နေပြည်တော် ဆီးဂိမ်းမှာ သရဲ အပီအပြင် အခြောက်ခံရတဲ့ အတွေ့အကြုံ (ကိုယ်တွေ့ ဖြစ်ရပ်မှန်)

နေပြည်တော် ဆီးဂိမ်းမှာ သရဲ အပီအပြင် အခြောက်ခံရတဲ့ အတွေ့အကြုံ (ကိုယ်တွေ့ ဖြစ်ရပ်မှန်)

2013 Sea Gamesကျင်းပတုန်းက ပုံတွေပြန်တက်လာမှ သေချာကြည့်မိတယ်။ Gold Campမှာသရဲရှယ်ခြောက်ခဲ့တာပဲ​။လက်ညောင်းခံပြီး ပြန်ပြောပြဦးမယ်။အမှတ်တရများစွာထဲက ရင်ခုန်စရာအမှတ်တရတွေပေါ့။ အခုပြန်ပြောမှသာမကြောက်တော့တာ။

အဲ့တုန်းက ဒီလိုညတွေဆို ရာသီဥတုကအေးရတဲ့အထဲ ကိုယ်တွေသူငယ်ချင်းတစ်သိုက်မှာ ကြောက်တာမှ တုန်လို့။ကိုယ်နဲ့ မိုးကတော့ အဆိုးဆုံး။ ၂ထပ်ကုတင်တွေပေးထားတာတောင် အပေါ်နဲ့အောက်မအိပ်ရဲဘူး။ တစ်ယောက်စာ သေးသေးကျဉ်းကျဉ်းအောက်ကုတင်လေးကို ၂ယောက်ဆံ့အောင်အိပ်တာ။ သရဲကလည်း နည်းမျိုးစုံကိုခြောက်တာ။ အထီးရော၊အမရော အကုန်ကြုံခဲ့ရတယ်။

ပထမဆုံးအတွေ့အကြုံ

ကိုယ်တွေက Gold Campထဲက အဆောင်၂။ဟိုးအပေါ်ဆုံးထပ်။မျက်နှာချင်းဆိုင်အခန်းမှာလူမရှိ။ ကိုယ်တွေအခန်းထဲ ရေချိုးခန်းအိမ်သာတွဲလျက် ၂ခုပါတယ်။ ကုတင်လေးတွေက ၂ထပ်လေးတွေ။ အခန်းထဲ သူငယ်ချင်းစုစုပေါင်း ၁၆ယောက် နေရတယ်ထင်တာပဲ။ ဒီလိုနဲ့တစ်ရက်။

အခန်းဖော်သူငယ်ချင်းတွေအားလုံးနဲ့ စုရပ်လားဘာလားမသိဘူး။အကုန်တံခါးပိတ်သွားကြတာပေါ့။ တော်တော်ကြာပြန်လာတော့ အခန်းထဲလည်းဝင်ရော အကုန်မျက်လုံးပြူးသွားခဲ့ကြတယ်။ဘာလို့လဲဆိုတော့ ကိုယ်တွေစီစီရီရီထားခဲ့ကြတဲ့အဝတ်တွေ၊ ဖိနပ်တွေ၊ အိတ်တွေ ၊ဗီရိုတွေက အပွင့်လိုက်နဲ့ ဖြစ်နေတာပဲ။ ဒါဟာသေချာပေါက် ကိုယ်တွေမရှိချိန် တစ်ယောက်ယောက် ဝင်မွှေသွားသလိုပဲလေ။ ကိုယ်အပါအဝင် အားလုံးကလည်း သူခိုးပဲထင်ပြီး တန်ဖိုးကြီးပစ္စည်းတွေ၊ ပိုက်ဆံတွေ စစ်ကြပေမယ့် တစ်ခုမှ မပျောက်တော့ အံ့ဩနေကြတယ်။

ခဏနေတော့ ရေချိုးခန်းဝင်တော့ ရေချိုးခန်းအပေါ်မှာ မျက်နှာကျက်ကိုဟထားတဲ့အပေါက်ကြီးကိုတွေ့တယ်။ဒါက အပေါ်ခေါင်မိုးကိုတက်လို့ရတဲ့အပေါက်။ မထူးဆန်းဘူး။ ထူးဆန်းတာက သေချာအခန်းထဲ လိုက်ကြည့်မှ နံရံတွေ နဲ့ မျက်နှာကျက်တွေမှာ ခြေရာအကြီးကြီးတွေပဲ။ ခြေရာက လူလိုဆိုရင် တစ်ဖက် တစ်ချပ်လှမ်းသွားတဲ့ပုံစံဖြစ်ရမှာမဟုတ်လား​။ ကိုယ်တွေအားလုံး တွေ့လိုက်ရတဲ့ခြေရာတွေက စုံလိုက်ကြီးတွေ။

