အမေရိကန်နဲ့ တရုတ်တို့ရဲ့ နောက်ဆုံးပြိုင်ကွင်း (သို့) အင်္ဂါဂြိုဟ်ပေါ်က စီးချင်းထိုးပွဲ

အမေရိကန်နဲ့ တရုတ်တို့ရဲ့ နောက်ဆုံးပြိုင်ကွင်း တစ်ခုဖြစ်တဲ့ အင်္ဂါဂြိုဟ်ပေါ်က စီးချင်းထိုးပွဲ…

အမေရိကန်နဲ့ တရုတ်တို့ ပြိုင်ဆိုင်နေကြတဲ့ နေရာမှာ နောက်ဆုံးပြိုင်ကွင်း တစ်ခုက အင်္ဂါဂြိုဟ်ခေါ် မားစ်ပေါ်မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ အတွင်းမှာ အင်္ဂါဂြိုဟ် စူးစမ်းရေး အာကာသယာဉ်တွေ လွှတ်တင်ခဲ့တဲ့အတွက် သုံးသပ်စရာတွေ ဖြစ်လာပါတယ်။ ဇူလိုင်လ ၂၃ ရက်က တရုတ်ရဲ့ Tianwen-1 အာကာသယာဉ်ကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကနေ လောင်းမတ်ချ် ဒုံးပျံနဲ့ လွှတ်တင်နိုင်ခဲ့ပါတယ်။

အမေရိကန် အာကာသအေဂျင်စီ နာဆာကလည်း ဇူလိုင် ၃၀ ရက်မှာ ဂြိုဟ်ဆင်းယာဉ် Perseverance ကို လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်ကို အာကာသယာဉ် ပထမဆုံး ဆင်းသက်ခဲ့ပြီး နှစ်နှစ်အကြာမှာ ဒီလို အပြိုင်အဆိုင် ဖြစ်လာတာပါ။ အမေရိကန်ကော တရုတ်ပါ အခု ဇူလိုင်လထဲက လွှတ်တင်ခဲ့ကြတဲ့ အာကာသယာဉ်တွေဟာ ခုနစ်လအကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလရောက်မှ အင်္ဂါဂြိုဟ်ကို ရောက်ဖို့ မျှော်လင့်ရပါတယ်။

မဆုတ်မနစ်တဲ့ ဇွဲလုံ့လလို့ အဓိပ္ပာယ်ရတဲ့ Perseverance ဂြိုဟ်ဆင်းယာဉ်ကို ဖန်တီးရတဲ့ အမေရိကန်တို့ ရည်ရွယ်ချက်က အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေနိုင်ချေအတွက် မေးခွန်းတွေ အဖြေရှာဖို့ပါ။ ဂြိုဟ်ရဲ့ သက်တမ်းရင့် အပိုင်းမှာ လူနေနိုင်တဲ့ အခြေအနေ ရှိမရှိနဲ့ ပိုးမွှား ရှင်သန်မှု အထောက်အထားတွေ ရှာဖွေဖို့လည်း ပါဝင်ပါတယ်။ ယာဉ်မှာ လွန်စက်လည်းပါလို့ ကျောက်တုံး နမူနာတွေ စုဆောင်းယူနိုင်ပြီး နောက်လာမယ့် ခရီးစဉ်တွေမှာ ဒီယာဉ်ကို အရန်အဖြစ်လည်း အသုံးချ နိုင်ပါလိမ့်မယ်။

အမေရိကန်ရဲ့ခရီးစဉ်က နာဆာအတွက် သတ္တမ အကြိမ်မြောက် အင်္ဂါဂြိုဟ် စူးစမ်းရေး ခရီးစဉ်ဖြစ်ပြီး စတုတ္ထမြောက် ဂြိုဟ်ဆင်းယာဉ် လွှတ်တင်မှု ဖြစ်ပါတယ်။ ဂြိုဟ်နီကြီးလို့လည်း ခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ကို စူးစမ်းလိုစိတ် ပြင်းစွာနဲ့ အမေရိကန်တို့ဟာ ၂၀၁၂ ကတည်းက ဂြိုဟ်ပေါ် ပို့လွှတ်နိုင်ခဲ့တဲ့ ဂြိုဟ်ဆင်းယာဉ်ဟာ အခုအထိ အချက်အလက်တွေ လှမ်းပို့နေတုန်းပါပဲ။

