မြန်မာပြည်ကလွဲလို့ ကမ္ဘာ့ဘယ်နိုင်ငံမှာမှ မရှိတဲ့ အရာတခု (နိုင်ငံခြားသူ တယောက်ရေးတဲ့စာ)

ခရီးသွားဘလော့တစ်ခုမှာ မြန်မာပြည်အကြောင်းရေးထားတဲ့ ပို့စ်လေးတစ်ခု ဖတ်ခဲ့ဖူးတယ်။ တရုတ်မလေး တစ်ယောက်ရေးထားတာပါ။

၁၉၉၉ ခုနှစ် သူဆယ်နှစ်အရွယ်တုန်းက ယူနန်ပြည်က ရှမ်းလူမျိုးတွေနေထိုင်တဲ့ ဆစ်ဆောင်ပန်းနားကိုရောက်ခဲ့တယ်။ အဲဒီမှာ မြန်မာဂိုက်တစ်ယောက်နောက်လိုက်ပြီး မူဆယ်ဘက်ကို သူအလည်ရောက်ခဲ့တယ်။ အဲဒီကမှ မြန်မာပြည်ကို သူစိတ်ဝင်စားသွားတယ်။

၁၅ နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ မြန်မာပြည်ကို သူရောက်လာခဲ့တယ်။ ဒါဟာ သူ့ရဲ့ ၁၆ နိုင်ငံမြောက်ခရီးစဉ်ဖြစ်တယ်။ မြန်မာပြည်ဟာ စေတီပုထိုးတွေပေါများကြောင်း၊ သဘာဝတရားတွေနဲ့ ပြည့်နှက်နေကြောင်းတွေ သူအများကြီးရေးထားတယ်။

သူရေးထားတာထဲက ကျွန်မသဘောကျမိတာက သူ့ပို့စ်ကို သူပေးထားတဲ့ခေါင်းစဉ်ပါ။ “မြန်မာပြည်ကို သွားမလည်သေးရင် သိပ်နောက်ကျသွားလိမ့်မယ်” တဲ့.. ။ ဖွံ့ဖြိုးစတိုင်းပြည်မို့ မြန်မာပြည်ဟာ သဘာဝတရားတွေနဲ့ သူ့နဂိုပုံစံအတိုင်း လှနေသေးတယ်။ တကယ်လို့ သွားလည်တာနောက်ကျရင် သဘာဝတရားတွေဖျက်ဆီးခံရပြီး သူ့နဂိုပုံစံကို မြင်ရတော့မှာမဟုတ်ဘူးတဲ့။

နောက်တစ်ခု သူရေးထားတာက “မြန်မာပြည်ကလူတွေဟာ ဆင်းရဲပေမယ့် သဒ္ဓါတရားထက်သန်ကြတယ်၊ ဆင်းရဲပေမယ့် သူတို့ရဲ့ မျက်နှာပေါ်မှာ ငြိမ်းချမ်းခြင်းနဲ့အပြုံးကို တွေ့ရတယ်။ ဖော်ရွေတယ်၊ အပြုံးတွေက တောက်ပတယ်၊ ရင်ကိုနွေးစေတယ်။

တကယ်လို့ ဘယ်လိုပြုံးရမယ်ဆိုတာကို သင်မေ့နေရင် မြန်မာပြည်ကိုတစ်ခေါက် သွားလိုက်ပါ။ အပြုံးတွေအများကြီး သင်ရချင်ရင်လည်း မြန်မာပြည်ကိုသွားလိုက်ပါ။ မြန်မာပြည်ကလူတွေက ဘယ်လိုပြုံးရမယ်ဆိုတာကို နားလည်တယ်။ ဒါဟာ ရင်ထဲကလာတဲ့အပြုံး၊ တုံ့ပြန်မှုမလိုတဲ့အပြုံး၊ သင့်ကိုကျေနပ်စေမယ့်အပြုံး၊ ရင်ထဲက ပျောက်ဆုံးနေတဲ့အလှကို သင်ပြန်ရှာတွေ့စေမယ့် အပြုံးဖြစ်တယ်”… တဲ့။

နိုင်ငံတော်တော်များများသွားဖူးတဲ့ တကယ့်ပရော်ဖက်ရှင်နယ်ခရီးသွားတွေဟာ နိုင်ငံတစ်နိုင်ငံကိုရောက်ရင် လူဖန်တီးထားတဲ့အလှတွေထက် အဲဒီနိုင်ငံရဲ့ ရိုးရာဓလေ့၊ လူနေမှု၊ ယဉ်ကျေးမှု၊ သဘာဝကို ပိုစိတ်ဝင်စားကြတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ သူတို့ရဲ့မြို့ပြကိုခွာပြီး တကယ့်သဘာဝတရားနဲ့ ထိတွေ့လို့ရနိုင်မယ့်နေရာကို ပိုကြိုက်ကြတယ်။

ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာအနှံ့ခရီးသွားကြသူတွေဟာ ဟိုတယ်ကြီးမှာထက် လူနေရပ်ကွက်မှာ ဖွင့်ထားတဲ့ ဧည့်ရိပ်သာမှာ တည်းရတာကို ပိုကြိုက်တယ်။ အထင်ကရာနေရာတွေထက် ရပ်ကွက်ထဲ၊ မြို့သူမြို့သားနဲ့ ပိုနီးစပ်နိုင်မယ့်နေရာတွေကို ပိုစိတ်ဝင်စားကြတယ်။ ဒါမှ ဒီနိုင်ငံရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေ့လာရပြီး လာလည်ရကျိုးနပ်မှာလေ။

သူငယ်ချင်းတွေနဲ့ခရီးသွားတဲ့အခါ ကျွန်မတို့လည်း အတတ်နိုင်ဆုံး မြို့ပြထက် သဘာဝနဲ့ပိုနီးစပ်နိုင်မယ့် တောရွာ တောတောင်တွေကို ပိုဦးစားပေးရွေးဖြစ်တယ်။ ဒီတစ်ခေါက် ကမ္ဘာကြီးကျန်းမာလာတဲ့အခါ ဘူတန်ကို သွားလည်ချင်ပါသေးတယ်။

(ဓာတ်ပုံက အဲဒီတရုတ်မလေးရိုက်ထားတဲ့ ပုံလေးပါ)
နိုင်းနိုင်းစနေ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page