ကိုဗစ်တိုက်ဖျက်ရေးမှာ ဗျူဟာကျကျ လှုပ်ရှားမယ့် မြန်မာပြည်ရဲ့ တစီးထဲသော Swab ကား

ကိုဗစ်တိုက်ဖျက်ရေးမှာ ဗျူဟာကျကျ လှုပ်ရှားမယ့် မြန်မာပြည်ရဲ့ တစီးထဲသော Swab ကား

Mobile Swab Car Pro Max (MDY)

မန္တလေးရဲ့ ပထမဆုံး Mobile Swab Car ကို ၂၀၂၀၊ စက်တင်ဘာ ၂၆ရက်နေ့မှာ ကျွန်တော့် ခွေးဘီလူးကားလေးနဲ့ စတင် ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့တော့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Mobile Swab Car ကြီးနဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ။

ဒီကားကြီးကို ဆရာတော်အရှင်ဆေကိန္ဒရဲ့ မေတ္တာနဲ့ ကျွန်တော် အခု ဒီနေ့စတင်အသုံးပြုရပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့ အအေးပေးစနစ်၊ ဓာတ်ရောင်ခြည်သုံး ပိုးသတ်စနစ် နှစ်မျိုးအပြင် သန့်ရှင်းကျယ်ဝန်းတဲ့ အတွင်းခန်း အပြင်အဆင်တွေနဲ့ မြန်မာပြည်ရဲ့ အခမ်းနားဆုံး Mobile Swab car ကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးက ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ မောမောနဲ့ အလုပ်လုပ်နေရင်း စိတ်ကြည်အောင် မျက်စိပသာဒ ဖြစ်မယ့်ပုံလေးတွေကအစ ကားအတွင်းခန်းမှာ စီစဉ်ပေးထားတာမို့ ဒါဟာ ကိုဗစ်ကာလတစ်လျှောက် ကျွန်တော်ခံစားဖူးသမျှ အမြင့်ဆုံး မေတ္တာထားခံရမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

အားထည့်ပြီး အလုပ်လုပ်နေကြတဲ့ ကျွန်တော်တို့ကို အမှတ်တမဲ့မထားဘဲ၊ ဂရုတစိုက် ကာယကံမေတ္တာထားပေးတဲ့ ဆရာတော်နဲ့ အလှူရှင်များ၊ ကားကို စိတ်မှန်းနဲ့လုပ်ပြီး လှူတာမျိုးမဟုတ်ဘဲ၊ တကယ့်မြေပြင်အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်အောင် ကျွန်တော်တို့နဲ့ တိုင်ပင် ပုံစံထုတ် လုပ်ပေးခဲ့သူ၊ မြန်မာနိုင်ငံ ‘လူမှုကယ်ဆယ်ရေးအဖွဲ့’ ဥက္ကဋ္ဌ ကိုလှိုင်မင်းဦး၊ ကားပုံစံအတွက် ကျွန်တော့်ကို ယုံကြည်တာဝန်ပေးခဲ့ကြသူ မန္တလေးတိုင်းကျန်းမာရုံးမှ အကြီးအကဲ ဆရာ၊ ဆရာမများအားလုံးကို

ဒီကနေ့နဲ့ ဒီကနောက် ပိုမို အဆင်ပြေ မြန်ဆန် သက်သာစွာ ထမ်းပိုးနိုင်တော့မယ့် ကိုဗစ်လုပ်ငန်းစဉ်များအတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ ဒီနေ့ဟာ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ တစ်စီးတည်းသော Mobile Swab Car Pro Max(MDY) ပထမဆုံး ပွဲထွက်လာတဲ့နေ့ပါ။

Aungmyothu Lwin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page