ရန်ကုန်မြို့က မြွေတို့ရဲ့ အရှင်သခင် (သို့) မြွေဖမ်းဆရာကြီး ကိုတိုးအောင်

ရန်ကုန်မြို့က မြွေတို့ရဲ့ အရှင်သခင် (သို့) မြွေဖမ်းဆရာကြီး ကိုတိုးအောင်

သမိုင်းမီးသတ်ရုံးနားက အိမ်တစ်အိမ်၏ အဲကွန်းအတွင်းခွေနေသော မြွေစိမ်းမြီးခြောက်တစ်ကောင်၏ ပေါက်ခြင်းကိုခံရစဉ်က လာမည့်နှစ်များတွင် သူ့အနေဖြင့် ပရောဖက်ရှင်နယ် မြွေဖမ်းသမားကြီးဖြစ်လာတော့မည်မှန်း ကိုတိုးအောင် လုံးဝမတွေးထင်မိခဲ့ပါ။

မီးသတ်ရုံးတွင် တာဝန်ထမ်းဆောင်နေစဉ် မြွေတွေ့သဖြင့် ရုံးသို့အကူအညီတောင်းခံလာသဖြင့် ကိုတိုးအောင်က လိုက်ပါသွားကာ မြွေစိမ်းမြီးခြောက်နှစ်ကောင်ကို ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ပြီး မြွေစဖမ်းဖမ်းခြင်းမှာပင် သူဆောင်းထားသည့် ဦးထုပ်ကို မြွေပေါက်ခံခဲ့ရသည်။

“ပါလာတဲ့လူတစ်ယောက်က ‘ဟာ အကို့ခေါင်းကို မြွေပေါက်နေပြီ’ ဆိုတော့ မော့ကြည့်လိုက်တာ၊ မြွေတစ်ကောင်က ကျွန်တော့ခေါင်းကို တစ်ဖောက်ဖောက်နဲ့ တကယ်ပေါက်နေတာ၊ လန့်သွားတယ်” ဟု အသက် (၃၆)နှစ်ရှိပြီဖြစ်သည့် ကိုတိုးအောင်က အိမ်ရှိပလတ်စတစ်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း လွန်ခဲ့သည့် ငါးနှစ်က မြွေစဖမ်းခဲ့ရသည့် အတွေ့အကြုံကိုပြောပြသည်။

ယခုတော့ ဦးတိုးအောင်မှာ မြွေဆရာဗိုက်ကြီးဟု အများကခေါ်ခြင်းကိုခံရသော သူတစ်ယောက် ဖြစ်နေပြီ။ စူနေသည့် သူ့ဗိုက်နှင့် မြွေဖမ်းပေးသည့်သူ့ကို အမြဲတွဲမြင်ရလေ့ရှိသောကြောင့် သူ့ကို အများစုက ချစ်စနိုးဖြင့် ခေါ်ကြခြင်းဖြစ်သည်။ သမိုင်းမီးသတ်ရုံးနောက်က အိမ်ထဲရှိ ပလတ်စတစ်ခုံပေါ်တွင်ထိုင်ပြီး စကားပြောနေသော ဦးတိုးအောင်မှာ အစိုးရထံမှ အသိအမှတ်ပြုမှု တစ်စုံတစ်ရာမရသေးသော်လည်း ထိုသို့အခေါ်ခံရသည့်အတွက် ဂုဏ်ယူဟန်အပြည့်ဖြင့် ပြုံးရွှင်နေသည်။

လူတွေကို ကယ်ဆယ်ရန်နှင့် ၎င်းတို့၏ အပူကိုငြှိမ်းသတ်ချင်လွန်းသဖြင့် လွန်ခဲ့သော ၁၄ နှစ်ခန့်မှစ၍ မီးသတ်သမားဘဝကို ကိုတိုးအောင် စတင်ခံယူခဲ့သည်။ မီးသတ်သမားတစ်ဦးဖြစ်သည့် ကိုတိုးအောင်က ကဏ္ဍများစွာအနက် ကယ်ဆယ်ရေးကို ပိုပြီးစိတ်ဝင်စားသောသူဖြစ်သည်။ ထို့ကြောင့်လည်း လက်ရှိတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့၏ ကြီးကြပ်နည်းပြရာထူးကို ရထားခြင်းဖြစ်သည်။

