ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွား အားလုံးနီးပါး ကိုဗစ်ကူးစက်ခံရ

ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွား အားလုံးနီးပါး ကိုဗစ်ကူးစက်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေနဲ့ ဝန်ထမ်းတွေမှာ ကိုဗစ် ရောဂါပိုးကူးစက်ခံရတယ်လို့ ဘိုးဘွားရိပ်သာရဲ့ ဘဏ္ဍာရေးမှူး ဦးကျော်မင်းထွန်းကပြောပါတယ်။

ရွှေသံလွင်ဘိုးဘွားရိပ်သာမှာ အဘိုး၊အဘွားစုစုပေါင်း (၆၆)ဦးကို စောင့်ရှောက်ထားတာဖြစ်ပြီး ရောဂါပိုးရှိ၊မရှိ စစ်ဆေးရာမှာ ဘိုးဘွား(၆၂)ဦးဟာ ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ရိပ်သာရဲ့ဝန်ထမ်းတွေကို စစ်ဆေးရာမှာလည်း ဝန်ထမ်း(၂၁)ဦးအနက် (၁၅)ဦးမှာ ကိုဗစ် Positive ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကူးစက်မှုအစဟာ ရိပ်သာဝန်ထမ်းတစ်ဦးရဲ့ မိသားစုကနေ စတင်ကူးစက်လာတာဖြစ်နိုင်ကြောင်း မြို့နယ်ဆရာဝန်ကြီးက သုံးသပ်ထားတယ်လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ အတည်ပြုလူနာတွေထဲက ကျန်းမာရေးကောင်းမွန်နေသေးတဲ့ အဘိုးအဘွားတွေနဲ့ ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း(၆၉)ဦးကိုတော့ ကိုဗစ် ဆေးကုသရေးဌာနတစ်ခုဖြစ်တဲ့ Fortune စင်တာကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ရောဂါဝေဒနာခံစားနေရတဲ့ အဘွား(၃)ဦးနဲ့ အဘိုး(၁)ဦးကိုတော့ ဧရာဝတီစင်တာ ICU ကို ပို့ဆောင်ပေးခဲ့ရပါတယ်။ ကျန်တဲ့ ဘိုးဘွားတွေနဲ့ ဝန်ထမ်းနှစ်ဦးကိုတော့ ဖောင်ကြီး COVID-19 ကုသရေးဌာနကို ပို့ဆောင်ထားတယ်လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။

ရွှေသံလွင်ဘိုးဘွားရိပ်သာကို (၁၉၉၉)ခုနှစ်မှာ ရွှေသံလွင်ကုမ္ပဏီလီမိတက်က တည်ဆောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သီးခြားဖွဲ့စည်းထားတဲ့ ရိပ်သာအုပ်ချုပ်ရေးအဖွဲ့ကနေ ရိပ်သာကို စီမံခန့်ခွဲပြီး ဘိုးဘွားတွေကို စောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီလီမိတက်အနေနဲ့လည်း ရွှေသံလွင် ဘိုးဘွားရိပ်သာရဲ့လိုအပ်ချက်တွေကို စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page