စုံလိုက်ကြီး တောင်မှ ခုန်ခုန်ပြီး သွားမှ ရမယ့်ခြေရာတွေ။ ခြေရာတွေကလည်း မခြောက်တခြောက်ပဲရှိသေးပြီး အဲ့ခြေရာကြီးတွေက အခန်းထဲ နံရံနဲ့ မျက်နှာကျက်တစ်ချို့နေရာတွေထိ တက်ထားတာ။ လူဆို ဘယ်လို နံရံကို ဘေးတိုက်တက်လို့ရမလဲ၊ မျက်နှာကျက်အမြင့်ထိဇောက်ထိုး တက်လို့ရမလဲ။ နောက်ပြီး ခုန်ဆွခုန်ဆွ စုံခြေရာတွေလေ။ ကျောထဲချမ်းသွားကြပေမယ့် ဒါက မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ကြတယ်။ မထင်ခဲ့ဘူးလေ။တကယ်သရဲနောက်ပိုင်းမှာဆက်ခြောက်မယ်လို့။

ဒုတိယအတွေ့အကြုံ

မျက်နှာချင်းဆိုင်အခန်းက လူမနေဘူး။ ဒါပေမယ့် လှမ်းမြင်နေရတာက ပန်ကာတွေလည်နေတာတို့ ၊ အိမ်သာမီးပွင့်သလို ဘာတို့ပေါ့။ သူငယ်ချင်းတွေနဲ့အတူတူတောင် လှမ်းကြည့်ကြသေးတယ်​။ ဒါကလေတိုက်တာလည်း ဖြစ်နိုင်တာမို့ no problem
အေးအေးဆေးဆေးပဲ ဘေးအခန်းအကြောင်းကပြီးသွားကြပြန်တယ်။

တတိယအတွေ့အကြုံ

မိုးနဲ့ အိမ်သာသွားတက်တာ။ပြန်လည်းထွက်လာရော။ အနောက်နေ ဆောင့်တွန်းလိုက်သလိုပဲ။ တံခါးကြီးကဝုန်းကနဲပိတ်သွားတယ်။ သံလိုက်တံခါးလည်းမဟုတ်ဘဲ လူလည်းကြောင်သွားတာ။ ဒါလည်းစိတ်ထဲမရှိဘဲမေ့သွားပြန်ရော။ ကိုယ်နဲ့မိုးနဲ့ မန္တလေး အိမ်ခဏပြန်သွားတယ်။ ကျန်ခဲ့တဲ့သူငယ်ချင်းတွေထဲ သရဲခြောက်သလို ဖြစ်သေးတယ်ဆိုပြီး ပြောသေးတယ်။ အဲ့တာတော့ မရှိလိုက်တော့ မမှတ်မိတော့ဘူး။ မရှိလိုက်တာပဲကောင်းပါတယ်။မဟုတ်ရင် ဒီထက်ပိုကြောက်နေခဲ့ရမှာ။

စတုတ္ထအတွေ့အကြုံ

ကိုယ်တွေနေတဲ့ ၁၆ယောက်အခန်းက အပေါ်ဆုံးအထပ်။ ကိုယ်အိပ်တဲ့နေရာက ပြတင်းပေါက်က နေအောက်လှမ်းကြည့်ရင် လှေကားအဆင့်ဆင့်ကို မြင်ရတယ်။ ကိုယ်တွေအခန်းကိုဝင်တဲ့ တံခါးကိုလည်းမြင်ရတယ်။ တစ်ည ည၂နာရီလောက် တစ်ရေးနိုးလာတာ။ အားလုံးက အိပ်နေတော့ မီးအမှောင်ချထားပါရော။ ကိုယ်ကလျှာရှည်ပြီး ပြတင်းပေါက်က လိုက်ကာကိုဖယ်ပြီး အခန်းကိုဝင်တဲ့အပြင်ကတံခါးပေါက်ကို ကြည့်လိုက်တာ။