ကယ်ဆယ်ရေးကို စိတ်ဝင်စားသော ဦးတိုးအောင်သည် ထိုမြွေစိမ်းမြီးခြောက်နှစ်ကောင်ကို ကယ်ဆယ်ပြီးနောက်ပိုင်းတွင် မြွေအမျိုးမျိုးကို ဆက်၍ဖမ်းဆီးကယ်ဆယ်ရလေတော့သည်။ လူအများက မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းရုံတင်မက ကယ်ဆယ်ရေးလုပ်ငန်းများပါ လုပ်ပေးနေသည်ကို သိလာကြသဖြင့် မကြာခဏအကူအညီတောင်းလာသောကြောင့်ဖြစ်သည်။

ဦးတိုးအောင်သည် လွန်ခဲ့သည့် ငါးနှစ်အတွင်း စပါးအုံး၊ မြွေစိမ်းမြီးခြောက်၊ မြွေဟောက်၊ မြွေပွေး၊ လင်းမြွေ၊ ငန်းစောင်း၊ သံကွင်းစွပ်အပါအဝင် မြွေအကောင် သုံးရာကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ တိုက်နှစ်လုံးကြားတွင်ညှပ်နေသည့် ကြောင်၊ ရေတွင်းထဲကျသွားသည့် ခွေးများကိုလည်း ကယ်ဆယ်ခဲ့ဖူးသည်။

အရှည် ၁၅ ပေ၊ လုံးပတ် ၁ ပေခန့်ရှိပြီး ပါးစပ်ဟလိုက်လျှင် လက်တစ်ထွာမက ကျယ်သည့် စပါးအုံးမြွေသည် ကိုတိုးအောင် ဖမ်းခဲ့သမျှမြွေထဲတွင် အကြီးဆုံးနှင့် အခက်ခဲဆုံးဖြစ်သည်။ ထိုမြွေဖမ်းပွဲတွင် မြွေဖမ်းရင်း လည်ပင်းနှင့် ခန္ဓာကိုယ်ကို မြွေညှစ်ခြင်းခံခဲ့ရပြီး မြွေကို လုံးထွေးပြီးဖမ်းခဲ့ရခြင်းဖြစ်သည်။

မရမ်းကုန်း ၈ ရပ်ကွက်၊ သာသနာ့တက္ကသိုလ်လမ်းထဲ၊ ညကြီးသန်းခေါင်ကျော် တောကြီးမြွေဟောက်ဖမ်းစဉ်ကလည်း ကီးပတ်ဖုန်းတစ်လုံး ခံနေ၍သာ ကိုတိုးအောင်၏ ပေါင်သားထဲ မြွေစွယ်မဝင်ခဲ့ခြင်းဖြစ်သည်။ မြွေဟောက်အစွယ်ချက်မိသွားသည့် ကီးပတ်ဖုန်းလေး၏ မှန်သားကတော့ ကွဲသွားသည်။ ကိုတိုးအောင်သည် ထိုဖုန်းလေးပျက်စီးသွားသော်လည်း မည့်သည့်အခါမှလွှင့်မပစ်။ မြွေဖမ်းခြင်း၏ အမှတ်တရတစ်ခုအဖြစ် သိမ်းထားသည်။

“အဲ့တုန်းက ဖုန်းကယ်လို့ ခံသာသွားတယ်ပြောရမှာပေါ့၊ လူထိမယ်ဆိုရင် တော်တော်အန္တရာယ်များသွားမှာ” ဟု သူက မှန်သားပြင်ကွဲအက်နေသော ခလုတ်ဖုန်းသေးသေးလေးကို ထောင်ပြရင်းဆိုသည်။ ခလုတ်ဖုန်းလေး၏ မှန်သားပြင်ပေါ်က မြွှေပေါက်ခံရသောနေရာတွင် အပေါက်တစ်ခုဖြစ်နေသည်။

