ယနေ့ည ၁၀ နာရီမှ မနက် (၆) နာရီအထိ အာကာသထဲမှ ကြယ်မိုးများ ဆက်တိုက် ရွာသွန်းမည်
၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၂ ရက် နဲ့ ၁၃ ရက် နံနက်ခင်းများမှာတော့ ပါးစီးယပ်စ် လို့ခေါ်တဲ့ ကြယ်တာရာများရှိရာ အရပ်မှ ကြယ်မိုးများစွာ ရွာသွန်းဖြိုးခြင်းဖြစ်စဉ်ကို မိုးတိမ်ကင်းစင်ပါက စောင့်မျှော်ကြည့်ရှုလို့ ရနိုင်ပါပြီ။ကြယ်ကြွေတယ်ဆိုတာ ကျနော် မကြာခဏပြောထားသလို.. အာကာသအတွင်း မျောလွင့်နေတဲ့ ဥက္ကာခဲ၊ ဥက္ကာမှုန်များနဲ့ ကမ္ဘာ့လေထုတို့ ပွတ်တိုက်ရာက လောင်ကျွမ်း ပေါ်ထွက်လာတဲ့ အလင်းတန်းများ ဖြစ်ကြပါတယ်။
ယခုတစ်ခေါက် ပွတ်တိုက်လောင်ကျွမ်းမယ့် ဥက္ကာခဲမှုန်များကတော့.. ကြယ်တံခွန် 109P/ Swift-turttle ရဲ့ လမ်းကြောင်းမှာ ကျကျန်နေခဲ့တဲ့ ကျောက်ခဲမှုန်များပဲဖြစ်ပါတယ်။ကျနော်တို့ ကမ္ဘာဟာ အဲ့ဒီ့နေရာကို နှစ် စဉ် ဇူလိုင်လ ၁၇ ရက်မှ ဩဂုတ်လ ၂၄ ရက်အတွင်း ဖြတ်သန်းလေ့ရှိပြီး ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ကျောက်ခဲ အများဆုံး ရှိတဲ့နေရာကို ဖြတ်သန်းတဲ့အတွက်.. ကြယ်မိုးတွေ ရွာသလို တစ်နာရီကို အလုံး (၁၀၀) လောက် လောင်ကျွမ်း ကျဆင်း (တနည်း) ကြွေကျခြင်း ဖြစ်ပါတယ်။
ညကောင်းကင်မှာ အရပ်မျက်နှာကို ဖော်ပြကြတဲ့အခါ.. ကြယ်တာရာ၊ ရာသီ၊ နက္ခတ် များနဲ့ ဖော်ပြကြရပါတယ်။ ယခု ကြယ်ကြွေခြင်းကို မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက.. ပါးစီးယပ်စ် (Perseus constellation) လို့ခေါ်တဲ့ ကြယ်စုကို ရှာဖွေကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုကြယ်စုဟာ လက်ရှိအချိန်မှာ ည (၁၀) နာရီကျော်လောက်မှ အရှေ့ (မြောက်) ဘက် အရပ်ကနေ ပေါ်ထွက်လာတာဖြစ်ပြီး အမြင့်ဆုံး (အများဆုံး) ကြွေကျမယ့်အချိန်ဟာ နံနက်ခင်းပိုင်း (၆) နာရီ ဝန်းကျင်မှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် နံနက်ခင်း နေမထွက်မီအချိန်ဟာ အကောင်းဆုံးတွေ့မြင်ရမယ့် အချိန်လို့ ဆိုနိုင်ပါတယ်။ ကြယ်ကြွေတာကို မှောင်သောနေရာ (တနည်း) ပြင်ပအလင်းရောင် အားနည်းတဲ့ နေရာကနေ ကြည့်ရပါတယ်။
သို့ပေမယ့်.. ဒုတိယဝါဆို လဆုတ်လခြမ်းရဲ့ အလင်းရောင် အနှောက်အယှက်ကတော့ ရှိနေနိုင်ပါတယ်။ နေမထွက်မီ ကပ်ပြီး အရှေ့မြောက်အရပ်ရဲ့ ၄၉ ဒီဂရီ အမြင့်လောက်ကို မော့ကြည့်မိလျှင်တော့.. တစ်နာရီကို ၁၁၄ လုံးလောက် ကြွေဆင်းမယ့် ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) များကို သင်မြင်တွေ့ရနိုင်ပါတယ်။ အာကာသဝါသနာရှင်များအတွက်…
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)