ဖျက်ကနဲ အခန်းတံခါးရှေ့ အဖြူရောင်ကြီး ဘာမှန်းမသိ မြင်လိုက်ရလို့ ဘေးကမိုးရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မျက်လုံးမှိတ် ဘုရားစာဆိုတာ။ အဲ့အချိန် ခြင်ထောင် ပတ်ပတ်လည် အမှောင်ထဲကနေ မျက်လုံးတွေနဲ့ ဝိုင်းပြီး စိုက်ကြည့်နေသလို ခံစားနေရပြီး ကြက်သီးမွှေး အကုန်ထောင်တာပဲ။

အဲ့လိုဖြစ်နေချိန် နှလုံးရပ်မတတ် ပိုဖြစ်သွားတာက တံခါးခေါက်သံကြီးကို ပီပီသသ ကျယ်ကျယ်ကြား လိုက်ရတာပဲ​။ “ဒုံး” “ဒုံး” ။ ပထမအကြိမ် နားကြားမှားတယ်ထင်တာ။ ဘုရားစာဆိုနေပေမယ့် ကြောက်နေတော့ ဘာဆိုလို့ဆိုနေမှန်းမသိဘူး။ ၅မိနစ်လောက်ကြာတော့ ထပ်ခေါက်တယ်။ “ဒုံး” “ဒုံး” “ဒုံး” ။ မရတော့ ဒီတစ်ခါတော့ဘူး။ “မိုး ထ ထ” “တံခါးခေါက်နေတယ်။” “ငါကြောက်တယ်။”အတူတူသွားကြည့်မယ်ဆိုတော့” သူကလည်းကြောက်တယ်ဆိုပြီး ၂ယောက်သားဆောင်းတွင်းကြီး ချွေးပြန်အောင် လက်တွေဆုပ်ဖက်ထားကြတာ။

သရဲဆိုတာ သေချာတယ်လေ။ မီးတွေကလည်း အကုန်ပိတ်ထားတာ။ ဘယ်သူမှ သတ္တိရှိရှိ အမှောင်ထဲလှေကား အဆင့်ဆင့်တက်ပြီး ကိုယ်တွေအပေါ်ဆုံးထပ်ထိ ည ၂ နာရီကြီး ဧည့်သည်မလာနိုင်ဘူးလေ။ဒ ါဆို တံခါးကို တဒုံးဒုံး ထုနေတာဘယ်သူလဲ။ အားကြီးနဲ့ထုတာမို့ ကျန်တဲ့သူငယ်ချင်းတွေ ကြားလား၊မကြားလား တော့မသိဘူး။ ကိုယ်နဲ့ မိုးနဲ့က တုန်နေအောင် ကြောက်တာပဲ။ ဘယ်လိုအိပ်ပျော်သွားမှန်းမသိ။

နောက်နေ့မနက် လင်းတော့ သူငယ်ချင်းအားလုံးက နိုင်ငံအသီးသီးက လာကြတဲ့လူကြီးတွေနဲ့ အားကစားသမားတွေ အတွက်ဘာသာပြန်ဆက်ဆံရေးအရာရှိလုပ်ကြဖို့အတွက်အသီးသီး ထသွားကြပြီလေ။ ကိုယ်က Indonesia ကပြေးခုန်ပစ်ဥက္ကဋ္ဌအတွက်တာဝန်ကျပေမယ့် သူကလေယာဉ်မဆိုက်သေးတော့ အဆောင်မှာ အားနေတာ ကိုယ်ပေါ့။ မိုးက အဲ့နေ့စောပြန်လာတယ်။ ၂ယောက်သားတစ်ခြား သူငယ်ချင်းတွေလည်း ပြန်မလာသေး မြို့မဈေးမုန့်ပတ်စားပြီး အဆောင်ပြန်လာခဲ့ကြတယ်။

အဆောင်အဝင်ဂိတ်ကနေ ကိုယ်တွေနေတဲ့ အပေါ်ဆုံးထပ်ကို လှမ်းကြည့်လိုက်တော့ ပြတင်းပေါက်မှာ မှန်ကြည့်နေတဲ့ ဂါဝန်အဖြူ၊ဆံပင်ရှည်ရှည်၊ ပိန်ပိန်ပါးပါးကောင်မလေးကို တွေ့လိုက်ကြတယ်။ ၂ ယောက်သားဝမ်းသာသွားပြီး အပေါ်လှေကားတက်လာတဲ့တစ်လျှောက် “သူတို့ပြန်ရောက်နေကြပြီဟ။ တော်သေးတယ်။ ညနေစောင်း နေဝင်တော့မယ့်အချိန်ကြီး ငါတို့၂ယောက်တည်း မဟုတ်ဘူး”ဆိုပြီး စကားပြောတက်လာကြတယ်။

