ကိုဗစ်ရှေ့တန်းမှာ ထိပ်ဆုံးကတိုက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ အသံ

ကိုဗစ်ရှေ့တန်းမှာ ထိပ်ဆုံးကတိုက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ အသံ (သက်ဆိုင်ရာများ ကြားနိုင်ကြပါစေ)

အသံ (၁) – ရှည်ရှည်ဝေးဝေး ထပ်ထည့် မပြောချင်တော့ဘူး ပြောဖို့လည်း အင်အားရော ယုံကြည်မှုရော မရှိတော့ဘူး…

တစ်ခုပဲ… Main working unit ဖြစ်တဲ့ ကျွန်မတို့ Physician တွေ (CS.SAS. PG) နဲ့ AS မောင် ညီမတွေ အားလုံးရဲ့ သဘောထားနဲ့ လိုအပ်ချက်တွေ လက်မှတ်ထိုးတင်ပြထားပြီးသားပါ.. (ထပ်ဖြည့်.. လိုအပ်ချက်ဆိုတာ ကျွန်မတို့အတွက် မဟုတ်ပါ.. လူနာတွေရဲ့ ဘေးကင်းလုံခြုံရေး.. ပိုမိ​ု ထိရောက်စွာ အချိ်န်ပေး ကုသနိုင်ရေး.. သေနှုန်းလျှော့ချရေး.. လူနာတွေ နေရာထိုင်ခင်း အဆင်ပြေစေရေး.. ကုပေးနေတဲ့သူတွေ ဘေးကင်းပြီး ဆက်လက် အားစိုက် ကုသနိုင်ရေး.. စသည် စသည် တို့အတွက် ဖြစ်ပါတယ်..)

ဒါကိုမှ မသိချင်ယောင်ဆက်ဆောင်ပြီး ဘာမှ ပိုကောင်းအောင် မလုပ်ပေးလျှင် ကျွန်မတို့အားလုံး စိတ်မကောင်းစွာနဲ့ ရပ်နား ထွက်ခွာကြဖို့ အားလုံးဆုံးဖြတ်ပြင်ဆင်ထားပြီဆိုတာပဲ highlight ထပ်လုပ်ချင်ပါတယ်…ထပ်ပြောပါမယ်..ကျွန်မတို့တွေက main working unit ပါ..

လိုနေတာ မဟုတ်တာတွေကို အသိဆုံး အခံရဆုံး၊ လူနာတွေ ဒုက္ခကို အသိဆုံး သူတွေက တောင်းဆိုနေတာပါ..

အသံ (၂) – ဒီနေ့ သတင်းဖတ်လိုက်ရရင်တော့ ဟိုနေရာမှာ အဆောင်သစ်၊ အားရကျေနပ်ဖွယ်ကောင်း။ ဒီနေရာက ဆေးရုံသစ် ကျေနပ်ဖွယ်ရာရှိ။ နိုင်ငံတကာ အဆင့်မီ COVID ဆေးရုံကြီး ဘာညာ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြောပြောနေတာ။ ရှင်းရှင်းပဲပြောမယ်။

အဆောက်အအုံ Infrastructure ကို ပျံလန်နေအောင် နိုင်ငံတကာ အဆင့်ကိုတောင် ကျော်ပြီး မိုးပျံနေအောင်ကောင်းလဲ ဆရာဝန်အင်အား မလောက်ငှနေတာကို မဖြေရှင်း မချင်း အဲ့နေရာက “ သုသာန်တစပြင်”ပဲ။

YGH ရဲ့ လူနာ ဆရာဝန် အင်အားမမျှမှု၊ မနိုင်ဝန်ထမ်းနေရခြင်း၊ Non Medical person လုပ်နိုင်သည့်အလုပ်တောင် medical SAS က ပါဝင်လုပ်ခိုင်းစေခြင်း၊ Right place.. Right person ဖြစ်မနေပဲ အဆမတန်တာဝန်ယူခိုင်း၍ ဖြစ်သမျှသော ပြသနာအဝဝကို blame လုပ်ကြခြင်း။ ဒီလိုမျိုးတွေသာ ဆက်ဖြစ်နေသ၍တော့ စိတ်ချပါ။ ဒီ System ဧကန်မုချ မကြာမီ ကျရှုံးသွားပါတော့မည်။

