ကိုယ့်ဖက်က အကျအဆုံးများလာတဲ့ ကိုဗစ်အဆုံးသတ်တိုက်ပွဲနဲ့ ပြောင်းလဲသင့်တဲ့ စစ်မျက်နှာ

ကိုယ့်ဖက်က အကျအဆုံးများလာတဲ့ ကိုဗစ်အဆုံးသတ်တိုက်ပွဲနဲ့ ပြောင်းလဲသင့်တဲ့ စစ်မျက်နှာ

ယနေ့ အောက်တိုဘာလ ၄ရက် ည၈နာရီ သတင်းအရ ပိုးတွေ့လူနာသစ် ၁၂၉၄ ဦး၊ သေဆုံးလူနာသစ် ၄၁ ဦး၊ Total death ၄၁၂ ဦး၊ ကျနော်တို့ဟာ ဒေါက်တာ ဇော်ဝေစိုး ပြောတဲ့ နောက်ဆုံး အသေအကြေ တိုက်ပွဲ ကြီးကို ရင်တမမ နဲ့ ရသမျှ ဘုရားစာတွေ အကုန်ရွတ်ပြီး စောင့်ကြည့်နေရတယ်။

လောလောဆယ်တော့ တိုက်ပွဲမှာ ကိုယ့်ဘက်က အကျအဆုံးတွေ သိပ်များနေတယ်။ ဒီတော့ စစ်ရေးသုံးသပ်ချက် လုပ်ဖို့လိုပြီ။ ဆရာဇော်ဝေစိုးကတော့ ကြို ပြောထားပြီးသားပါ။ ယခင် PCR နည်းပညာအစား Antigen test နဲ့ပြောင်း စစ်တော့မှာဖြစ်လို့ P တွေ အများကြီး ပိုထွက်လာမယ်လို့ ပြောထားပါတယ်။ အကြောင်းကတော့ အထူးမဟုတ်ပါဘူး။ များများပိုစစ်နိုင်တဲ့ အတွက်ပါဘဲ။

PCR ဆိုတာ တို့ပတ် မှာပါတဲ့ virus RNA gene ကိုစစ်တယ်ဘဲအလွယ်ပြောကြပါစို့။ ပိုးတစ်ကောင်ဘဲရှိရှိ P ပြတယ်။ လူ ၁၀၀ ပိုးရှိရင် လူ၁၀၀ လုံးနီးပါး Pထွက်တယ်။ သိပ်သေချာတယ်။ ဒါပေမဲ့ အချိန်သိပ်စောင့်ရတော့ ကိုယ့်စက်အင်အားနဲ့များများ မစစ်နိုင်ဘူး။ Antigen test ကတော့ PCR နဲ့ယှဉ်လိုက်ရင် အချိန်ကုန်သက်သာတယ်။ ယူတာကတော့ တို့ပတ်ဘဲ။ ဟိုစက်ကြီးတွေ မလိုဘူး။ ဒါကြောင့်များများစစ်နိုင်တယ်။

သို့သော် Antigen test မှာ ပိုးအမှန်ရှိရဲ့သားနဲ့ Negative ပြနိုင်တာလဲ ထဲ့တွက်ရမယ်။ ၂၀% လောက် false negative ရှိတယ်။ ပိုးရှိ ၅ယောက်စစ်ရင် ၄ယောက်ဘဲပိုးတွေ့မယ်။ တစ်ယောက် Negative ပြနိုင်တယ်။ ကမ္ဘာ့နိုင်ငံအတော်များများလဲ Antigen test သုံးကြပါတယ်။

အဲတော့ကျနော်တို့က ပိုးတွေ့ဦးရေ အမှန်သိချင်ရင် ၂၀% ထပ်ပေါင်းရမယ်။ လူ ၄ယောက် P ဆိုရင် အမှန် ပိုးရှိတာ ၅ယောက်လို့ ယူဆရမယ်။ ဥပမာ ဒီနေ့ည ပိုးတွေ့လူနာသစ် ၁၂၉၄ ဦးဆိုရင် တကယ်ပိုးရှိတဲ့လူ ဟာ ၁၆၁၇ ဦးလောက်ရှိမယ်။ ပိုးရှိပြီး false negative ၂၀% ပါ ထည့်တွက်ရမယ်။ အဲတော့ ပိုးစစ် စုစုပေါင်း ၈၁၀၇ မှာ ၁၆၁၇ ပိုးတွေ့တော့ စစ်သမျှလူတွေရဲ့ ၂၀% ပိုးတွေ့တယ်ဆိုတာ တွေ့နူန်းအလွန်များနေပါပြီ။ အဲဒီတော့ ကျနော်တို့ဟာ ဘာလို့ဒီလောက်များများကြီး ပိုးတွေ့ပြီး ဒီလောက်များများကြီး သေဆုံးနေရသလဲ အကြောင်းရင်းရှာဖို့လိုပါပြီ။

