သံရိုက်ရင်တောင် လာမေးတဲ့စည်ပင်က ဝန်ထမ်း တရာကျော်ရှိတဲ့ ကေတီဗီကြီးပိုင်ရှင်ကို မသိသောအခါ

လမ်းထဲမှာ သံရိုက်ရင်တောင် လာမေးတဲ့စည်ပင်က ဝန်ထမ်း တရာကျော်ရှိတဲ့ ကေတီဗီကြီးပိုင်ရှင်ကို မသိသောအခါ

ဘောလီဘော ပုတ်တမ်း ကစားကြမယ်နော်။

နေပြည်တော် ဒုမြို့တော်ဝန်လည်းဖြစ် ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲမင်းဦးက မဇ္ဈိမသတင်းဌာနရဲ့ အင်တာဗျူးတခုမှာ သူ့အတွေ့အကြုံကို ပြောပြသွားတယ်။ သူတို့ဆီကို လူငယ်တယောက်က ကွန်တိန်နာတွေကို နေပြည်တော် လမ်းထောင့်တချို့နေရာတွေမှာချပြီး အပေါက်တွေဖောက်ပြီး ဆိုင်ခန်းလေးတွေ လုပ်ချင်တယ် Convenience Store တွေလိုပေါ့။ လိုအပ်တဲ့ ပစ္စည်းလေးတွေကို အဆင်ပြေပြေ ဝယ်ယူနိုင်အောင် ဆိုင်ခန်းခွဲလေးများ ချထားပြီး လုပ်ချင်ကြောင်း လျှောက်ထားလာတယ်။ သူ့အနေနဲ့ ဒီလူငယ်ရဲ့ ပရိုပိုဆယ်ကို ဖတ်ကြည့်ပြီး သိပ်ကြိုက်သွားတယ်။

ဒါပေမဲ့ သူ့မှာ ဒီလူငယ်ရဲ့ အစီအစဉ် ဘယ်လောက်ကောင်းကောင်း အတည်ပြုပေးနိုင်တဲ့ အာဏာမရှိဘူး။ အစိုးရအဖွဲ့အနေနဲ့ အစည်းအဝေး ထိုင်ရမယ်၊ စည်ပင်အနေနဲ့ ဘယ်လိုသဘောထားမလဲ ဒီကွန်တိန်နာတွေကို ချထားဖို့ မြေနေရာ ဘယ်လိုပေးမလဲ၊ ဘယ်လို စီးပွါးရေး လုပ်ငန်းလို့ ထည့်သွင်းမလဲ စတဲ့အဆင့်ဆင့် သဘောတူညီမှုတွေ လိုနေတဲ့အတွက် ၃ လ လောက်ကြာနေပြီ ဆုံးဖြတ်ချက် မရနိုင်သေးဘူးလို့ ဆိုတယ်။ အဓိပ္ပါယ်က စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ ဘာမှ ထိထိရောက်ရောက် စီစဉ်ထားတာ မရှိဘူး။ ကြိုးနီစနစ်တွေက တုတ်နှောင်ထားတယ်ဆိုတဲ့ သဘောပေါ့။

ဟောအခု ရန်ကုန်မှာ ကိုဗစ်ကြီးက သဘောကျပြီး ကောင်မလေးတွေစုတဲ့ ကေတီဗီတွေမှာ သွားရောက် ပျော်ပါးတော့ အဲ့ဒီကေတီဗီတွေကို ပိတ်ခိုင်းတယ်။ နိုင်ငံတော်အတိုင်ပင်ခံကြီးကလည်း ဖွင့်တဲ့သူတွေကို အရေးယူမယ်လို့ ဆိုထားတဲ့ ကြားက သင်္ကန်းကျွန်း မြူးဇစ်ဇုန်ကေတီဗီ က ဆက်ဖွင့်ထားတဲ့အတွက် ပိုးကူးစက်သူ အများစုဟာ အဲဒီနေရာကနေ ကူးတာဖြစ်ကြောင်း ပေါ်လာတဲ့အခါ အစိုးရက အရေးယူဖို့ ဖြစ်လာတယ်။

ဒါကြောင့် ဒီ မြူးဇစ်ဇုန်ကေတီဗီက ဘယ်သူပိုင်သလဲလို့ စုးစမ်းတဲ့အခါ ပိုင်ရှင်မသိ ဖြစ်နေတယ်။ စည်ပင်မှာလည်း ပိုင်ရှင်ဘယ်သူလဲဆိုတာ မရှိ၊ မသိ ဖြစ်နေတယ်။ ဒီလို ကြီးကျယ် ခန်းနားတဲ့ အဆောက်အအုံကြီး ဆောက်ပြီး ဝန်ထမ်း ၁၀၀ ကျော်နဲ့ လုပ်နေတဲ့ အခိုင်အမာ လုပ်ငန်းကြီးမျိုးတွေ ရန်ကုန်မှာ အများအပြား ရှိပါတယ်။ တကယ်တမ်း အရေးယူမယ်ဆိုတော့ စည်ပင်ကလည်း ခွင့်ပြုမထားဘူးတဲ့။ သူတို့မှာ ခွင့်ပြုပိုင်ခွင့် မရှိဘူးတဲ့။ နောက်အနုပညာအသင်းကနေ ထောက်ခံစာ ထုတ်ပေးတာကြောင့် ဖွင့်သလိုလို ဟိုလိုလို ဒီလိုလိုနဲ့ ပိုင်ရှင်မဲ့ ဖြစ်နေတယ်။

ဦးရဲမင်းဦး ပြောသလို နေပြည်တော်မှာ ကွန်တိန်နာလေး တလုံးလောက် ချပြီး အရောင်းစာရေး တယောက်လောက်နဲ့ ဆိုင်လေးဖွင့်ဖို့တောင် တိုင်ပတ်နေပြီး အဆင်ဆင့် အစည်းအဝေး ထိုင်နေရတာဆိုတော့ ဒီလို စီးပွားရေးလုပ်ငန်းကြီး တခုဖြစ်တဲ့ အခိုင်အခန့် အဆောက်အအုံကြီးကို တည်ဆောက်ပြီး ဝန်ထမ်းရာကျော်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီးကို စည်ပင်ကတောင် မသိဘူး၊ သူတို့က လုပ်ခွင့် ပေးမထားဘူးဆိုရင် တာဝန်ရှိသူတွေအားလုံး ထုတ်ပစ်သင့်တယ်။ စည်ပင်ကိုကိုင်တဲ့ မြို့တော်ဝန်မှာ တာဝန်အရှိဆုံးလို့ ပြောလိုတယ်။

မြူးဇစ်ဇုန်ကေတီဗီ တွင် ကျား ၇၅ ဦးနှင့် မ ၄၄ ဦး၊ စုစုပေါင်း ၀န်ထမ်း ၁၁၉ ဦးရှိပြီး ယင်းထဲမှ ၉၂ ဦးတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိထားသည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page