လူတွေ အိမ်ထဲမှာနေရင်းနဲ့ ကိုဗစ်ကို အနိုင်ယူခဲ့တဲ့ နိုင်ငံတွေနဲ့ ရွှေမြန်မာတွေ မဖြစ်မနေ လိုက်နာရမယ့်ကိစ္စ

လူတွေ အိမ်ထဲမှာနေရင်းနဲ့ ကိုဗစ်ကို အနိုင်ယူခဲ့တဲ့ နိုင်ငံတွေနဲ့ ရွှေမြန်မာတွေ မဖြစ်မနေ လိုက်နာရမယ့်ကိစ္စ

အမြင့်ဆုံး နည်းချင်ရင်…

Stay at home အမိန့်နဲ့ ပတ်သက်ပြီး ရွှေပြည်ကြီးမှာ အမိန့်က မရှင်းလင်းဘူး၊ နားမလည်ဘူး ဘာဘူး ညာဘူးတွေ တချို့ ပြောနေကြတာ တွေ့လိုက်တယ်။ ပြောရရင် အဲဒီလို အမိန့်မျိုးက ဒီမှာ အမေရိကားမှာလည်း ရွာလည်တာပဲ။ ဘာလို့ဆိုတော့ အတွေ့အကြုံသစ် ရောဂါ အသစ်မှာ ကြုံသလို ရင်ဆိုင်ရတော့ ဒီလို အမိန့်မျိုးက အတော်တော့ ဂွကျတာကိုး။

မဖြစ်မနေ အလုပ်သွားရမယ့်သူတော့ အပြင်ထွက်လို့ ရတယ်လို့ ပြောပြန်တော့ အားလုံးလိုလိုက သူတို့ လုပ်နေရတဲ့ အလုပ်တွေသည် မဖြစ်မနေ လို့ ခံယူထားကြပြန်တော့ ကျွန်တော့် အလုပ်စက်ရုံဆိုရင် အစိုးရက “မင်းတို့ ပိတ်ထားတော့ကွာ” ဆိုပြီး စက်ရုံကို အတိအကျ ပြောလာမှ ၂ ပတ်လား ပိတ်ရတယ်။ တကယ်ဆို ကားပစ္စည်းတွေ ထုတ်တာမျိုးက မဖြစ်မနေလား၊ မထုတ်သေးလည်း ရသေးလား ဆိုတာ မရေမရာနဲ့ ငြင်းလို့ အင်မတန်ကောင်းတာမျိုးကိုး။ ဒါ ဥပမာ ပေးတာပါ။

တအိမ် တယောက်ပဲ အပြင်ထွက်ပါ ဆိုတော့ တချို့က လူခွဲ ထွက်ကြတာ ရှိသဗျ။ အရေးမကြီးရင် အပြင်မထွက်ပါနဲ့လို့ ပြောခဲ့တုန်းက “အိမ်မွေးခွေးကလေးနဲ့ လမ်းထွက်လျှောက်တာ ကျန်းမာရေးမို့ မပိတ်ပင်သင့်ဘူး” ဆိုပြီး ထွက်တဲ့လူက ထွက်ကြတာပဲ။ ဒါနဲ့ အစိုးရကလည်း “အေး၊ အဲဒါတော့ ရသဟ” ဖြစ်ရပြန်တယ်။

အိမ်ထဲမှာ နေကြပါလို့ အမိန့်ထုတ်ထားတဲ့ အတွက် သွားလာနေတဲ့ လူတွေကို ရဲက အရပ်ခိုင်းပြီး “မင်း ဘာကိစ္စ အပြင်ထွက်နေတာလဲ” လို့ မေးမှာလား ဆိုပြန်တော့ “ဟင့်အင်း၊ အဲဒီလိုတွေ မလုပ်ပါဘူး” …တဲ့။ “ဒါဖြင့် မလိုအပ်ဘဲ သွားလာနေကြသူတွေကို ဘယ်လို သိနိုင်မှာလဲ” ဆိုတော့ တိကျတဲ့ အဖြေက မရှိခဲ့ပါဘူး။

