စစ်တောင်းဂိတ်မှ ကိုဗစ်ပိုးရှိသူတဦး ထွက်ပြေးသဖြင့် လိုက်ဖမ်းရမှု ဖြစ်ပွား
စစ်တောင်းဂိတ်မှ ကိုဗစ်ပိုးရှိသူတဦး ထွက်ပြေးသဖြင့် လိုက်ဖမ်းရမှု ဖြစ်ပွား
ယနေ့မနက်ပိုင်းက ပဲခူးတိုင်း စစ်တောင်းတံတား ကိုဗစ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ် Positive အဖြေထွက်သော ခရီးသည်တစ်ဦး ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဘုရားကြီးဂိတ်တွင် ပြန်ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
ယနေ့မနက်က အဆိုပါစစ်တောင်းဂိတ်တွင် လူ ၃ ဦးစီးနင်းလိုက်ပါလာသော ဟိုင်းလပ်မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရာ ခရီးသည်တစ်ဦးမှာ မည်သည့် ကျန်းမာရေးအထောက်အထားမှမပါသည်ကို တွေ့ရကြောင်း ၊ ကျန်လူများမှာ ကိုဗစ် ကင်းရှင်းကြောင်း ထောက်ခံချက်ပါကြောင်း ၊
ယင်းအတွက် အထောက်အထားမပါသူ ခရီးသည်တစ်ဦးကို ဂိတ်တွင် Test Kit ဖြင့် စစ်ဆေးပေးရာ ကိုဗစ် Positive အဖြေထွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အဆိုပါ ခရီးသည်သည် မပြောမဆိုနှင့် ကားပေါ်တက်ထွက်ခွာသွားကြောင်း ထွက်ပြေးခရီးသည်ကို လိုက်လံခေါ်ယူကာ ကုသရေးစင်တာပို့ပေးခဲ့သည့် ဘုရားကြီးလူငယ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျန်တဲ့သူတွေက ထောက်ခံချက်ပါပြီး သူက မပါလို့ စစ်လိုက်တာ ပေါ့စတစ်ဖြစ်တယ်။ ဒါပေမဲ့ ကားသမားကို မောင်းလို့ပြောပြီး ထွက်သွားတာ။ ဆေးစာလည်းမယူဘဲ ဘာမှမယူဘဲ သွားလိုက်တာ။ ကားသမားကလည်း မသိတော့ မောင်းပြီး ထွက်သွားတာပေါ့။ ဒါပေမဲ့ ဘုရားကြီးဂိတ်မှာ ပြန်မိတယ်။ ပြန်မိတော့ သူ့ကိုတော့ ကျနော်တို့ ကုသရေးစင်တာပို့ခဲ့တယ်” ဟု ၎င်းကပြောပါတယ်။
Positive လူနာအမျိုုးသားကို ပဲခူးမြို့ရှိ ကိုဗစ် ကုသရေးစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း၊ အတူလိုက်ပါလာသူ ၂ ဦးကို ပဲခူးမြို့ အထက (၇) Q စင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။