ကိုဗစ်ဒုတိယလှိုင်းကို တဗိုလ်ကျ တဗိုလ်တက်နဲ့ ရင်ဘောင်တန်းပြီး ခုခံရမယ့် မြန်မာပြည် (စိတ်ဓာတ်မကျနဲ့ မနက်ဖြန်ဆိုတာ ရှိသေးတယ်)

ကိုဗစ်ဒုတိယလှိုင်းကို တဗိုလ်ကျ တဗိုလ်တက်နဲ့ ရင်ဘောင်တန်းပြီး ခုခံရမယ့် မြန်မာပြည် (စိတ်ဓာတ်မကျနဲ့ မနက်ဖြန်ဆိုတာ ရှိသေးတယ်)

အတူတကွ လျှောက်လှမ်းရခြင်းများ

မြန်မာပြည်ကတော့ ကိုဗစ် ဒုတိယလှိုင်းကို ဖြတ်သန်းနေရပီဖြစ်ပါတယ်။ မြင့်မားလာတဲ့ လူနာအရေအတွက်၊ ကန့်သတ်ချက်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အနေအထား၊ စက်ပစ္စည်းတွေနဲ့ နေရာထိုင်ခင်း အစရှိတာတွေကိုလဲ ထိန်းပီး လုပ်ကိုင်နေရပါတယ်။ ရှေ့တန်းက လူတွေလဲ အလွန်ပင်ပန်းနေကြပါပီ။ ပြည်သူတွေထဲမှာလဲ ကြောက်လန့်နေသူတွေရှိတယ်။ ဂရုမစိုက်သူတွေလဲ ရှိတယ်။ ဂရုစိုက်ချင်သော်လည်း ဝမ်းရေးအရ အံကြိတ်လုပ်နေရသူတွေလဲရှိတယ်။ အများစု ရင်ထဲမှာတော့ ပူပင်မှုတွေ အပြည့်နဲ့ပါပဲ။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေး အကုန်လုံးကို စိတ်ပူနေကြရပါတယ်။ ဒါပေမယ့် ဖြတ်သန်းနေရဆဲပါပဲ။

တမနက် မိုးလင်းလာတယ်။ လူနာ ဘယ်နှယောက်လဲ ကြည့်ကြတယ်။ လန့်ကြတယ်။ စိတ်ပူကြမယ်။ နောက် ညရောက်လာတယ်။ လူနာစာရင်း ကြည့်ကြတယ်။ လန့်ကြတယ်။ စိတ်ဓာတ်ကျကုန်ကြတယ်။ ဒီလိုနဲ့ နေ့စွဲတွေ တရက်ပီး တရက် ဖြတ်သန်းလာခဲ့ကြတာ အခုဆို ၁လ နီးပါးရှိတော့မယ်။ ၁ လ ဆိုတဲ့အချိန်က မသေးပါဘူး။ ပိုးကူးစက်မှုကလဲ နောက် ၂ ပတ်လောက်ထိ လျှော့ကျဖို့ မရှိသေးဘူး။ မြင့််နေဦးမှာပါပဲ။ ဒီအချိန်မှာ အားတင်းထားကြဖို့ ပြောပေမယ့် လူအများစုက စိတ်ဓာတ်ကျနေကြပါပီ။ မကျကြပါနဲ့ဦး။ ဒီတိုက်ပွဲကို အနိုင်တိုက်ကြရအောင်ပါ။

တရက် တရက် နေထွက်လာတိုင်း တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းက ကုသနေကြတယ်။ အစိုးရဝန်ထမ်းတွေလဲ ရုံးတက်နေကြတုန်းပဲ။ အပြင်လုပ်ငန်းတွေလဲ ဆက်လက်လည်ပတ်နေဆဲ။ ပြည်သူတွေလဲ ဝမ်းရေးအတွက် ရုန်းကန်နေရဆဲပါ။ တရက်ပီး တရက် ကိုယ့်အလုပ် ကိုယ်လုပ်နေကြရင်း ကျော်ဖြတ်နေကြတာပါ။ ပိုထူးလာတာက ရောဂါကာကွယ်ဖို့ သတိထားနေထိုင်ရတာလေး တခုပါပဲ။

စိတ်ဓာတ်မကျပါနဲ့။ နေ့သစ်တိုင်းကို လူသားတိုင်း အတူတူ ကျော်ဖြတ်ကြရတာပါ။ ကျနော်တို့လဲ ရင်ဆိုင်မယ်။ ခင်ဗျားတို့လဲ ရင်ဆိုင်ကြရတာပါပဲ။ အားလုံးဟာ အတူတကွပါပဲ။ ကုသရသူက ကုမယ်။ သံသယရှိသူက သတ်မှတ်နေရာမှာ နေရမယ်။ ရောဂါပိုး ကူးစက်ခံရသူက ဆေးရုံမှာ နေရမယ်။ ကျန်သူတွေက ကိုယ့်အလုပ်ကို ဆက်လုပ်နေကြမယ်။ ပြန်ကောင်းလာသူက တာဝန်တွေ ပြန်ထမ်းဆောင်မယ်။ နေမကောင်းဖြစ်လာသူက ဆေးရုံကို ပြန်လာမယ်။ ဒီလိုပဲ သံသရာလည်ရင်းနဲ့ ကျော်ဖြတ်သွားကြရမှာပါ။