မြွေကိုက်ခံရလျှင် ဖြစ်လာနိုင်သည့် အန္တရာယ်အတွက်ကိုတော့ သူက ကြိုတင်ပြင်ဆင်ပြီးသားဖြစ်သည်။ မြွေဆရာများထံသွားပြီး လက်ကောက်ဝတ်၊ ခြေခုံ၊ လျှာ၊ လက်ချောင်းကြား၊ လည်ကုတ်တို့တွင် ရိုးရာနည်းအရ မြွေဆိပ်ကာကွယ်ဆေးများ ပေါက်ထားသည်။ မြွေခြေရာကောက်ခြင်း၊ မြွေအမူအကျင့်များကိုလည်း သူ့အား မြွေဆေးပေါက်ပေးသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က မြွေဆရာ ဆရာဦးစိန်တင်ထံတွင် လေ့လာဆည်းပူးထားသည်။

မြွေဆိပ်ပေါက်ထားသော်လည်း ‘မမှားသောရှေ့နေ၊ မသေသောဆေးသမား’ ဆိုသည့် စကားပုံကိုတော့ ကိုတိုးအောင်က လက်ခံပါသည်။ လက်ရှိအချိန်ထိ အဆိပ်မရှိသည့် စပါးအုံးမြွေအကိုက်ခံရခြင်းမှလွဲလျှင် အခြားဒဏ်ရာ ကြီးကြီးမားမားမရခဲ့သော်လည်း အမြဲသတိထားသည်။

“မြွေအလမ္ပာယ်ဆရာက မြွေနဲ့ သေတာမျိုးရှိတယ်လေ၊ မြွေတွေက ကိုယ့်အသက်ကို ခြွေနိုင်တဲ့အခါကျတော့ မြွေနဲ့ပတ်သက်ရင် အမြဲတမ်းသတိကြီးကြီးထားတယ်” ဟု ကိုတိုးအောင်က ဆိုသည်။ ဇနီးသည်ဖြစ်သူကလည်း ယောကျ်ားဖြစ်သူ မီးငြှိမ်းသွားလျှင် အိမ်မှာနေ၍ ဘုရားသောက်တော်ရေများ အသစ်လဲပေးသည်။ မြွေဖမ်းသွားလျှင် ဘုရားစင်ရှေ့ထိုင်ပြီး ပရိတ်ကြီး (၁၁) သုတ်၊ ပဌာန်းများရွတ်ပေးပြီး ပါရမီဖြည့်ပေးသည်။

“သူက ဒီအပေါ်မှာ ဝါသနာပါတာကို တားလို့မှမရတာ၊ အဲ့တော့ ကိုယ်လုပ်နိုင်သလောက်ပဲ နောက်ကနေ ပံ့ပိုးအားပေးရတာပေါ့၊ အမြဲတမ်းတော့ စိုးရိမ်နေရတယ်” ဟု ကိုတိုးအောင်၏ ဇနီးသည် မဝင်းစန္ဒာက ဆိုသည်။ ကိုတိုးအောင်နှင့် မဝင်းစန္ဒာတွင် ရှစ်နှစ်အရွယ် သားငယ်တစ်ယောက်ရှိပြီး သားငယ်ကလည်း ဖခင်ဖြစ်သူ၏ ခြေရာနင်းမည် တစ်ကဲကဲလုပ်နေသည်။

မရမ်းကုန်းမှာ သူ၏ မြွေဖမ်းကွင်းဖြစ်သည်။ မြွေဖမ်းသည့်နေရာရောက်လျှင် ကိုတိုးအောင်က အရင်ဆုံးမြွေနှင့် မလှမ်းမကမ်းတွင်ထိုင်ပြီး မြွေကို မေတ္တာပို့သည်။ အန္တရာယ်ကင်းဂါထာများရွတ်သည်။ ပြီးမှ မြွေဖမ်းသည့် လုပ်ငန်းစသည်။ သူအသုံးပြုသည့်ပစ္စည်းမှာ တစ်ခုတည်းသာဖြစ်သည်။ မြွေဖမ်းရာတွင်အသုံးပြုသည့် စတီးဂေါက်တံတစ်ချောင်းမျှသာဖြစ်သည်။