ကောင်းကင်ဘုံ သစ္စာရှာဖွေခြင်းလို့ အဓိပ္ပာယ်ရတဲ့ Tianwen-1 ကတော့ တရုတ်ရဲ့ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ပါပဲ။ အင်္ဂါဂြိုဟ် မြေသား၊ ပထဝီဖွဲ့တည်ပုံ၊ ပတ်ဝန်းကျင်၊ လေထုနဲ့ ရေရနိုင်တဲ့ သင်္ကေတတွေကို စူးစမ်းသွားဖို့ မျှော်လင့်ရပါတယ်။ အမေရိကန်နဲ့ မတူတဲ့ သူတို့ရဲ့ စူးစမ်းတဲ့ နည်းလမ်း အောင်မြင်မယ်ဆိုရင် အရေးပါတဲ့ နည်းပညာ အခက်အခဲကို ထိုးဖောက် ကျော်လွှားမှုဖြစ်မယ်လို့ တရုတ်တွေက ဆိုပါတယ်။

Tianwen-1 စီမံကိန်း နောက်ကွယ်က ပညာရှင်အဖွဲ့ ထုတ်ပြန်ထားတဲ့ စာတမ်း တစ်စောင်အရ တရုတ်တွေဟာ ဂြိုဟ်ပတ်လမ်းကိုသွား၊ ဂြိုဟ်ဆင်းယာဉ်ကို အမြန်ဆုံး စေလွှတ်မယ်။ ပြီးရင် ပတ်လမ်းယာဉ်နဲ့ ဂြိုဟ်ဆင်းယာဉ် ပူးပေါင်း စူးစမ်းမယ့် သဘောပါ။ ဂြိုဟ်ဆင်းယာဉ် မလွှတ်ခင် အင်္ဂါဂြိုဟ်ဆီ ပတ်လမ်းယာဉ်တွေ အရင်သွားတဲ့ နာဆာရဲ့ နည်းလမ်းနဲ့တော့ ကွဲပြားလှပါတယ်။

“အာကာသပြိုင်ပွဲ”

အဲဒီစာတမ်းမှာပဲ တရုတ် ပညာရှင်တွေက သူတို့ရဲ့ အင်္ဂါဂြိုဟ် ဆိုင်ရာ အသိပညာတွေ မကြုံစဖူး အဆင့်အတန်းကို ရောက်ဖို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းကို သတိပြုမိတာလည်း ဖော်ပြခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် အပြင် အင်္ဂါဂြိုဟ်ကို အာကာသယာဉ် စေလွှတ်ထားတဲ့ နောက်တစ်နိုင်ငံ ရှိနေပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံပါ။ သူတို့ကလည်း Hope Probe ဆိုတဲ့ အာကာသယာဉ်ကို ဇူလိုင်လ ၂၀ ရက်မှာ လွှတ်တင်ခဲ့ပါတယ်။ အာရပ်ကမ္ဘာ အနေနဲ့ ဂြိုဟ်တစ်ခုဆီ ပထမဆုံး အာကာသယာဉ် စေလွှတ်မှု ဖြစ်ပါတယ်။

နာဆာနဲ့ တရုတ် အာကာသ ပညာရှင်တွေဟာ အတိတ်ကတော့ ပူးပေါင်း ဆောင်ရွက်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ISS နိုင်ငံတကာ အာကာသ စခန်းပေါ်မှာ လက်တွဲ ဆောင်ရွက်ခဲ့ကြပြီး တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ချီးကျူးခဲ့ဖူးပါတယ်။ ဥပမာ အမေရိကန်တွေ မဆင်းဖူးတဲ့ လရဲ့ ဝေးကွာတဲ့ တစ်ဖက်ခြမ်းက မျက်နှာပြင်ပေါ် တရုတ်က ဆင်းသက်နိုင်တာမျိုး ဖြစ်ပါတယ်။ တရုတ်ဟာ ဒီလိုလုပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုပူးပေါင်းမှုတွေကို ဖီလာပြုဖို့ တောင်းဆိုခံလာရပြီး အာကာသ ယှဉ်ပြိုင်မှုဟာလည်း နိုင်ငံရေးကို ရှောင်လွှဲလို့ မရတော့ပါဘူး။ နာဆာရဲ့ဟိုးအရင် ၁၉၆၉ ခုနှစ်က လပေါ် ပထမဆုံး လူဆင်းနိုင်ခဲ့တဲ့ သမိုင်းဝင် ခရီးစဉ်တွေကြောင့် အမေရိကန်နဲ့ ဆိုဗီယက်အကြား စစ်အေးတိုက်ပွဲကို လောင်စာဖြည့်ရာ ရောက်ခဲ့တာကို အမှတ်ရလိုက်ပါ။ တရုတ်ဟာ အမေရိကန်ကို အာကာသထဲမှာ ဖြတ်ကျော်နိုင်ရင် ရနိုင်တဲ့ ဂုဏ်သိက္ခာ အလားအလာကို ကောင်းကောင်းကြီး သတိပြုမိပါတယ်။ Tianwen-1 ခရီးစဉ် အောင်မြင်သွားရင် နောက်ဆုံးတော့ အင်္ဂါဂြိုဟ်ပေါ်ကို လူတွေလွှတ်ဖို့ စီစဉ်လာမှာပါ။ တရုတ်ဟာ ကမ္ဘာပေါ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှု ရဖို့ကို ပိုမို ထက်ထက်သန်သန် ပြောဆိုနေပါတယ်။

