ရွှေတိဂုံဘုရားက သံသေခေါင်းလောင်းကို ဓာတ်လုံးနှင့်တို့မိ၍ ဓာတ်သိမ်းခံရသူတစ်ဦး

ကျွန်တော်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ နေထိုင်ပါတယ်။ ဇာတိကတော့ ဧရာဝတီတိုင်း ဘက်ကပါ။ အဘိုးက ရွှေဝါရောင်ဓာတ်လုံးလေး တစ်လုံးပေးထားပါတယ်။ အခုတော့ အဘိုးလည်း မရှိတော့ပါဘူး။ ဓာတ်လုံးလေးကို အမြတ်တနိုးနဲ့ ရွှေနှင့်ကွင်းပြီး လက်စွပ်လုပ်ဝတ်ထားတာပါ။ ဘယ်လို သတ္ထုနဲ့လုပ်ထားတယ်။ ဘာစွမ်းတယ်လို့တော့ မသိပါဘူး။ ရုံးမှာ လူချစ်လူခင်များပါတယ်။ ငွေကတော့ မပေါများပေမဲ့ မရှားပါးလှပါဘူး။ ကျန်းမာတယ် အန္တရာယ်ကင်းတယ်ဆိုတာ သတိထားမိပါတယ်။

၁၉၇၀ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့ ရန်ကုန်မြို့မှာ ငလျင်လှုပ်ခဲ့ပါတယ်။ (၉) ရက်နေ့မှာ ထပ်မံလှုပ်သော ငလျင်က အင်အားအတော်အတန်ကြီး၏။ ထိုငလျင်ဒဏ်ကြောင့် ရွှေတိဂုံစေတီကြီး၏ ထီးတော်တည်ရှိရာ ပိန္နဲတိုင်မှာ အနောက်မြောက်ဘက် ရာဟုထောင့်သို့ ယိမ်းသွားခဲ့၏။ ဂေါပကအဖွဲ့က သံဃသြဝါဒခံယူ၍ ဘဝရှင် မင်းတုန်းမင်းတရားကြီး တင်လှူခဲ့သော ထီးတော် ကို လိုအပ်သည်များပြင်ဆင်နိုင်ရန် ထီးတော်ကို မချဘဲပြုပြင်ရန် ဆုံးဖြတ်ခဲ့ကြ၏။

စောင်းသွားသော နှစ်လက်မခွဲရှိ ပိန္နဲတိုင်ကို (၁၅) တန်ဝင့်ဖြင့် တည့်မတ်ပေးနိုင်ခဲ့၏။ မူလ ငွေဆိုင်းကြိုး (၂၀) ကို ပိုမို၍ ခိုင်ခံ့သော မိုးရေခံ သုံးမူးလုံး သံမဏိကြိုးများဖြင့် ပြောင်းလဲ တပ်ဆင်ပေးခဲ့၏။ အလေးချိန်ပေါင် (၁၂၀) ရှိသော ငှက်မြတ်နားတော်မှာ ဆီခြောက်နေသဖြင့် ရွေ့လျား လှည်ပတ်နိုင်စေရန် ဆီများ ထည့်ပေးခဲ့ကြ၏။ ထီးတော်ကြီး၏ ဘုံအဆင့်များ အက်ကွဲခြင်း သံမူလီများ ဇာဝီများ ပျက်စီးနေသည် တို့ကို အသစ်တပ်ဆင်ပေးခဲ့၏။

ပြည်သူအများကလည်း ရွှေငွေလက်ဝတ်တန်ဆာများကို လှူဒါန်းကြကုန်၏။ ထီးတော်ကြီးတွင် ခေတ်အဆက်ဆက်က လှူဒါန်းထားကြသော ဆည်းလည်း (ခေါင်းလောင်း) များကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် လုံခြုံရေးရုံးခန်း အတွင်း၌ ပြသထား၏။

ပဥ္စလောဟာဖြင့် ပြုလုပ်ထားသော ခေါင်းလောင်း၊ ရှမ်းစာပါသော ခေါင်းလောင်း၊ မွန်စာပါသော ခေါင်းလောင်း၊ ငွေဖြင့်ပြုလုပ်ထားပြီး အလေးချိန် ငါးပိသာရှိ ပါဠိလိုရေးထိုးထားသော မိုးခေါ် ခေါင်းလောင်း ထို ခေါင်းလောင်းများထဲကမှ လူအများ စိတ်ဝင် အစားဆုံး ခေါင်းလောင်းမှာ ဦးအောင် (ပထမံဘိုးဘိုးအောင်) ကောင်းမှုနှင့် မင်းမြတ်စကြာ ကောင်းမှုဟု ကမ္ဗည်းရေးထိုးထားသော သံသေ ခေါင်းလောင်း သုံးလုံးပင်ဖြစ်၏။