အသေအကြေ တိုက်တာလဲ တိုက်ရမယ်။ စစ်အောင်နိုင်ရာသောအကြောင်းကြီးများကိုလဲ ရှာဖွေအသုံးချရမယ်။ သေချာတာကတော့ လူတွေ contact ရှိလို့ကူးတာတော့ငြင်းမရဘူး။ ဒါပေမဲ့ သာမန် contact ထက် ပိုးကူးတာပိုများနေတယ်လို့ယူဆရတယ်။ ကျနော့်စိတ်ထင်ပြောပါမယ်။ စိတ်ထင်ဆိုကထဲက မှန်ချင်မှ မှန်ပါလိမ့်မယ်။ သို့သော်ပြောကြည့်တာတော့မမှားဘူးပေါ့။

ပထမ အချက်က ပိုးစစ်တဲ့ လမ်းကြောင်းကိုကြည့်မယ်။ ရောဂါလက္ခဏာ ပြတဲ့လူကို Patient Under Investigation (PUI) လို့ခေါ်တယ်။ ပိုးစစ်မယ်။ တွေ့ရင် Positive လူနာဖြစ်သွားပြီ။ ဆေးရုံတင်ပြီး isolation လုပ်မယ်။ လိုအပ်ရင်ကုသမူပေးမယ်။ မလိုရင် စောင့်ကြည့်အဆင့်ဘဲထားမယ်။ အဲဒီလို ပိုးတွေ့လူနာ တစ်ယောက်မိရင် သူရဲ့ contact တွေကို Q ထားမယ်။အဲဒီQ တွေကို အလှည့်ကျနိုင်သလောက် ပိုးစစ်မယ်။ အစစ်ခံရဘို့ စောင့်ရတာက လေးငါးရက် ပျှမ်းမျှ ကြာတယ်။ စစ်ပြီးပိုးတွေ့ရင် P ဖြစ်သွားပြီး isolation ward ကိုပြောင်းရမယ်။ ပိုးမတွေ့တဲ့ contact တွေသည်လည်း အိမ်ပြန်လို့မရဘဲ နောက်တစ်ကြိမ် စစ်ဖို့ Q center မှာဆက်စောင့်ရမယ်။

ပြောချင်တာ အဲဒီမှာ စပါပြီ။ ကျနော်တို့နိုင်ငံရဲ့ ပိုးတွေ့နူန်းဟာလူတွေ ပေါ့ဆလို့ သာမန် ပိုးတွေ့နူန်းထက် အများကြီး ပိုမြင့်နေတယ်။ ကျနော်သံသယဖြစ်တာက Q site တွေမှာလူတွေသိပ်များတော့ အဒီမှာတင် လှည့်ပတ်ပြီး ပိုးတွေကူးကုန်ကြသလားလို့။ ဒီကိစ္စ ဘယ်သူမှ သက်သေမပြနိုင်ဘူး။ ကျနော်လဲ ဖြစ်နိုင်ချေဘဲတွက်တာ။ ပိုးတွေ့နူန်း သိပ်မြင့်နေလို့။

အခု အဓိက ပိုးတွေ့နေတာ Q site ကလူတွေပါ။ နောက်တစ်ချက်က သေနူန်း။ ဒါလဲအရမ်းမြင့်တယ်ပြောရမယ်။ ရောဂါအခံရှိရင် သေနူန်းမြင့်တယ်။ မှန်တယ်။ နောက်တစ်ချက် ဗိုင်းရပ်စ်ပိုးတွေမှာစဉ်းစားရမှာက viral load ခေါ်တဲ့ ပိုးပမာဏ။ ပိုးကောင်ရေ များများဝင်လေ ရောဂါပြင်းထန်လေ ဆိုတာ WHO ကလဲ အတိအကျပြောထားတယ်။