“မင်းကို ငါသတ်မှာမဟုတ်ဘူး၊ မင်းကို ငါ အန္တရာယ်ကင်းအောင်လုပ်ပေးမှာ” ဟူ၍ နှစ်ကိုယ်ကြားပြောပြီးမှ မြွေကို သူက ကိုင်တွယ်သည်။ မြွေသည် တစ်ခြားအချိန်တွင် မည်မျှပင်ဆိုးဆိုး ကိုတိုးအောင်နှင့်တွေ့လျှင် ငြိမ်သွားသည်သာများသည်။ မြွေတစ်ကောင်ကို ဖမ်းမည်ဆိုလျှင် ပျမ်းမျှ ၁၅ မိနစ်သာ ၎င်းကအချိန်ယူသည်။ မြေကြီးအက်ကွဲကြောင်းထဲတိုးဝင်သည့်မြွေ၊ ထုတ်တန်းတွင်ပတ်ခွေနေသည့် မြွေများကို၊ ခဲရာခဲဆစ်ဖမ်းရလျှင်တော့ နာရီနှင့်ချီကြာတတ်သည်။

ကိုတိုးအောင်သည် မီးလောင်မှု သောင်းဂဏန်းကျော်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်သော်လည်း မြွေဖမ်းရခြင်းက သူ့အတွက် ပို၍စိတ်ဖိအားဖြစ်စေသည်ဟု ဆိုသည်။ သူ့အတွက် မြွေဖမ်းရခြင်းက မီးသတ်ရခြင်းနှင့်ကွာသည်။ နှစ်ကိုယ်ကြားကိစ္စ ဖြစ်သည့်အတွက် ပို၍အာရုံစိုက်ရသည်။ အန္တရာယ်ကလည်း ကိုယ်နှင့်ထိပ်တိုက်ဖြစ်သည်။

“မြွေဖမ်းရတာက ကျွန်တော့်အတွက် ပိုပြီးစိတ်ဖိစီးတယ်၊ မီးလောင်တဲ့နေရာဆိုရင် မျက်လုံးအများကြီးရှိတယ်၊ မြွေဖမ်းတဲ့နေရာမှာတော့ ကိုယ့်မျက်လုံးတစ်စုံပဲရှိတယ်၊ ကိုယ်အသုံးမကျရင် ကိုယ်ပဲ သေသွားမှာလေ” ဟု ကိုတိုးအောင်က နှိုင်းယှဉ်ပြသည်။

ယခုလများတွင်တော့ ကိုတိုးအောင် မြွေအဖမ်းရစိပ်လာသည်။ ၂၀၂၀ သည် ကိုတိုးအောင်အတွက် မြွေဖမ်းရအများဆုံးနှစ်ဟုလည်း ပြောလို့ရသည်။ ၂၀၂၀ အတွင်းတွင်မှ အောက်တိုဘာနှင့် နိုဝင်ဘာလများက မြွေဖမ်းရအများဆုံးလများ ဖြစ်နေသည်။ ထိုနှစ်လတွင် ကိုတိုးအောင် မြွေအရွယ်စုံ ၁၅ ကောင်လောက် ဖမ်းလိုက်ရသည်။

ရန်ကုန်မြို့တွင် မြွေဖမ်းရမှု ခပ်စိပ်စိပ်များလာခြင်းနှင့်အတူ လူတွေကလည်း ထင်ကြေးအမျိုးမျိုးပေးကြသည်။ မြွေဖမ်းသမားကြီး ကိုတိုးအောင်ကတော့ သဘာဝဘေးအန္တရာယ်များကြောင့်များလားဟု တွေးတောနေသည်။ ကိုတိုးအောင် တတ်သလောက်မှတ်သလောက် ငလျင်ကြီးများမလှုပ်ခင် တွင်းအောင်းသတ္တဝါများထွက်လာလေ့ရှိသည်ဟုဆိုကြရာ ငလျင်ကြောင့်များလားဟု ကိုတိုးအောင်က စိုးရိမ်နေသည်။

