းပဲ နေမကောင်းဘူး ထင်ပါတယ်။ တော်တော်လည်း ပိန်တယ်။ ကျွန်တော်ဆိုခါနီးမှာ သူစင်ဘေးကို ရောက်လာပြီး

“ညီထွဋ် ခင်ဗျား မဆိုသေးဘူး မဟုတ်လား။ ကျွန်တော် တက်ဆိုမယ်ဗျာ” လို့ပြောတော့

“ဆိုလေ” ဆိုပြီး ကျွန်တော် သူ့ကို စင်ပေါ် တင်ပေးလိုက်တယ်။ ပရိသတ်က သူ့ကို မတွေ့တာကြာပြီကိုး။ ဇော်ဝင်းထွဋ်ကို လာကြည့်ကြတဲ့ ပရိသတ်က ထူးအိမ်သင်ကို တွေ့ရင်လည်း ပျော်မှာပဲလေ။ အဲဒီမှာ ငှက်ကြီး စင်ပေါ်တက်ဆိုတော့ မှတ်မှတ်ရရပဲ။ စာသားတွေလည်း မေ့နေလို့ စင်အောက်က ပရိသတ်တွေက လိုက်ဆိုပေးတယ်။ ငှက်ကြီးနဲ့ ကျွန်တော် နောက်ဆုံး အဲဒီစင်ပေါ်မှာ ဆုံတာပဲ။ နောက်တော့ မဆုံသလောက် ဖြစ်သွားတယ်။

တစ်ခါက ကျွန်တော် ငှက်ကြီးကို ငွေဆောင်ခေါ်သွားဖူးတယ်။ သူ တစ်ခါမှ မရောက်ဖူးဘူး။ လိုက်ခဲ့မယ်ဆိုတော့ “အိုကေ … လာ။ သွားမယ်” ဆိုပြီးတော့ သွားကြတာပါ။ ငွေဆောင်မှာ စကားတွေပြော၊ ညဘက်ရောက်ရင် အပျော်သီချင်းတွေဆို၊ ရွာထဲက ကလေးတွေ၊ ရွာသူ ရွာသားတွေပေါ့နော်။ ညဘက် အပျော်သီချင်း ဆိုပြမယ်ဆိုပြီး တီးဝိုင်းပစ္စည်းတွေ ဆင်ပြီး ဆိုကြတယ်။ အဲဒီအချိန်မှာ ငှက်ကြီးက မဆိုသေးဘူး။ အခန်းထဲမှာပဲ နေ,နေတာ။ ကျွန်တော်ကလည်း အသံစမ်းနေရင်း “ပဲရစ်စ်မြို့”သီချင်းဆိုတာ ပြီးခါနီး နောက်ဆုံးအပိုဒ်လည်း ရောက်ရော ငှက်ကြီးက သူ့အခန်းထဲက အတင်းပြေးလာတယ်။

“ဆက်တီး … မရပ်နဲ့” ဆိုပြီး ပြေးလာပြီးတော့ Harmonica မှုတ်ပြီး စင်ပေါ်တက်လာတယ်။ ရွာထဲက လူတွေကလည်း သူ့ကိုတွေ့တော့ ပိုပြီး ပျော်သွားကြတယ်။ အဲဒါနဲ့ သူ့ကို ကျွန်တော် ဆက်ပြီး ဆိုခိုင်းလိုက်တော့တယ်။ တကယ့်ကို အမှတ်တရပါပဲ။

– ကိုငှက်နဲ့ အတူဆိုဖူးတဲ့ သီချင်းရှိလား??

– “ချစ်တိုင်းလည်းမညား” သီချင်းကို ငှက်ကြီးနဲ့ ကျွန်တော် အတူဆိုဖူးတယ်။ နေရာက ကျိုက္ကဆံကွင်းထဲမှာ။ တီးဝိုင်းနှစ်ဝိုင်း တီးတာလေ။ ငှက်ကြီးနဲ့ ကျွန်တော်နဲ့ တူတဲ့အချက်က ဘယ် Music မှ ဘာမှမဟုတ်ဘူး။ ငှက်ကြီးက ရှင်းရှင်းပြောရရင် တကယ့်အစစ်အမှန်ကို လိုက်ရှာတဲ့သူဆိုတော့ ဘယ်ခေါင်းစဉ်အောက်မှာမှ သူမနေဘူးပေါ့။ သဘာဝက ရတဲ့ အသံမျိုးလေးတွေ ကြိုက်တာရယ်က ငှက်ကြီးနဲ့ ကျွန်တော် တူတာတွေပါ။ Percussion တီးတာတို့၊ တိုင်းရင်းသားတွေရဲ့ Instrument တွေကို ခင်တွယ်နှစ်သက်တာမျိုးလေးတွေပေါ့။ Harmonica အသံတွေကို သူလည်းကြိုက်တယ်။ ကျွန်တော်လည်း ကြိုက်တယ်။