အဲတော့ positive တွေစုထားတဲ့ isolation ward တွေမှာရော အချင်းချင်း သူ့ပိုးကိုယ်ကူး ကိုယ့်ပိုးသူကူး မဖြစ်နိုင်ပေဘူးလား။ စကားပြောရင်၆ပေ ချောင်းဆိုးရင် ၁၂ပေ၊ နှာချေရင်အမူန်လေးတွေကပိုသေးတော့ ပေ၄၀ လောက်ထိရောက်နိုင်တယ်ဆိုတာလဲ WHO ကပြောထားပြီးသား။ အဲတော့ ပိုးပမာဏ တွေ ပိုများလာပြီး ရောဂါပြင်းထန်လာရင်သေနူန်းမြင့်တတ်ပါတယ်။ နောက်တစ်ချက်သေနူန်းမြင့်ရတာတော့ Logistic ထောက်ပံ့ မူတွေဟာ လူနာကုသရေးဘက်ထက် Q ဘက်တွေမှာ သိပ်များနေတယ်လို့ထင်တယ်။

စော်ကားတာလုံးဝမဟုတ်။ ပင်ပန်းကြီးစွာ အသက်စွန့်တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ ကို လက်အုပ်ချီပြီးတောင်ကန်တော့လိုက်ချင်ပါရဲ့။ ပံပိုးမူ အနေအထားကို ဆေးရုံ အတွင်းလူနာဘက်ကို ပိုပြီးရွှေ့စေချင်တယ်။ အရင် post တွေမှာလဲ ပြောခဲ့ပါတယ်။ ပါမောက္ခဇော်ဝေစိုး စကားနဲ့ဘဲဖြည့်စွက်ရရင် တိုက်ပွဲတစ်ပွဲအောင်ဖို့ လိုအပ်ရင် စစ်မျက်နှာ ရွှေ့ကစားရပါတယ်။

နောက်တစ်ချက်က ပိတ်စ maskတွေရဲ့ကာကွယ်နိုင်စွမ်း ကိုလဲ ကျနော်သံသယရှိပါတယ်။ ကမ္ဘာမှာ ပိတ်စ mask တွေ အများကြီးတပ်ကြပါတယ်။ ဒါပေမဲ့ သူတို့မှာ quality control ရှိပါတယ်။ ကျနော်တို့ဆီမှာ တစ်ချိူ့လဲ သေချာချူပ်ပေမဲ့ တချိူ့မည်ကာမတ္တ ပိတ်စ mask တွေဟာ တပ်သာတပ်ပေမဲ့ ဘာမှ မကာကွယ်နိုင်တာမျိူးလဲ ဖြစ်မလား စဉ်းစားမိတယ်။ ဒါလဲ ဘယ်သူမှ သက်သေမပြနိုင်။ ကျနော်လဲ ထင်တာပြောတဲ့အဆင့်ဘဲ။

လက်ရှိ ‌ပေါ်လစီက လူထုကို အဓိကထားပြီး ကာကွယ်ချင်တော့ Q ဘက်ကို မဲတင်းနေတဲ့သဘောတော့ ထင်ရှားတယ်။ ဒါလဲ မှန်ပါတယ်။ contact ပြတ်မှ ဇာတ်သိမ်းမယ်။ သို့သော်လဲ ဘာကြောင့် ပိုးတွေ့နူန်း သေနူန်းမြင့်နေတာလဲဆိုတာလဲ စဉ်းစားစေချင်တယ်။

ပါမောက္ခ ဇော်ဝေစိုး ကတော့ မနေ့က လက္ခဏာမပြတဲ့ positive လူနာတွေကို အိမ်မှာဘဲ ထားပြီး လိုမှဆေးရုံတင်မယ်လို့ စဉ်းစားနေပြီလို့ပြောပါတယ်။ ကျနော်ပြောနေတာကြာပါပြီ။ Review and Revamp (R&R) လုပ်မှ တိုက်ပွဲအောင်နိုင်မှာပါ။ အငတ်ဘေးကြုံနေရတဲ့သူတွေအတွက်လဲ အင်မတန် စိတ်ဆင်းရဲလှပါပြီ။ ဒဏ်ရာဗလပွ နဲ့တိုင်းပြည်ကြီး အမြန်ကျန်းမာပါစေ လွတ်လပ်စွာ ရှဲ နိုင်ပါတယ်ခင်ဗျား။

Zay Soe

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page