ပိတ်ချင်လည်း ပီပီပြင်ပြင်ပိတ်၊ ဖွင့်ချင်လည်း ပီပီပြင်ပြင်ဖွင့် (ပြည်သူ့ရင်ထဲက အသံ)
ပိတ်ချင်လည်း ပီပီပြင်ပြင်ပိတ်၊ ဖွင့်ချင်လည်း ပီပီပြင်ပြင်ဖွင့် (ပြည်သူ့ရင်ထဲက အသံ)
ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် ပိတ်ချင်လည်း ပီပီပြင်ပြင်ပိတ်။ ဖွင့်ချင်လည်း ပီပီပြင်ပြင်ဖွင့်။ ပိတ်ရင် ကိုဗစ်ကို ထိန်းနိုင်မယ်။ စီးပွားရေး၊ ပညာရေးတွေတော့ ထိမယ်။ ဖွင့်ရင် ကိုဗစ်တော့ ထိန်းချုပ်ရခက်သွားမယ်။ စီးပွားရေး၊ ပညာရေးကဏ္ဍတော့ အလျှင်မပြတ်ဆက်သွားနိုင်မယ်။
အခုဖြစ်နေတာက ပိတ်သလိုလို ဖွင့်သလိုလို။ ကိုဗစ်ကို ထိန်းနိုင်ပြီလားဆိုတော့လည်း မထိန်းနိုင်သေးဘူး။ စီးပွားရေး၊ ပညာရေးဘက်ကြည့်ပြန်တော့ လုပ်ငန်းတွေထိခိုက်ပြီး ကျောင်းတွေတစ်နှစ်အောက်သွားတယ်။ ခုထိလည်း ထိန်းချုပ်နိုင်မယ့် အရိပ်အယောင်မမြင်ရသေးဘူး။ ကျန်းမာရေးဝန်ထမ်းတွေရော ဘယ်လောက်ထိတောင့်ခံနိုင်မလဲ။
မထိမရောက်နဲ့ stay home ကာလကြာရှည်နေတာက အကျိုးမရှိဘူး။ ဘယ်လောက်ထိ stay home နိုင်မလဲ။ ဝန်ကြီးပြောသလို ကိုဗစ်ရှိနေမယ့် နောက် ၃နှစ်၊ ၄နှစ်ထိလား။ ကာကွယ်ဆေးအကုန်ထိုးပြီးမယ့် နောက်၂နှစ်၊ ၃နှစ်ထိလား။ သင်ရော အလုပ်သွား၊ အလုပ်ပြန်ကလွဲပြီး အိမ်ထဲမှာပဲ ဘယ်လောက်ကြာအောင် အောင်းနိုင်မလဲ။
အခုတောင် stay home လာခဲ့တာ first wave ကနေဆို ၈လ ကျော်ပြီ။ တချို့ဘဝတွေက ကျွန်တော်တို့ ထင်ထားသလို မလွယ်ကူဘူး။ ၁၀ ပေ ပတ်လည်အခန်းကျဉ်းထဲမှာ မိသားစုအများကြီး ပြွတ်သိပ်နေထိုင်ကြရတယ်။ Air-con မရှိဘူး။ အင်တာနက်မရှိဘူး။ နက်ဖလစ် မရှိဘူး။ ဝင်ငွေမရှိဘူး။ ဖုပန်ဒါ မှာမစားနိုင်ဘူး။ Hotel မှာ staycation သွားမနေနိုင်ဘူး။ အပျင်းပြေ ကားနဲ့ ဟိုဟိုဒီဒီမထွက်နိုင်ဘူး။ အချိန်ကြာလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိတယ်။ လူထုရဲ့ လိုက်နာဆောင်ရွက်မှုတွေလည်း လျော့ကျလာမှာပဲ။
ဖြစ်စေချင်တာက အခုလို လျော့တိလျော့ရဲ stay home ကြဖို့ ၁၅ ရက်တစ်ခါ ပန်ကြားနေတာထက် ကိုဗစ်ကို ထိန်းချုပ်ဖို့ အချိန်တစ်ခုသတ်မှတ်။ ၂ ပတ်လား။ တစ်လလား။ အဲ့ဒီကာလအတွင်း ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ်ကိုင်တွယ်လိုက်သင့်တယ်။
ဒီအတွက်တာဝန်ရှိတာက ကျန်းမာရေးတစ်ခုတည်းမဟုတ်ဘူး။ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတွေကလည်း တက်တက်ကြွကြွဆောင်ရွက်မှရမယ်။ မဟုတ်ရင် ကြေညာချက်တွေက ခုလို စာရွက်ပေါ်မှာပဲရှိနေမယ်။ Stay home ရတဲ့လူတွေလည်း မထိမရောက်နဲ့ ဘယ်အထိ home ရမယ်မသိ အရူးလိုဖြစ်နေမှာပဲ။ လုပ်ငန်းတွေလည်း ရပ်ပစ်ရမလား၊ ဆက်လုပ်ရမလား၊ အလုပ်ပဲပြောင်းရမလား လမ်းတွေပျောက်တယ်။
ပြည်သူတစ်ယောက်အနေနဲ့ ဖြစ်ချင်တာ ရင်ဖွင့်မိတာ။ ပညာရှင်တွေကတော့ ဆွေးနွေးပြီး သူတို့မှာအဖြေရှိနေလောက်ပြီ ထင်ပါတယ်။
Kyaw Thu Hein