အပေါ်လည်းရောက်ရော မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူတော့မသိဘူး။ ကိုယ့်မှာ ခေါင်းနပန်းကြီးပြီး ခေါင်းမွှေးအကုန်ထောင်တက်သွားသလိုပဲ။ “တံခါးကြီးက သော့လုံးဝမဖွင့်ရသေးဘူးလေ” ကိုယ်တွေပိတ်သွားခဲ့တဲ့အတိုင်းကြီး။ ဒါဆို ၂ယောက်လုံးတွေ့လိုက်ရတဲ့ ပြတင်းပေါက်က ဂါဝန်အဖြူနဲ့ ဆံပင်ရှည်ရှည် မိန်းကလေးက ဘယ်သူလဲ ခေါင်းထဲ အူကနဲအရမ်းကြောက်သွားပြီး ၂ ယောက်သား အော်ပြီး ပြေးဆင်းတာ။ ကိုယ်ဆို လှေကားကို ၃ ဆင့် ၄ ဆင့်လောက် ဘယ်လိုခုန်ချမိမှန်းကိုမသိဘူး။

နောက်တစ်ခါကကျ

မိုးနဲ့ကိုယ်နဲ့ ငတ်ကြီးကျပြီး မြို့မဈေးကပြန်အလာ နောက်ကျပါလေရော။ ည၇ခွဲ။ သိတဲ့အတိုင်း ၂၀၁၃နေပြည်တော်ဆိုတာ လမ်းပေါ်မီးတိုင်တွေကလွဲ ဘာမှမရှိဘူး။ လမ်းမကြီးတွေကလွဲ ဘေးက ခြုံ/ဒါမှမဟုတ် ကုန်းမြင့်တွေလေ။ ကိုယ်တွေ၂ယောက်ကို အပြန်၂၀၀ကျပ်တန် light truck busကားက လမ်းထိပ်တင်ထားခဲ့လို့ Gold Campဂိတ်ထိပ်ထိရအောင် တော်တော်ဝေးဝေး လမ်းလျှောက်လာခဲ့ကြတယ်။

မုန့်တွေကလည်းလက်ထဲအပြည့်ပဲ။ လမ်းတစ်ဝက်လောက်ရောက်တော့ Gold Campဂိတ်ကြီးကို လှမ်းမြင်ရတယ်။ တော်တော်တော့လှမ်းသေးတယ်။ ဂိတ်ကိုသေးသေးပဲမြင်ရသေးတာ။ ကိုယ်တွေ၂ယောက်လမ်းလျှောက်လာတဲ့ မီးထွန်းထားတဲ့ ဓာတ်တိုင်တစ်လျှောက်ရဲ့ လမ်းပေါ် မလှမ်းမကမ်းအရှေ့မှာ ရဲသားကြီးတစ်ဦးကို တွေ့တယ်။ “ဟဲ့ မိုးရယ်တော်သေးတာပေါ့။ ရဲသားဦးလေးကြီးရပ်နေတာမို့လို့။ မဟုတ်ရင် မိန်းကလေး၂ယောက်တည်း မလွယ်ဘူးပေါ့” စကားပြောလို့မှမဆုံးသေးဘူး။ ပြန်လည်း၂ယောက်သားမော့ကြည့်ရော အဲ့လူကြီးက မရှိတော့ဘူး။

၂ယောက်သား ကြောင်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိတယ်။ “ပျောက်သွားတာမဟုတ်ပါဘူးဟ။ ဓာတ်တိုင်အနောက်ရောက်ဝင်သွားတာနေမှဆိုပြီး ပြောရင်း အဲ့နားရောက်တော့ ဖုန်းမီးနဲ့ ထိုးကြည့်လိုက်မိတာ။ ဓာတ်တိုင်ရဲ့အနောက်မှာ ကုန်းမြင့်ချောက်ကြီးကလွဲ ဘာမှမရှိဘူး။ ရင်ထဲကို ဆို့တက်သွားတာပဲ။

