“စျေး အစ၊ ဇာတ် အလယ်၊ ဖာ အဆုံး” ဟူသော ရှေးစကားပုံ၏ အဓိပ္ပါယ်

“စျေး အစ၊ ဇာတ် အလယ်၊ ဖာ အဆုံး”

ဒီစကားလေးက မိတ်ဆွေတို့ရဲ့ရင်ကို တခုခုဖြစ်ပေါ်စေလိမ့်မည်ဟု ထင်မိပါသည်။ ဖာ ဆိုသောစကားက အဓိပ္ပါယ်နှစ်ခွထွက်နေသောစကားဖြစ်ပါသည်။ မိတ်ဆွေတို့ရင်ထဲတွင် ဖာဆိုသောစကား ကြားသည်နှင့် ယုတ်ညံ့သောစကားဟု ထင်ကောင်းထင်ပါလိမ့်မည်။ ထိုအတွေးနှင့်အတူ စကားတစ်ခုကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည်။

“စျေးအစ ဇာတ်အလယ် ဖာအဆုံး” ဆိုတဲ့ ရှေးလူကြီးသူမတို့၏ အချိန်ကာလနှင့် နေရာဒေသ ရွေးတတ်ရန်မှာကြားခဲ့သော စကားစုသည် ယခုခေတ်ကာလတွင် ရိုင်းပြသောနေရာတွင်သုံးနှုန်းနေကြသည်မှာ သိပ်ကိုဝမ်းနည်းဖို့ကောင်းပါသည်။

စျေးအစဆိုသည်မှာ..

စျေးဝယ်မည့်သူသည် မနက်စောစောထ၍ စျေးအစဆုံးဖွင့်ချိန်တွင် သွားရောက်ဝယ်ယူရမည်ဟု ဆိုလိုပါသည်။ ထိုသို့ စျေးအစဆုံးဖွင့်ချိန်သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ်ကောင်းမွန်သော ကုန်စည်များကို ဝယ်ယူနိုင်မှာပါ။ စျေးအစတွင်မဝယ်ယူပဲ နောက်ကျ မှ သွားရောက်ဝယ်ယူလျှင် သူများမလိုချင်၍ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်စျေးအစဟု ဆိုရေးရှိတာပါ။

ဇာတ်အလယ်တဲ့..

ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဗုဒ္ဓဝင်တို့ ပြဇာတ်တို့ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြတတ်သောကြောင့် ဇာတ်ကြည့်မယ်ဆိုလျှင် ညလယ်ပိုင်းသည် အဓိကကြည့်သင့်သည်ဟု ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။

ဖာ အဆုံးတဲ့..

ယခုစကားပုံတွင်ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကိုပြောတာဖြစ်ပါသည်။ အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်းသိမ်းဆည်းထားနိုင်သော သေတ္တာကဲ့သို့သော ဖာသေတ္တာကို ဆိုလိုခြင်းဖြစ်သည်။

ထိုဖာများကို ရောင်းချမည့်သူများသည် ဖာသေတ္တာများကို အဆင့်ဆင့်ထပ်ကာ ထမ်းပိုးရောင်းချကြပါသည်။ ထိုသို့ အဆင့်ဆင့်ထပ်ထားသော ဖာသေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်းခိုင်မာသော ဖာကိုထားလေ့ရှိပါသည်။ သို့မှသာ အောက်ဆုံးဖာသည် သူ့အပေါ်မှဖားများ၏ အလေးချိန်ကို ခံနိုင်မှာဖြစ်ပါတယ်။

ထို့ကြောင့် ဖာသေတ္တာဝယ်ယူမည်ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ညွှန်ကြားထားတာဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် “စျေးအစ ဇာတ်အလယ် ဖာအဆုံး” ဟူသော စကားပုံအဓိပ္ပါယ်ကို မှန်ကန်စွာသိ၍ အခြေအနေအချိန်ကာလကို သိတတ်သူများ ဖြစ်ကြပါစေဟု ဆန္ဒပြုရင်း..

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page