ကျမတို့ လူနာတွေရဲ့ ကုသရေးအပိုင်းကိုသာ အင်တိုက်အားတိုက် အာရုံစိုက်ကုလိုပါသည်။ Right person Right place မဟုတ်နေသ၍တော့ ကျမတို့လဲ လူထဲက လူတွေပဲမို့ အားလုံးမှာ limit ရှိတယ်။ ကျမတို့ရဲ့ အခက်အခဲ၊ ရင်ဆိုင်နေရသော ပြသနာများကို အထက်သို့ တင်ပြထားပြီးဖြစ်ပါသည်။ အချိန်အတိုင်းအတာတစ်ခုထိမှ ပြောင်းလဲမှုမရှိခဲ့လျှင်လည်း ကျမတို့တော့ မစွမ်းသာတော့ပါ လို့ ပြော၍ ထားခဲ့ရုံမှ တပါးမရှိတော့ပါ။

” အဓိက နဲ့ သာမည ခွဲခြားတတ်စေလို ”
Dr Aung Thu(PG3,Internal Medicine)

အသံ (၃) – သတင်း တစ်ခု ဖတ်လိုက်ရတယ် .. ဘာတဲ့ နိုင်ငံတကာ အဆင့်မှီ Inya Centre ဆိုလားပဲ !

အဲ့တာလေး မြင်တော့ “ .. ဟိုးအရင်က ပြည်တွင်းမှာ ပိုလျှံနေပါသဖြင့် ထိုင်းနိုင်ငံသို့ လျှစ်စစ်ဓာတ်အားများရောင်းချ “ ဆိုတဲ့ သတင်းလေး ပြန်မြင်ယောင်မိတယ်.. သတင်းစာကိုင်ပြီး ဓာတ်လိုက်ရတဲ့ ခေတ် ကုန်ခဲ့ပြီထင်နေတာ ..
တက်တက်စင်အောင်လွဲလေရော့သလား ?

သာမန်ဖျားနာ လူနာ , တော်တော်များများ ဘာလက္ခဏမှ မရှိတဲ့ လူနာတွေကို အဲ့လောက်ကောင်းအောင် ထားနိုင်သေးရင် ထားနိုင်တဲ့ အင်အားရှိနေရင် ..

ဒီဘက်က ပြင်းထန်လူနာတွေထားတဲ့ ရန်ကုန်ဆေးရုံကြီးကိုရော အဲ့လို နိုင်ငံတကာ အဆင့်မမှီစေချင်ဘူးလား ? ၄၀ လောက် အများဆုံးထားလို့ရတဲ့ ဖျားနာစောင့်ကြည့် ဆိုတဲ့ နေရာအထဲမှာ ပြွတ်သိပ်ပြီး ၁၀၀ လောက်ထဲ့ထားတာရော .. မတိုးချဲ့ချင်ဘူးလား ?

အဲ့ ဖျားနာစောင့်ကြည့်ထဲဝင်ဖို့ ပြန်ထွက်ရင် PPE ချွတ်ဖို့ ​နေရာလေး တစ်ခု လောက်ကော အဆင့်မမှီချင်ဘူးလား ? ( ဖြစ်သလိုထား ဗွက်ပါထနေလိုက်သေးတယ် ..) ကူးစက်မြန်အသက်ရှုလမ်းကြောင်းကို ထိခိုက်ပြီး သေဆုံး ရတဲ့ ဒီရောဂါ အတွက် .. နိုင်ငံတကာ အဆင့်မှီ Oxygen ပိုက်လိုင်းတွေက .. တွန်းထိုးဖြည့်နေရတဲ့ Oxygen အိုးကြီးတွေ အစားနေရာ မယူစေချင်ဘူးလား ?

တရိပ်ရိပ်တက်နေတဲ့ ကွယ်လွန်နှုန်းတွေက စိုးရိမ်စရာ မကောင်းသေးလို့ အဓိက နဲ့ သာမည ကို မခွဲနိုင်သေးတာလား ? YGH ရဲ့ ဘယ်ward မှာမှ ကုတင်တိုင်း Oxygen မရှိဘူး .. တစ်ward လုံး မပြောနဲ့ အယောက် ၂၀ စာတောင် Syringe pump မရှိဘူး.. Positive လူနာတွေကြည့်နေရတဲ့ Mask က N95 လို့သာဆိုတယ်.. အစစ်က ခပ်ရှားရှား

ပစ္စည်းမပေးနိုင်လို့ .. မလုံလောက်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကျတော့လဲ တန်ဖိုးထားလား ဆိုတော့လဲ .. နေစရာ လူတိုင်းမရ .. တစ်ခုခု ဖြစ်လာရင် ဘာမှ အာမခံချက်မရှိ .. (ပြည်သူလို့ ယူဆထားပုံမရ – စစ်တုရင် ကစားကွက်ထဲက နယ်ရုပ်တွေပမာ) လူ ပစ္စည်း ဘာမှ မလုံလောက်တဲ့ကြားထဲ .. အဆုံးက အဲ့လို မလုံလောက်တာကို လက်မခံပဲ မိုးလား ကဲလား ဆွဲထားတဲ့ Mx plan တွေကြားထဲ အကုန် ခြေကုန်လက်ပန်းကြနေကြတာပဲ !