ဘာမှမလုပ်ရသေးခင် ဘာမှကူးစက်မှု မခံရသေးခင်ထဲက ကြိုတွေးပီး စိတ်ဓာတ်ကျနေမယ်ဆို လူဖြစ်ရှုံးပါတယ်။ အရာရာကို ကောင်းမွန်တဲ့စိတ်၊ အရှုံးမပေးတဲ့ ဇွဲနဲ့ ကျော်ဖြတ်ပါ။ ရောဂါရှိနေသူတွေကလဲ ငါပြန်ကောင်းရမယ်ဆိုတဲ့စိတ်ဓာတ်၊ မရှိသေးသူကလဲ ငါ မကူးစက်အောင် ကြိုးစားနေမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရဲရဲတောက်ဖြတ်သန်းကြပါ။ လှေခွက်ချည်းကျန် အလံမလှဲပဲ တိုက်ပွဲဝင်ကြပါ။ အားလုံးဟာ ဒုတိယလှိုင်းကို အတူတကွ ဖြတ်သန်းနေကြတာပါ။ တယောက်ထဲ ရင်ဆိုင်ကျော်လွှားနေရတာ မဟုတ်ပါဘူး။ စိတ်မလျှော့လိုက်ပါနဲ့။ မနက်ဖြန်များစွာ ရှိပါသေးတယ်။ အားတင်းထားပါ။

ဒီစာကို ဖတ်နေတဲ့သူက ဆေးရုံကုတင်ပေါ်က လူနာတယောက်လဲဖြစ်ကောင်းဖြစ်မယ်။ ရန်ကုန် သို့ ရခိုင် သို့ တချို့မြို့တွေပေါ်က သတ်မှတ်ထားတဲ့ နေရာမှာ နေထိုင်ရင်း ဖတ်လိုက်ရတာလဲ ဖြစ်ကောင်းဖြစ်မယ်။ ရွာအပြင်က တဲကလေးမှာ ခြင်ကိုက်ခံရင်း တယောက်ထဲ ဒုက္ခခံလို့ တရွာလုံးနဲ့ တယောက် မလဲရစေဖို့ စွန့်စားလိုက်တဲ့ လူငယ်လေးလဲ ဖြစ်ကောင်းဖြစ်မယ်။ နေရထိုင်ရတာ အဆင်မပြေပေမယ့် အများအကျိုးအတွက် အတ္တနဲ့ ပရကို ဖလှယ်ပီး ကိုယ်တိုင်သတင်းပေး Q ဝင်လိုက်သူလဲ ဖြစ်ကောင်းဖြစ်မယ်။

အိမ်မှာ သက်တောင့်သက်သာ ထိုင်နေရင်းနဲ့ လူနာတွေ များလာပီဆိုပီး ပြတင်းပေါက်ကနေ ငေးကာ စိတ်ဓာတ်ကျနေသူလဲ ဖြစ်ကောင်းဖြစ်မယ်။ အစားအသောက်အလျှံပယ်နဲ့ ဘီယာလေး ငုံရင်း နောက်တလလောက်တော့ အိမ်ထဲမှာပဲ အောင်းနေမှဖြစ်မယ်ဆိုတဲ့ သူကြွယ်ကြီးလဲ ဖြစ်ကောင်းဖြစ်မယ်။ အခန်းတခန်းမှာ လူဆယ်ချီ စုနေရပီး အိမ်မပြန်နိုင်တော့တဲ့အကြောင်း ငြီးတွားရင်း လက်ကျန်ငွေလေးနဲ့ အသက်ဆက်ဖို့ ရုန်းကန်နေရတဲ့ အလုပ်သမလေးတွေလဲ ဖြစ်ကောင်းဖြစ်မယ်။ကျူးကျော်တဲလေးမှာ စုပြုံတိုးနေရတဲ့ မိသားစုတွေကို မကြောက်ကြဖို့နဲ့ အားမငယ်ဖို့ အားပေးနေတဲ့ ရောဂါတွေကြား ဝမ်းတထွာကို ရှာဖွေရတဲ့ တနေ့လုပ် တနေ့စား အလုပ်သမားလေးလဲ ဖြစ်ကောင်းဖြစ်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခက်ခဲဆုံးအချိန်တွေမှာ တယောက်ကို တယောက် ဖေးမကြမယ်။ အတူတူ တိုက်ပွဲဝင်ကြမယ်။ အချိန်တိုင်းမှာ ခေါင်းတွေမေ့ထားမယ်။ အားတင်းထားကြမယ်။ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာမရွေး ကုသပေးကြမယ်။ ခက်ခဲတဲ့နေ့တွေ အမှောင်ဆုံးနာရီတွေမှာ အတူတကွ လျှောက်လှမ်းကြမယ်။

နောက်ဆုံးတနေ့… ဒီရောဂါကြီး ပြီးသွားပီဆိုတဲ့တနေ့မှာ…. အားလုံးနဲ့အတူ နေ့သစ်တခုရဲ့ နေရောင်ကို မိုးကောင်းကင် တခုထဲအောက်မှာ အတူကြည့်ကြမယ်။ ရုန်းကန်ခဲ့ရမှုတွေကို သတိရရင်းနဲ့ပေါ့……

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page