နေ့မြင် ညပျောက် ဖြစ်နေတဲ့ ကိုဗစ်နှင့် အထူးသတိထားရမယ့် သက်ကြီးရွယ်အိုများ

“မြောက်ဥက္ကလာအရေးပေါ်ဌာနမှ ခေတ်သစ်ကြယ်ငါး ပုံပြင်” (နေ့မြင် ညပျောက် ဖြစ်နေတဲ့ ကိုဗစ်နှင့် အထူးသတိထားရမယ့် သက်ကြီးရွယ်အိုများ)

(လူနာ ၁) အဖေ ဖျားပြီးချောင်းဆိုးပြီးမောနေတာ နှစ်ရက်ရှိပြီ သည်နေ့ပိုမောလာတယ် ဆီးချိုရော သွေးတိုးရော ရှိတယ် ဆေးတွေတော့ သောက်တစ်လှည့်မသောက်တစ်လှည့်ပဲ ကျနော်တို့ သားအဖတွေ ဆေးရုံကိုလာခဲ့တယ် ဆရာဝန်မကမေးတယ် ဖျားနာသံသယလူနာတွေနဲ့ ထိတွေ့ခဲ့လား (အိမ်ကိုအလည်လာသွားတဲ့ အဒေါ်နှစ်ယောက်က အနံ့မရလို့ ဆေးရုံတက်ရပေမယ့် ပြောလိုက်ရင် ပစ်ထားမှာစိုးလို့ လိမ်တယ် ဒါကနောက်မှ ပြန်သိရတာ)

လူနာက တစ်ပတ်အတွင်း မောတာဖျားတာ ချောင်းဆိုးတာ မို့လို့ နောက်ပြီး သွေးတွင်းအောက်စီဂျင်ကလည်း ငါးဆယ်ပတ်ချာလည်ပဲရှိတယ် (၉၂ အောက်ဆိုရင်ပဲ မကောင်းတော့ဘူး) လူနာကို အရေးပေါ်ပြင်းထန်သံသယ လူနာခန်းထဲ ထည့်လိုက်တယ် PPE နဲ့ဆရာဝန်တွေဆရာမတွေ လူနာကိုချက်ချင်းပဲ အောက်စီဂျင်ပေး ဓာတ်မှန်ရိုက် ဖွေးပြီးဆုတ်ပြတ်နေတဲ့ အဆုတ် အဖေက သတိတော့ကောင်းဆဲ အသက်ရှူစက်တင်လိုက်ကြတယ်..

အချိန်က ည ရှစ်နာရီ ကျနော်သူ့ကိုစက်စတင်တယ် စက်ကကူရှူပေးရတဲ့ အားအများကြီး သုံးထားရတယ်။ ဘယ်လိုမှ ပြန်လျှော့လို့မရဘူး လူနာရဲ့သားကိုရှင်းပြတယ် အခြေအနေမကောင်းဘူး ကိုဗစ် ရောဂါရှိနေတာနဲ့တူတယ် ခင်ဗျားလည်းကူးနိုင်တယ် အကူးခံနိုင်တယ် အနားမှာနေပါရစေဆိုရင်တော့ ပေးနေမယ် သူ့အဖေကို စက်ကခဏဖြုတ်ပေးတဲ့အချိန် သူရေတိုက်တယ် အားပေးတယ် သေးအိုးဘာညာလုပ်ပေးတယ် ညရှစ်နာရီကတည်းက မနက်ရှစ်နာရီအထိ သူမအိပ်ပဲပြုစုတယ် အတူတူရှိနေခဲ့ကြတယ်။

ဖျားနာသံသယလူနာဆောင်တွေ ပြည့်နေလို့ လူနာက ညရှစ်နာရီကတည်းက နောက်နေ့မနက်ရှစ်နာရီ နေ့လည်အထိအရေးပေါ်ဌာန ပြင်းထန်လူနာခန်းမှာ စက်နဲ့ ရှူနေရတယ်..

(လူနာ ၂) အမေ ဖျားပြီး ချောင်းဆိုးတယ် တစ်ပတ်လောက်ရှိပြီ လမ်းလျှောက်ရင်ကို မောတာတဲ့ ဒါပေမယ့် နားလိုက်ရင် သက်သာတယ် ဖြစ်ကာစက ဆရာဝန်ဆီ ဖုန်းဆက်မေးပြီး ဆေးတိုက်တယ် ဒါပေမယ့် သေချာပြန်မပြဖြစ်ဘူး ဆီးချိုအခံရှိပေမယ့် သေချာမကုဖြစ်ဘူး ကောင်းနေတော့ပျောက်သွားပြီထင်တာလေ..

နားနေရင် သက်သာတော့ အဆင်ပြေတယ်ပဲပေါ့ အစားလည်း စားတယ်လေ အခု ဆေးရုံမရောက်ခင် နှစ်နာရီလောက်ကမှ ဆန်ပြုတ်လေးသောက်ပြီး အိပ်ယာဝင်တာ တစ်နာရီလောက်နေတော့ အမေ ဂရူးဂရူးဖြစ်သံကြားလို့ သွားကြည့်တော့ အမေသတိလစ်နေတယ် အဲ့တာနဲ့ ဆေးရုံခေါ်လာတာ..