– ကိုညီထွဋ် ခင်မင်တဲ့ မိတ်ဆွေတွေထဲမှာ ကိုငှက်လည်း အပါအဝင်ပေါ့??

– ဟုတ်တယ်။ ငှက်ကြီးလည်း ကျွန်တော့်ကို ခင်တယ်။ ဂီတအပေါ်မှာ သူ သစ္စာမဖောက်ဘူး။ သစ္စာရှိတယ်။ အဲဒီအတွက် ကျွန်တော် သူ့ကို ခင်တယ်။ ရည်ရွယ်ချက် တူတယ်။ ဂီတအပေါ်မှာ ထားတဲ့ သဘောထားချင်း တူတယ်။
– ကိုညီထွဋ်လည်း ကိုငှက်,ကို သတိရတဲ့အချိန်တွေ ရှိမှာပေါ့??

– ၂၀၀၅ ခုနှစ်မှာ ကျွန်တော် အခွေသစ်လုပ်တုန်းက သူ့ကို သတိရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအခွေသစ်ထဲမှာ ၆ ပုဒ်လောက်က သဘာဝက ထွက်တဲ့ ပစ္စည်းလေးတွေ အသုံးပြုမှာလေ။ ဥပမာ – အိုးလေးတွေ တီးတာတို့၊ ဝါးလုံးတွေ ခေါက်တာတို့ပေါ့။ အဲဒီတော့ သူ့ကိုပဲ သတိရတာပေါ့။ သူ့ရဲ့သဘာဝ ပစ္စည်းတစ်ချို့က Oasis မှာ ကျန်ခဲ့တယ်လေ။ လိုအပ်တာရှိရင်လည်း ယူသုံးရပါတယ်။ စိတ်ထဲကတော့ သူ့ကို ခွင့်တောင်းနေရတာပေါ့။ ငှက်ကြီးကို ကျွန်တော်တို့ အမြင်တွေ့ရဆုံးက Mr. Guitar မှာပါ။ Mr. Guitar ထဲမှာ တစ်နေ့တစ်နေ့ သူဆိုချင် ဆိုမယ်။ ကော်ဖီသောက်ချင် သောက်မယ်။ ဘဝကို ပျော်သလို နေ,နေတာကိုး။ Mr. Guitar ထဲမှာပဲ အဲဒီပုံကို နောက်ဆုံးမြင်ခဲ့တာလေ။ နောက်ပြီးတော့ ပြောစရာ တစ်ခုရှိသေးတယ်။ သူကွယ်လွန်တဲ့ညက ကျွန်တော်တို့က Show ဆိုနေရတယ်။ ပရိသတ်တော်တော်များများက သူကွယ်လွန်တာ မသိကြသေးဘူး။ ကျွန်တော်က အဲဒီညမှာ ပရိသတ်ကို ကြေညာတာပေါ့။ ပွဲတစ်ဝက်လောက်မှာ ကျွန်တော့် သူငယ်ချင်းတစ်ယောက်အတွက် ကျွန်တော် စိတ်မကောင်းဘူး။ သူ့အတွက် ဂုဏ်ပြုပြီး ကျွန်တော် သီချင်းလေးတစ်ပုဒ် ဆိုမယ်ဆိုပြီး သူ့နာမည်မပြောဘဲ “အမေ့အိမ်” သီချင်းကို ကျွန်တော် Harmonica နဲ့ မှုတ်လိုက်တယ်။ စင်အောက်က ပရိသတ်တွေက စာသားကို လိုက်ဆိုကြတယ်။ အဲဒါ ငှက်ကြီး ဆုံးတဲ့ညက ကျွန်တော် အမှတ်တရ လုပ်ခဲ့တာလေးပါ။

Music Te Te Tar Tar

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page