ခန့်ခန့်ထည်ထည် ပြန်လည် နုပျိုလာတဲ့ တရုတ် နိုင်ငံအဖြစ် ဆက်လက် ချီတက်ရင်း သမ္မတရှီကျင့်ဖျင်က အာကာသ စီမံကိန်းမှာ ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံ စေခဲ့ပါတယ်။ တရုတ် အစိုးရရဲ့ ၁၃ ကြိမ်မြောက် ငါးနှစ် စီမံကိန်းမှာ အာကာသကို သုတေသန ဦးစားပေးအဖြစ် ရွေးထုတ်ခံရပြီး အထူးသဖြင့် အာကာသထဲ နက်နက်ရှိုင်းရှိုင်း စူးစမ်းဖို့နဲ့ ဂြိုဟ်ပတ်လမ်းသုံး အာကာသယာဉ်တွေ တည်ဆောက်ဖို့ စီမံထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ အမြဲတမ်း အာကာသစခန်း တစ်ခု လွှတ်တင်ဖို့ပါ စီစဉ်နေပြီး ဒီက တစ်ဆင့် ၂၀၃၀ ပြည့်နှစ်တွေ ရောက်ရင် လကို လူလိုက်ပါတဲ့ ခရီးစဉ်တွေ လွှတ်လာနိုင်ပါတယ်။

ဒီစီမံကိန်းဟာ မကြာခင်က လပေါ်လွှတ်ခဲ့တဲ့ အာကာသ ခရီးစဉ်တွေက တွေ့ရှိချက်တွေအပေါ် အခြေခံပါတယ်။ အဓိကအားဖြင့် လပေါ် စေလွှတ်ပြီး စွန့်ပစ်ခဲ့ရတဲ့ Yutu လဆင်းယာဉ်တွေက ရတဲ့အချက်တွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က လရဲ့ဝေးကွာတဲ့ တစ်ဖက်ခြမ်းကို တရုတ်က Yutu-2 ဆင်းသက်စေနိုင်ခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ၂၀၃၀ ဝန်းကျင်မှာ တရုတ်ဟာ ကမ္ဘာပေါ်က အာကာသ အင်အားကြီး နိုင်ငံတစ်ခုထဲ ပါဝင်လာဖို့ပဲ” လို့ တရုတ်ရဲ့ နိုင်ငံတော် အာကာသ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ ဒုတိယ အကြီးအကဲ ဝူယန်ဟွာက ၂၀၁၆ မှာ ပြောထားပါတယ်။

“အင်္ဂါဂြိုဟ် ခရီးစဉ်”