အချိန်က ညဆယ့်နှစ်နာရီ ပြင်းထန်သံသယလူနာခန်းထဲ တန်းထည့်လိုက်တယ် အသက်ရှူဘောလုံးနဲ့ ကူညှစ်တယ် အောက်စီဂျင်က မတက်လာဘူး CT ခေါင်းကို ရိုက်တယ် ဘာမှ မတွေ့ဘူး အဆုတ်ကို ဓါတ်မှန်ရိုက်တယ် နှစ်ဖကစလုံး ဖွေးပြီး ဆုတ်ပြတ်နေပြီ လူနာအခြေအနေမကောင်းဘူး အချိန်မရွေးသေသွားနိုင်တယ်…

ဒါပေမယ့် ကျနော်တို့ ပစ်မထားနိုင်ခဲ့ဘူး အသက်ရှူစက်တင်တယ် အောက်စီဂျင်တွေ ပြန်တက်လာတယ် သတိပြန်တက်လာတယ် ရောဂါပိုးရှိနေတာ သေချာသလောက်ရှိတယ် ကူးလည်းကူးနိုင်တယ် ရှင်းပြပေးပြီး နောက်ဆုံးအချိန်ဖြစ်န်ုင်လို့ သမီးကို ပေးဝင်ခဲ့တယ် ညဆယ့်နှစ်နာရီကနေ နောက်ထပ် မနက်မိုးလင်းထိ သူတို့သားအမိ စကားပြောခွင့် (အမေကတော့ စက်နဲ့ရှူရတာဆိုတော့ စကားပြောမရ) ပြုစုခွင့်ရတယ် ဖျားနာသီးသန့် လူနာဆောင်တွေပြည့်နေလို့ လူနာဟာ အရေးပေါ်ဌာနရဲ့ Fever room ပြင်းထန်သံသယ လူနာကြည့်ခန်းမှာပဲ စက်နဲ့ဆက်နေရတယ် စရောက်တဲ့ ညဆယ့်နှစ်ကနေ နောက်နေ့ နေ့လည်အထိ..

ပထမလူနာနဲ့ အတူတူ အခန်းထဲမှာ သားအဖနှစ်ယောက် သမီးအမိနှစ်ယောက် လူနာနှစ်ဦး လူနာစောင့်နှစ်ဦး၊ ကျနော်လည်း ညဂျူတီပြီးတော့ မနက်ကိုးနာရီလောက်ကျတော့ အိမ်ပြန်လာတယ် ​ညနေလောက်ထိ သူတို့နေရာမရကြသေးဘူး အရေးပေါ်က အခန်းထဲမှာ စက်နဲ့ရှူတုန်းပဲတဲ့၊ ညပိုင်းလောက်ကျနေရာရသွားတယ်ပြောတယ်..

ဒါပေမယ့် ဆေးရုံရောက်ပြီးနောက် ၄၈ နာရီအတွင်း သူတို့ ကိုဗစ် positive ဆိုတာ အဖြေမသိရခင်မှာပဲ လောကကြီး နှုတ်ဆက်ထွက်ခွာသွားကြပြီ ကျနော်တို့ ကြယ်ငါးကောက်ဖို့ကြိုးစားခဲ့ကြတယ် အနည်းဆုံးတော့ မသေချာတဲ့နောက်ဆုံးအချိန်လေးတွေကို ဆွဲဆန့်ပြီး နှုတ်ဆက်ခွဲခွာခြင်းတွေမှာ ဖြေသာဖို့ ရာပဲ စွမ်းဆောင်နိုင်ခဲ့တယ်..

ကြိတ်မကုပါနဲ့ စည်းကမ်းလိုက်နာကြပါ ဆရာဝန်ညွှန်ကြားချက်လိုက်နာပါ နှာခေါင်းစည်းသေချာတပ်ပါ နှာခေါင်းမတပ်သူကို ရှုံ့ချပါ လက်ဆေးပါ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့..

အများစုက အကူးခံရပေမယ့် အကောင်းအတိုင်းဖြစ်နေတဲ့အခါ သူတို့ရဲ့ စည်းကမ်းပျက် ပေါ့လျော့မှုတွေက မိသားစုဝင်တွေအတွက် ဒုက္ခတွေ ဖြစ်လာတယ် အထူးသဖြင့်တော့ အသက်ကြီးပိုင်း ရောဂါအခံရှိသူတွေပေါ့..

ကျနော်တို့ ရင်ထဲမကောင်းဘူး နေ့တိုင်းလိုလို ကြယ်ငါးကောက်နေခဲ့ပေမယ့် ကြယ်ငါးလေးတွေ ပင်လယ်ထဲပြန်ရောက်မသွားကြတော့ဘူး..

Zaw Thiha

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page