“ဒါ၊ အမေရိကားကွ၊ ငါ့လွတ်လပ်ခွင့်နဲ့ငါ ငါ့ဘား ငါဖွင့်တယ်” ဆိုပြီး သူပိုင်တဲ့ ဘားကို မပိတ်ဘဲ ဆက်ဖွင့်တဲ့လူ ရှိလို့ ရဲက သွားအပိတ်ခိုင်းရ၊ စကားတွေ များကြရတဲ့ သတင်းတောင် ဖတ်လိုက်မိပါရဲ့။ အိန္ဒိယမှာ အဲဒီလို အမိန့်မျိုးထုတ်၊ အိမ်ပြင်ထွက်လာသူတွေကို ရဲက မေးမြန်း ရိုက်နှက်လွှတ်တာကို ကျွန်တော်တို့ ရယ်သွမ်းသွေးခဲ့ကြသေးသလို သူတို့ အတွက် အဲဒီ နည်းလမ်းကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီလိုဆိုရင် Stay at home အမိန့်ကြီးက အလုပ် မဖြစ်နိုင်တော့ဘူးလား ဆိုတော့ မဟုတ်ဘူး။ အဓိက အရေးကြီးတာက ပြည်သူက ပူးပေါင်းပါဝင်ဖို့ပဲ။ ဒီလို အမိန့်မျိုးက ကပ်သပ်ပြီး လက်တလုံးခြားတွေ လုပ်ကြဖို့ထက် ကျန်းမာရေး အသိစိတ်နဲ့ အညီ ပူးပေါင်းကြဖို့မှပဲ အောင်မြင်မယ်။

“အိမ်ထဲမှာ နေပြီး အငတ်နေရင်းတော့ အသေမခံနိုင်ဘူး၊ လမ်းပေါ်ထွက် ရှာစားပြီးတော့ပဲ အသေခံလိုက်တော့မယ်” ဆိုတဲ့ စကားကိုလည်း တွေ့မိတယ်။ တစက်မှ အပြစ်တင်စရာ မရှိတဲ့ စကားမျိုးပဲ။ သို့သော် လမ်းပေါ်ထွက်ရင်တော့လည်း လိုအပ်တဲ့ ခပ်ခွာခွာနေခြင်းတွေ၊ အကာအကွယ် တပ်ဆင်ခြင်းတွေတော့ လုပ်ဖို့ လိုမှာပေါ့။ ပူးပေါင်း ပါဝင်မှု ဆိုတာ အဲဒါကို ပြောတာ။

အုပ်စုလိုက်ကြီးတွေ နီပြ စိမ်းပြနေတာတွေလည်း ဒီအချိန်မှာ လုံးဝ ရပ်ထားတာ အကောင်းဆုံးပါ။ အမေ့ကို ချစ်တယ် ပြောပြီး အမေ့စကား နားမထောင်ရင် အလကားပါပဲ။ လူပြောစရာ ပိုဖြစ်ပါတယ်။

အိမ်ထဲမှာ နေကြပါ ဆိုတဲ့ အမိန့်မျိုးဟာ အမေရိကားမှာ မအောင်မြင်ခဲ့ဘူးလို့ ပြောလို့ ရနိုင်တယ်။ ဒါပေမယ့် အောင်မြင်ခဲ့တဲ့ နိုင်ငံတွေ ရှိခဲ့တယ်။ ကိုးရီးယား၊ အီတလီ၊ စပိန် တို့လို နိုင်ငံတွေဟာ အဲဒီနည်းတွေနဲ့ပဲ ရောဂါ ပြန့်ပွားမှုကို အတိုင်းအတာ တခုအထိ အတော်လေး အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူက ပူးပေါင်း ပါဝင်လို့ပဲ။

အိမ်ထဲမှာပဲ နေပါ။ ထွက်သင့်တဲ့လူကတော့ ထွက်ပါ။ ထွက်သင့်တဲ့ ကိစ္စမှပဲ အပြင်ထွက်ပါ။ ဒီအခိုက်အတန့်ဟာ ခဏလေးလို့ သဘောထားပါ။ မြန်မာနိုင်ငံ အတွက် ကူးစက်ခံရမှု အမြင့်ဆုံး ကိန်းဂဏန်းကို တန့်သွားနိုင်ဖို့က မြန်မာပြည်သူတွေ လက်ထဲမှာပဲ ရှိတယ်။

ချစ်ခြင်းမေတ္တာဖြင့်…

ကလိုစေးထူး
စက်တင်ဘာလ ၄ ရက်၊ ၂၀၂၀ ခုနှစ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page