နည်းပညာမြင့်လုပ်ထားသည့် ရွှေအတုများဖြင့် အလိမ်ခံလိုက်ရသည့် ရွှေဆိုင်မိသားစုမှ ရှင်းလင်း
မြဝတီမြို့တွင် နည်းပညာမြင့်မားစွာဖြင့် ရွှေအတု ပေါင်နှံအလိမ်ခံခဲ့ရသည့် “ရွှေပြည့်လှိုင်” ရွှေဆိုင်မိသားစုမှ ယမန်နေ့ည ၇:ဝဝ နာရီအချိန်က နည်းပညာမြင့်မားစွာဖြင့် ရွှေအတုလုပ်ကာ လိမ်လည်ပေါင်စားနေသည့် ရွှေလိမ်ဂိုဏ်းရှိနေကြောင်းနှင့် မြဝတီနှင့်တကွအခြားမြို့များမှ ရွှေဆိုင်များ, ၎င်းတို့ကဲ့သို့ အလိမ်မခံရစေရန် မြဝတီအခြေစိုက်သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ယခု၎င်းတို့အလိမ်ခံရသည့်ဖြစ်စဉ်တွင် ရွှေဆိုင်၌ လာပေါင်သော ရွှေသည်သာမန်မှတ်တိုက်စစ်ဆေးကြည့်ရုံနှင့်မရတော့ဘဲ ပန်းထိမ်ဆရာများနှင့် လက်ရာကောင်းမွန်စွာဖြင့် ခေတ်မီနည်းပညာကိုအသုံးပြု၍ပြုလုပ်ထားသည့် ရွှေထည်များဖြစ်သဖြင့် အကြိမ်များစွာလာရောက်ပေါင်နှံသည့် အမျိုးသမီးအားမသင်္ကာ၍ ရဲထံအကြောင်းကြားခဲ့ရာမှရွှေအတုပေါင်နှံသည့် မဌေးဌေးဝင်းအား မြဝတီရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့မြဝတီရွှေဆိုင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးမင်းအုန်းဖေ (သီရိဝေလျှံ ရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးဇေယျာလင်း (သိန်းငှက်သုံးကောင် ရွှေဆိုင်) တို့လည်း တက်ရောက်ခဲ့ကြသည်။ (Thetoo Naing)
မြဝတီမြို့တွင် ရွှေထည်ပစ္စည်းအတုများပြုလုပ်၍ ရွှေဆိုင်သို့ မကြာခဏလာရောက်ပေါင်နှံနေသူကို ဖမ်းဆီးလိုက်သည့် သတင်းအပြည့်အစုံ…
သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြဝတီမြို့ ဘုရင့်နောင်လမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုမှ အသက် ၃၁ နှစ်အရွယ် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးသည် ၎င်း၏ဆိုင်သို့ မဌေးဝင်း ဟုအမည်ရသော အမျိုးသမီးတစ်ဦးက ရွှေအတုများပြုလုပ်ပြီး အမည်အမျိုးအမျိုးသုံးကာ လာရောက်လိမ်လည်ပေါင်နှံနေကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည်ဟု ရဲစခန်းမှသိရသည်။
အဆိုပါ မဌေးဝင်းဆိုသူမှာ ကွမ်းခြံကုန်းရွာ ဘုရားကုန်းကျေးရွာအုပ်စု၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရသည်။
၎င်းသည် သြဂုတ် ၁၀ ရက်နေ့မနက်က ရွှေဆိုင်သို့သွားပြီး မြန်မာရွှေ(၁၅- ၃၈)ဂရမ်ရှိ နှစ်ထပ်ဆွဲကြိုး(၁)ကုံးအား (၈)သိန်းဖြင့် ပေါင်နှံခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါ မဌေးဝင်း ဆိုသူ၏ အမည်ကိုမေးမြန်းရာ ၎င်း၏အမည်မှာ မထက်ထက်အောင် ဟု သိရပြီး ယခင်ကလည်း ယခုကဲ့သို့ လာရောက်ပေါင်နှံဘူးကြောင်းသိရှိရသဖြင့် မှတ်တမ်းပြန်ကြည့်ရာ ၎င်းသည် မခင်ခင်ဦး ဟူသောအမည်ဖြင့် မြန်မာရွှေ(၁၀. ၃) ဂရမ်ရှိ K လက်ကောက် (၁)ကွင်း၊ မြန်မာရွှေ(၁၄-၃၇)ဂရမ်ရှိ ဆွဲကြိုး(၁)ကုံး၊ ပေါင်း (၂)ခုကို ငွေကျပ်(၁၃၅ဝဝဝဝိ/-)ဖြင့်ပေါင်နှံထားဖူးကြောင်းသိရှိရသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းအတွက် ၎င်းပေါင်နှံခဲ့ဖူးသော ရွှေထည်ပစ္စည်းများကို စစ်ဆေးရာ ရွှေအတုများဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းကို မြဝတီမြို့မရဲစခန်းတွင် (ပ)၄၆၀/ ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀ ဖြင့် အမှုရေးဖွင့်ဖမ်းဆီးထားပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။