တရုတ်ဟာ အာကာသပြိုင်ပွဲထဲ နောက်ကျ ဝင်ရောက်ခဲ့သူပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ မကြုံစဖူး ခြေလှမ်းကြဲကြီးတွေ လှမ်းခဲ့တဲ့ တရုတ်အနေနဲ့ အမေရိကန်ကို ကျော်တက်ဖို့ (အနည်းဆုံးတော့ လေလုံးထွားခွင့်ရဖို့) အင်္ဂါဂြိုဟ်ပေါ် လူဆင်းနိုင်တာမျိုး လုပ်ပြဖို့ လိုပါတယ်။ ဒါပေမဲ့ ၁၉၇၂ ခုနှစ် ကတည်းက စခဲ့တဲ့ အကြောင်းတရား တစ်ခုက အာကာသစူးစမ်းရေး ခရီးစဉ် အားလုံးကို ရိုဘော့ စက်ရုပ်တွေနဲ့ လုပ်ဆောင်လာကြတာပါပဲ။ ကုန်ကျစရိတ် သက်သာရုံမက ကြာရှည် အသုံးတည့်သလို ဒူပေနာပေလည်း ပိုခံပါတယ်။ အာကာသ စူးစမ်းမှုကြောင့် တခြား ဂြိုဟ်တစ်ခုပေါ်မှာ ပထမဆုံး အနေနဲ့ အာကာသယာဉ်မှူး သေဆုံးရတာ ဘယ်နိုင်ငံကမှ မလိုချင်ကြပါဘူး။ (လူသားတွေကို ဘေးကင်းတာ မသေချာဘဲနဲ့တော့ အာကာသထဲ မလွှတ်ချင်ကြတော့ပါဘူး)။

အင်္ဂါဂြိုဟ်ပေါ် စက်ရုပ်ယာဉ် ဆင်းသက် စူးစမ်းဖို့ ဆိုတာကိုက ဂြိုဟ်ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့တွေကြောင့် အတော်လေး ခက်ခဲပါတယ်။ လူသားတွေ ဆင်းသက်ဖို့ ဆိုတာက နောက်ထပ် မဖြစ်နိုင်စရာ စိန်ခေါ်မှုပါ။ ဒါပေမယ့် ဂြိုဟ်နီကြီးပေါ် လူလွှတ်မယ်လို့ နိုင်ငံရေးသမားတွေ လေလုံး ထွားတာတွေက မရပ်တန့်ခဲ့ပါဘူး။

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် အာကာသယာဉ်မှူးတွေကို လပေါ် ပြန်လွှတ်ဖို့နဲ့ နောက်ဆုံးမှာ အင်္ဂါဂြိုဟ်ပေါ် လွှတ်ဖို့အထိ အာကာသ စူးစမ်းမှု ဆန်းသစ် တီထွင်ရေးမှာ ဦးဆောင်ဖို့ နာဆာကို အခွင့်အာဏာ ပေးခဲ့ပါတယ်။ ထရမ့်ဟာ စစ်တပ်ရဲ့ ဌာနခွဲသစ် တစ်ခုအဖြစ် အာကာသ တပ်ဖွဲ့ကိုလည်း ထူထောင်ပေးခဲ့ပါတယ်။ တပ်ဖွဲ့ရဲ့ အလံတင် အခမ်းအနားမှာ အာကာသဟာ အနာဂတ် စစ်မြေပြင် ဖြစ်လာနေတယ်၊ ခံစစ်၊ ထိုးစစ် နှစ်ရပ်လုံးနဲ့ တခြား စစ်ကဏ္ဌအများအပြားက အာကာသမှာ တည်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ကြားသိသမျှနဲ့ အစီရင်ခံစာတွေအရ အခု အာကာသမှာ အမေရိကန်က ခေါင်းဆောင်နေတယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။

“သုံးသပ်ချက်”

အမေရိကန်ဟာ တရုတ်ကို အာကာသမှာ ကျော်တက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ “လကနေ နောက်ထပ်လာမယ့် အသံ လွှင့်ထုတ်ချက်တွေမှာ မန်ဒရင်း ဘာသာစကားနဲ့ ထုတ်လွှင့်မှုတွေ ပိုများလာမယ့် အလားအလာတွေ ရှိတယ်” လို့ အမေရိကန် ရေတပ် စစ်ဘက်ကောလိပ်က ပါမောက္ခ ဂျုန်းဂျွန် ဆန်ဖရီးစ်ရဲ့ ပြောဆိုချက်ကို CNN က မနှစ်က ကိုးကား ဖော်ပြခဲ့ဖူးပါတယ်။ နာဆာ အုပ်ချုပ်ရေးမှူး ဂျင်ဘရီ ဒန်စတင်းက တအံ့တသြနဲ့ “အမေရိကန် အာကာသယာဉ်မှူးတွေက အင်္ဂလိပ်လိုပဲ ပြောတာပါ” လို့ ဆိုခဲ့ပါတယ်။ တရုတ်တွေလည်း လပေါ် အာကာသယာဉ် လွှတ်ထားနိုင်တာကို ထရမ့်ခန့်အပ်တဲ့ နာဆာ အုပ်ချုပ်ရေးမှူး မခံစားနိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါကြောင်း။ (မင်းမြတ်စံ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page