ဖတ်ကြည့်ပြီး စိတ်အေးထားစေချင်… လွှတ်တော်သက်တမ်းကုန်တဲ့အထိ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင်…
ဖတ်ကြည့်ပြီး စိတ်အေးထားစေချင်… လွှတ်တော်သက်တမ်းကုန်တဲ့အထိ ရွေးကောက်ပွဲ အချိန်မှီ မကျင်းပနိုင်ရင်…
လက်ရှိ အစိုးရနဲ့ လွှတ်တော်က သက်တမ်း (၅)နှစ် ပြည့်ခါနီးပါပြီ။ ကံမကောင်း အကြောင်းမလှလို့ ကိုဗစ် သက်ဆိုးရှည်ပြီး ရွေးကောက်ပွဲ လုပ်မရအောင် ဒုက္ခပေးနေဦးမယ် ဆိုရင် သက်တမ်းကုန်သွားတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ဘယ်လို လုပ်ကြမလဲ။
စစ်လော်ဘီတွေက ရွေးကောက်ပွဲ အချိန်မှီ မလုပ်နိုင်ရင် လက်ရှိခြေဥအရ ကာလုံကို အာဏာအပ်ရမယ်လို့ ဆိုကြပါတယ်။ မှားပါတယ်၊ ကာလုံကို အာဏာအပ်စရာ လုံးဝ မလိုပါဘူး။ ဘာဖြစ်လို့လဲ။
(၁) လက်ရှိ သမ္မတနဲ့ ဒု-သမ္မတတွေ သက်တမ်း ကုန်ဆုံးသွားပေမယ့် သမ္မတအသစ်ကို ရွေးချယ်ပြီးတဲ့ အထိ ခြေဥ ပုဒ်မ (၆၁-ခ) အရ ဆက်ပြီး တာဝန်ထမ်းဆောင်ပေးရပါမယ်။
(၂) ပြည်ထောင်စု ဝန်ကြီး၊ ဒု-ဝန်ကြီးတွေရဲ့ သက်တမ်းက သမ္မတနဲ့ အတူတူ ဖြစ်တယ်လို့ ပုဒ်မ (၂၃၅-က)မှာ ဆိုပါတယ်။ ဒီတော့ သူတို့လဲ သမ္မတအသစ် ရွေးပြီးချိန်အထိ တာဝန်ထမ်းဆောင်ကြရပါမယ်။ အခြား ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စတဲ့ နိုင်ငံတော်အဆင့် ရာထူးတွေရဲ့ သက်တမ်းကလဲ သမ္မတနဲ့ အတူတူပါပဲ။
(၃) တိုင်း ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေရဲ့ သက်တမ်းကလဲ သမ္မတနဲ့ အတူတူ ဖြစ်တယ်လို့ ပုဒ်မ (၂၆၂-ဍ) မှာ ဆိုပါတယ်။ သူတို့လဲ သမ္မတအသစ် ရွေးပြီးချိန်အထိ တာဝန် ထမ်းဆောင် ကြရပါမယ်။
(၄) ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတို့က လွှတ်တော် သက်တမ်း ကုန်သွားပေမယ့် နောက်လွှတ်တော် အသစ် ဖွဲ့စည်းတဲ့ အထိ တာဝန် ထမ်းဆောင်ပေးရမယ်လို့ ပုဒ်မ (၁၁၃-က)မှာ ဆိုပါတယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေတော့ မပါဘူး။ ဆိုလိုတာက လွှတ်တော် (၂)ရပ်လုံး ကတော့ သက်တမ်းကုန်တာနဲ့ ပြီးပြီပေါ့။
ဒီတော့ ရွေးကောက်ပွဲ အချိန်မှီမလုပ်နိုင်ခဲ့ရင် အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်က နောက် အစိုးရသစ် ဖွဲ့ချိန်အထိ ဆက်လုပ်ကြရမှာ ဖြစ်ပါတယ်။
ပြောစရာ ရှိတာက လွှတ်တော် မရှိတဲ့ အတွက် ဥပဒေ အရပ်ရပ် ပြင်တာ၊ အသစ်ပြဌါန်းတာတွေ လုပ်နိုင်မှာ မဟုတ်ဘဲ တည်ဆဲ ဥပဒေနဲ့သာ သွားရမှာပါ။ ဘဏ္ဍာရေးနှစ်ကုန်သွားလို့ ဘတ်ဂျက် အသစ်တင်စရာ လွှတ်တော် မရှိသေးဘူး ဆိုရင်လဲ ဘတ်ဂျက်ဟောင်း ခွင့်ပြုချက်အတိုင်း သုံးစွဲခွင့် ရှိတယ်လို့ ပုဒ်မ (၂၂၂) မှာ ခွင့်ပြုထားပါတယ်။
ကာလုံ ခေါ်တာ မခေါ်တာကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ပါ။ သူ မခေါ်ချင် မခေါ်ဘူး၊ အာဏာ အပ်ဖို့ဆိုတာတော့ အဝေးကြီး။ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ ဖြစ်ပါတယ် ခင်ဗျား။ (မင်းကြည်ညိုနေ)