ထို သံသေခေါင်းလောင်းများကို လူအများ တန်းစီကြပြီး ကိုင်တွယ်ပွတ်သပ်ခြင်း၊ ဦးခေါင်းနှင့် တိုက်ခြင်း၊ လက်ကိုင်ပဝါတို့ဖြင့် ပွတ်သပ်ခြင်း၊ ခေါင်းလောင်း စိမ်ထားသော ရေတို့ကိုသောက်ခြင်း အမှုပြုကြ၏။ တစ်နေ့လျှင် ရေဂါလံ တစ်သောင်းကျော် ကုန်သည် ဟူ၏။

သံသေရေက ဖန်တွတ်တွတ်အရသာရှိတယ်။ လူသတ္တဝါတွေရဲ့ သည်းခြေကို ထက်မြက်စေတယ်။ အကြောင်းညီညွတ်ပါက ၉၆ ပါးရောဂါ ပျောက်ကင်း စေတယ်၊ လိပ်ခေါင်းပျောက်သွားပြီ။ ဗိုက်နာရောဂါ မရှိတော့ဘူး စသည်ဖြင့် လူပြောများလာတဲ့အခါ ကျွန်တော်လည်း ရွှေတိဂုံဘုရားပေါ်တက်ခဲ့ပါတယ်။ လူများတန်းစီနေသည့် အတိုင်းဝင်ရောက် တန်းစီ လိုက်၏။ လူတန်းကြီးက အတော်များ၏။ သံသေရေများ သောက်ကြကုန်၏။

ကျွန်တော့်အလှည့် ရောက်သောအခါ သံသေရေ တစ်ခွက်သောက်ပြီး ဓာတ်လုံးလက်စွပ်နှင့် ၎င်းသံသေခေါင်းလောင်းကို ပွတ်တိုက်လိုက်၏။ အိမ်သို့ပြန်ရောက်ပြီး ညနေ ၅ နာရီခန့်တွင် ရသေ့ သုံးပါး အလှူခံလာရပ်၏။ ‘အရှင်ဘုရားတို့ ဘာအလိုရှိပါသလဲ ဘုရား အိမ်ထဲကြွတော်မုပါ ဘုရား’ ရသေ့သုံးပါး အိမ်ထဲရောက်ရှိတဲ့အခါ အကြီးဆုံး သောရသေ့က “ဒကာ ဘရသေ့တို့ ဘာမှအလိုမရှိဘူး တို့လာတာ ဒကာ့ရဲ့ဓာတ်လုံးကို လာအလှူခံတာပါ” လို့ပြောလိုက်တဲ့အခါ ကျွန်တော် အံ့သြသွားပါတယ်။

‘အရှင်ဘုရားတို့ ဆန်ဆီဆေးဆား ကြိုက်တာ အလှူခံပါ တပည့်တော် လှူပါ့မယ်။ ဒီဓာတ်လုံးက ဘကြီး ပေးခဲ့တာမို့ မလှူချင်ပါဘူး ဘုရား’

“အေး တကာ လှူချင်တာ မလှူချင်တာ ဘရသေ့တို့နဲ့ မဆိုင်ဘူး ဒီနေ့ ဒကာ ဘာအမှားလုပ်ခဲလဲ ဆိုတာ သိရဲ့လား။ အဲဒီအမှားကြောင့် သက်ဆိုင်ရာက ဓာတ်လုံးကို သိမ်းခိုင်းလို့လာသိမ်းရတာပဲဖြစ်တယ်” ထိုသို့ပြောလိုက်တဲ့အခါ ကျွန်တော် တုန်လှုပ်သွားပါတယ်။ ဘာရည်ရွယ်ချက်မှ မရှိဘဲ သိဒ္ဓိလိုချင်လို့ သံသေခေါင်းလောင်းကို ဓာတ်လုံးဖြင့် တို့မိတဲ့အမှား ကြောင့်လို့ သိရတဲ့အခါ ဝမ်းနည်းသွားမိပါတယ်။

“ဒီလိုဆိုရင်လည်း တပည့်တော် လှူလိုက်ပါ့မယ် ဘုရား” ဓာတ်လုံးလက်စွပ်ကို ချွတ်ပြီး ဘရသေ့ကြီးထံ လှူလိုက် ရပါတော့တယ်။ မိမိရဲ့မဆင်မခြင်အမှား တစ်ခုကြောင့် အမြတ်တနိုးထားခဲ့ရတဲ့ ဓာတ်လုံး အသိမ်းခံလိုက်ရပါတော့တယ်။ အသင်တို့လည်း ဆင်ခြင်နိုင်ကြပါစေရန် ထိုခေတ်ထိုအခါက အမှန်တကယ် ဖြစ်ရပ်မှန် တစ်ခုကို ရေးသားလိုက်ရပါ၏။

Naymyo(Royal Oo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page