“မြေအောင်းသတ္တဝါတွေ ထွက်လာကြတယ်ဆိုတော့ ငလျင်သဘာဝဘေးတစ်ခုခုများကြောင့်ပဲ ထွက်လာလေသလား၊ စိုးရိမ်စရာပေါ့” ဟု ၎င်းကဆိုသည်။ ယခင်က မရမ်းကုန်းမြို့နယ်သည် တောထူသည့် အရပ်ဒေသတစ်ခုဖြစ်သည်။ မရမ်းကုန်း ဆယ်ရပ်ကွက်နားတွင် အင်းလျားကန်ရှိသည်။ အင်းလျားကန်တစ်ဝိုက်သည်လည်း အမြဲစိမ်းစိုနေသည့် အရပ်ဖြစ်သည်။ ကျောက်တော်ကြီးဘုရား ဝန်းကျင်တစ်ဝိုက်ကလည်း တောထူသည့်နေရာဖြစ်ရာ ထိုနေရာများက ထွက်လာကြသလား ကိုတိုးအောင် စဉ်းစားသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့် ဦးမျိုးသန့်ကတော့ တွင်းအောင်းသတ္တဝါမျိုးစုံရှိရာ မြွေတစ်မျိုးတည်း အပြင်ထွက်နေခြင်းကြောင့် မြေငလျင်၏ရှေ့ပြေးနိမိတ်ဟုဆိုရန် ခဲယဉ်းကြောင်း ထောက်ပြသည်။ “ပြောဖို့တော့ အရမ်းခက်တယ်၊ မြွေတစ်မျိုးတည်း ထွက်နေတာဆိုတော့ ဒါက ငလျင်လားဆိုတာကို အတည်ပြုဖို့ ရာခိုင်နှုန်းအားဖြင့် အရမ်းအလှမ်းဝေးပါတယ်” ဟု ဦးမျိုးသန့်က ဆိုသည်။

ကိုတိုးအောင်တို့က ဖမ်းမိသမျှမြွေအများစုကို မင်္ဂလာဒုံ ဝါယာလက်ဈေးနားက စိတ္တသုခတပ်ဦးကျောင်းကို သွားပို့ကြသည်။ တစ်ချို့မြွေများကိုတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မြွေထိန်းသိမ်းရေးလုပ်နေသည့် ဆရာဦးစိန်တင်ထံသို့ သွားပို့သည်။ လှော်ကားဥယျာဉ်ကို သွားလွှတ်သည့်အခါလည်း လွှတ်သည်။

ရေသန့်စက်ရုံထောင်သောသူသည် သူ့ကိုယ်သူ ရေနှင့်အကျိုးပေးသည်ဟု ယူဆသကဲ့သို့ ကိုတိုးအောင်သည်လည်း သူ့ကိုယ်သူ မြွေနှင့်အကျိုးပေးသည်ဟု ယူဆထားသည်။ မြွေနှင့်အကျိုးပေးသည်ဆိုရာတွင် ငွေရသည့်အတွက် အကျိုးပေးသည်ဟုဆိုခြင်းမဟုတ်ပဲ ဂုဏ်တစ်ခုရသည့်အတွက် အကျိုးပေးခြင်းမျိုးဖြစ်သည်။

“မြွေက ကျွန်တော်နဲ့အကျိုးပေးတယ်လို့ ပြောရမယ်၊ ကျွန်တော်နဲ့ပဲကြုံနေရတာလေ။ ရှေ့ဆက်ပြီးတော့လည်း မြွေတွေနဲ့ နှစ်ပါးသွားနေရဦးမှာပါ၊ ကျွန်တော်နဲ့ မြွေတွေကြားမှာ ရှေးရေစက်တွေရှိကြတယ်လို့ ပြောရမယ်ထင်တယ်” ဟု ကိုတိုးအောင် တွေးဆဆဖြင့် ဆိုလေသည်။

ဖိုးဝ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page