ကိုဗစ်အမြန်စစ်ကိရိယာ တခုလျှင် ၅ ဒေါ်လာ (၆၅၀၀ ကျပ်ခန့်) သာ ကုန်ကျ၊ အဖြေကို နာရီဝက်အတွင်းသိမည်

ကိုဗစ်အမြန်စစ်ကိရိယာ တခုလျှင် ၅ ဒေါ်လာ (၆၅၀၀ ကျပ်ခန့်) သာ ကုန်ကျ၊ အဖြေကို နာရီဝက်အတွင်းသိမည်

ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ရန်ကုန်တိုင်းရှိ ဆေးရုံကြီး ၉ ခုတွင် Covid-19 ရောဂါရှိမရှိကို အမြန်ဆုံးစစ်ဆေးနိုင်သည့် Antigen test Kit ဖြင့် စတင် စစ်ဆေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

စတင်စစ်ဆေးသောဆေးရုံကြီးများမှာ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီး၊အင်းစိန်ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ အရှေ့ပိုင်း ဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ လှိုင်သာယာဆေးရုံနှင့် သံလျင်ဆေးရုံတို့ ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။

လူဦးရေမည်မျှ စစ်ဆေးခဲ့သည်ကိုမူ စာရင်းပေါင်းနေဆဲဖြစ်သောကြောင့် လတ်တလောတွင် ပြော၍ မရသေးကြောင်းကိုလည်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ ယနေ့ည ၈ နာရီအချိန် MoHS ၏ ထုတ်ပြန်မှုအရ ၂၄ နာရီအတွင်း ကိုဗစ် စစ်ဆေးမှုပေါင်း ၅၉၆၂ ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု Antigen test Kit သည် လူတစ်ဦးစာအတွက် ငါးဒေါ်လာသာကုန်ကျကြောင်း ကူးစက်မှုရောဂါကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။

“သူရဲ့တန်ဖိုးကတော့ တစ်ခုပေါ့နော်။ တစ်ယောက်စာ အတွက်တော့ ငါးဒေါ်လာပဲ ကျပါတယ်”ဟု ဆိုသည်။ Antingen test Kit ၏ ဆေးစစ်ရမှုလဒ်မှာမူ ၁၅ မိနစ် မှ နာရီဝက်အတွင်းသိရှိနိုင်သည့်အတွက် များစွာ အကျိုးကျေးဇူးရှိသည်ဟုလည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လျှင်လျှင်မြန်မြန်အဖြေကို သိတယ်။ သိတဲ့အတွက်ကြောင့်မို့လို့ လိုအပ်တာတွေကို အမြန်ဆုံးဆက်လုပ် နိုင်သလို Positive တွေ့ရင်လည်း သူနဲ့ထိမှုစပ်တဲ့ Contact တွေကိုလည်း အမြန်ဆုံးထောက်လှမ်းနိုင်ပါတယ်။ ဒါက အများကြီး အကျိုးကျေးဇူး ရှိပါတယ်။ နောက်တစ်ချက်ကတော့ လူနာရဲ့ဘေးမှာပဲ အလွယ် တကူလုပ်နိုင်တယ်။ ဘာမှ ဓာတ်ခွဲခန်းကြီးကြီးမားမားတွေ မလိုဘူး။ သို့သော် ယူတဲ့သူအနေနဲ့ PPE ဝတ်ရမှာပေါ့နော်။ ဘာလို့လည်းဆိုတော့။ လူနာဟာ Positive ဖြစ်နိုင်တယ်လို့ ယူဆပြီး လိုအပ်တဲ့ အကာအကွယ်တော့ ဝတ်ရမှာ ဖြစ်ပါတယ်” ဟု သူမက ပြောပါတယ်။

စက်တင်ဘာ ၂၉ (ယနေ့) ညတွင် ထုတ်ပြန်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၇၉၅ ဦးထပ်မံတွေ့ရှိခဲ့ကာ တစ်ရက်အတွင်း ၂၈ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ ၁၂,၄၂၅ ဦးရှိလာပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်းသည်လည်း ၂၈၄ ဦးအထိ ရှိလာခဲ့ကာ ရန်ကုန်တိုင်းသည် ကူးစက်ခံရသူနှင့် သေဆုံးသူ အများဆုံးဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page