မော်လမြိုင်ဆေးရုံကြီးမှ စိတ်ဝေဒနာရှင် ကိုဗစ်လူနာ (၁) ဦး လွတ်ထွက်သွားသဖြင့် ပြန်လိုက်ခေါ်ခဲ့ရ

မော်လမြိုင်ဆေးရုံကြီးမှ စိတ်ဝေဒနာရှင် ကိုဗစ်လူနာ (၁) ဦး လွတ်ထွက်သွားသဖြင့် ပြန်လိုက်ခေါ်ခဲ့ရ

နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခန့်က မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီး ကိုဗစ် ကုသရေးစင်တာ Isolation Ward 3 တွင် ကုသမှုခံယူနေသော စိတ်ဝေဒနာရှင် ကိုဗစ် လူနာတစ်ဦး အပြင်ထွက်သွားသဖြင့် ပြန်လိုက်ရှာဖွေ ခေါ်ယူခဲ့ရကြောင်း သိရသည်။

အသက် ၄၀ ခန့်အရွယ် အဆိုပါ စိတ်ဝေဒနာရှင် အမျိုးသားလူနာကို မော်လမြိုင်မြို့နယ် သံလွင်ဥယျာဉ်ပန်းခြံအတွင်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြန်လည်ရှာဖွေခဲ့သည့် Mawlamyine Rescue Organization အသင်းမှ ကိုတရုတ်က ပြောသည်။

“ဆေးရုံကနေ ထွက်ပြေးသွားတယ် ဆိုပြီး ဖုန်းဆက်လာတော့ ကျနော်တို့ PPE အပြည့်ဝတ်ပြီး လိုက်ရှာတော့ သံလွင်ဥယျာဉ်ပန်းခြံထဲမှာ တွေ့တယ်။ သူက စိတ်သိပ်မနှံ့ဘူးဗျ။ အသက် ၄၀ လောက်ရှိပြီ။ စကားပြောရင် သားက သားက နဲ့ပြောတယ်။ ကျနော်တို့က အကို ဘယ်သွားတာလဲဆိုတော့ သူ လမ်းမှားသွားတာပါတဲ့။ ထွက်ပြေးသွားတာလည်း မဟုတ်ပါဘူး။ အဲ့ဒါနဲ့ ကျနော်တို့လည်း ဒါဆို ကားပေါ်တက်ဆိုတော့ သူတက်တယ်။ ဆွဲလားရမ်းလားလည်းဘာမှမဖြစ်ပါဘူး” ဟု ကိုတရုတ်က ပြောသည်။

လက်ရှိ မော်လမြိုင်မြို့တွင် ကိုဗစ် လူနာများ နေ့စဉ်တိုးနေသည့်အတွက် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားရာ အဆိုပါ အပြင်ထွက်သွားသော လူနာနှင့် ပြင်ပ၌ ထိတွေ့မှုရှိခဲ့သူ တစ်ဦးမှ မရှိကြောင်း ကိုတရုတ်က ဆိုသည်။

ယင်းနောက် ၎င်းလူနာကို ဆေးရုံသို့ ပြန်ပို့ပေးခဲ့ရာ ဆေးရုံတာဝန်ရှိသူက PPE ဝတ်စုံပြည့်ဖြင့် ပြန်လည်ခေါ်ယူသွားခဲ့ကြောင်း ၎င်းပြောပြချက်အရ သိရသည်။ မော်လမြိုင်တွင် ယခုရက်ပိုင်းအတွင်း မည်သို့မည်ပုံ ကူးစက်ခံရမှန်းမသိသော ကိုဗစ် လူနာများ တွေ့ရှိနေရကြောင်း ၎င်းပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page