ဆရာမတွေက လူနာစာရင်းတိုက်ပြီး လူနာ ရှာနေတယ် .. MBBS တွေက ဆေးထိုးနေတယ်.. MedSc တွေက စာရေးစာချီ လုပ်နေကြတယ် .. ဘယ်လိုပဲ ဖြစ်ဖြစ် .. သေချာအားကြိုးမာန်တက်လုပ်နေကြတာပါ .. ဆရာဝန်ပဲ ဆေးကုရမယ် .. အထူးသဖြင့် ဒီလို တိုင်းပြည် ရောဂါ ကပ်ဆိုက်နေချိန်မှာ .. ရှေ့ဆုံးက အလုပ်လုပ်ရမယ်ဆိုတာ သိကြပါတယ်.. အားလုံးလဲ လုပ်နေကြတာပါပဲ .. ဒါပေမယ့် ၂ ရက်တစ်ခါလောက် တက်တက်လာတဲ့ အဲ့ဒီ သတင်းထောက်တွေ့ဆုံပွဲတွေက ရင်ဝ ဆောင့်ကန်ခံရသလို စိတ်ပျက်စေတယ်..

ဘယ်လိုမှ လူကြီးတွေ ကြိုးစားနေကြပါတယ် .. ပြင်ဆင်နေကြပါတယ် .. လက်ခံပေးလို့မရ .. ဆောက်လိုက်တဲ့ Centre တွေ .. ဆေးရုံတွေကြတော့ .. အဖြစ်သဘော သာသာ ပဲရှိတော့တယ် .. လူနာ နဲ့ ဆရာဝန် ၊ ပစ္စည်း ၊ နေရာ မမျှတော့ရင် ဆေးရုံက ဇရပ်ပဲ .. တစ်ကယ့်ကို ဇရပ်သာသာပဲ ရှိတော့တယ် ..ခက်ခဲနေတာကို သိပါတယ်.. အင်မတန်ခေါင်းခဲနေရမယ်ဆိုတာလဲ နားလည်တယ် .. ဒါပေမယ့် ဒီအချိန်မှာ ..

ခေါင်းဆောင်တွေဟာ .. အမျှော်အမြင် ကြီးရမယ် ကိုယ်ချင်းစာ စိတ် ပြည့်ဝရမယ် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်ရမယ် လူအင်အား မတိုးနိုင်ရင် တစ်ကယ်လိုအပ်တဲ့ နေရာမှာ ပစ္စည်းအင်အားတိုးပေးရမယ် စီမံကိန်းတွေမှာ တစ်ကယ် လက်တွေ့ကျဖို့ လိုတယ်

အဓိက နဲ့ သာမည ခွဲခြားတတ်စေချင်တယ် ..တစ်ကယ်ကုမှာလား ? လူမြင်ကောင်းအောင်ကုမှာလား ဆိုတာ ….

​ရန်ကုန်ကို Outbreak ဖြစ်နေပြီလို့ ယူဆ၊ လူအင်အား ပစ္စည်းအင်အားမမျှတာ လက်ခံ၊ မြေပြင်က လူတွေ စိတ်ကျေနပ်ရုံ တွေ့ဆုံတာတွေ မဟုတ်ပဲ တကယ်သဘောတူလိုက်လျောပြီး ဆွဲတဲ့ အလုပ်ဖြစ်မယ့် Management Plan အသစ်တစ်ခုလိုနေပြီ

ဒီ Containment Strategy ဆိုတာကြီးကို အတင်းလုပ်ရင်း ပြင်းထန်လူနာတွေဟာ မျှတတဲ့ ကုသမှုမရပဲ သေနှုန်းက တရိပ်ရိပ် မှသည် အဆမတန်သို့ ကူးပြောင်းတော့မယ် ဆိုတာ သတိထားမိရင်ကောင်းမှာပဲ !

ချစ်လို့ကောင်းစေချင်လို့ ပြောတာ လက်ခံလိုက်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page