တင်ပါးနဲ့ဖနောင့်တစ်သားတည်းဖြစ်အောင် ၂ယောက်သားပြေးကြတာ။ တစ်ခြားသေးသေးလေးတွေကတော့မမှတ်မိတော့ဘူး​။ သရဲခြောက်တဲ့ဒဏ်ကြောင့် အဆောင်မှူးကို သူငယ်ချင်းတွေနဲ့ အခန်းပြောင်းပေးဖို့သွားပြောကြပေမယ့် အခန်းကလည်းမရှိတော့တာကြောင့် Sea Gamesပြီးတဲ့နေ့ထိ အဲ့အခန်းမှာပဲဆက်နေဖြစ်ခဲ့ကြတယ်။ ဒါတွေဟာ 2013 Sea Gamesမှာ တွေ့ကြုံခဲ့ရတာတွေအများကြီးထဲက မှတ်မိသလောက် သရဲအပိုင်း သီးသန့်ပေါ့။

ဒီလိုနဲ့ ရေစက်က မကုန်တော့ 2014 Para Games မှာ Gold Campထဲ LOအနေနဲ့ ၂ယောက်သား ပြန်ရောက်ခဲ့ကြပြန်တယ်။ပြောင်းလဲသွားတာတစ်ခုက နတ်စင်ကြီးတွေ အကြီးကြီး ထိပ်မှာထပ်ဆောက်ထားတယ်။ဒီလိုနဲ့ ဝတ်စုံထုတ်ဖို့ စောင့်တဲ့တစ်နေ့ ည၉နာရီ လောက် မနီးမနား မီးရောင်အောက်အုတ်ခုံမှာ ၂ယောက်ထိုင်ရင်း 2013တုန်းက သရဲ အကြောင်းတွေပြန်ပြောပြီး ထိုင်ရယ်နေကြတာ။

“သရဲမ က နာမည်××××××တဲ့”ဟ။ နင်သတ္တိရှိရင်သူရှိသေးလားသိရအောင် အဲ့×××××နာမည်ခေါ်ကြည့်လေ” “ဟားဟားဟား” ဆိုပြီး စနောက်ပြီး ကိုယ်က တကယ်ခေါ်ချလိုက်တယ်။ ခေါ်သံအဆုံး အုတ်ခုံအနောက် ဘယ်သူမှ မနေတဲ့ အဆောင်အမှောင်ထဲကနေ ရေသန့်ဗူးအခွံကြီးနဲ့ “ဝုန်းကနဲ”လှမ်းပေါက်တာ။ အရမ်းအားပြင်းတယ်။ဒေါသထွက်ပြီး ထုပစ်ပေါက်လိုက်သလိုကြီး။ လုံးဝ ကြောက်စရာအရမ်းကောင်းလို့ အဲ့တုန်းက မျက်ရည်တောင် ဝဲတက်လာတယ်။ “တောင်းပန်ပါတယ်” အကြိမ်အကြိမ်ပြောပြီး ၂ယောက်သား လူတွေရှိတဲ့နေရာပြေးကြတော့တာပဲ။

အမှန်တိုင်းပြောရရင် အဲ့လိုတွေကြုံတိုင်းကြုံတိုင်း အရမ်းကြောက်ပြီး ဘုရားစာပဲဆိုမိတာ။အမျှမဝေဖြစ်ခဲ့ဘူး။ ငယ်သေးတာရော ၊ ကိုယ်အနား လိုက်ကပ်လာမှာကြောက်တာရောကြောင့် ဘုရားစာဆိုတာကလွဲအမျှမဝေခဲ့ဘူး။

ကဲ..ဒီလောက်ပါပဲရှင့်။ အပေါ်ကရေးထားတာတွေက ကိုယ်တွေကြုံတာလေးတွေ ရေးထားတာ။ ယုံတာမယုံတာတော့ မသိဘူး။ အခုရေးတာတောင် ပြန်တွေးရင်းကြောက်လို့ အမေ့ဘေးနားစောင်ခြုံရေးပြီး တင်ပေးလိုက်ပြီ။ Accထဲ Sea Gamesမှာ အတူတူပါဝင်ခဲ့ကြတဲ့ သူငယ်ချင်းတွေအများကြီးရှိတာမို့ အပန်းမကြီးရင် သရဲခြောက်တာကြုံဖူးရင်ပြောပြပါလား။

ဒါတောင်စည်ပင်ရိပ်သာအပိုင်းတွေ၊ ငယ်ငယ်က တက္ကသိုလ်ဆေးရုံပြတင်းပေါက်နေ သရဲမကို မျက်နှာအနီးကပ် ကြီးတွေ့လိုက်ရတာတွေ၊ ကုတင်ခြေရင်းမှာ မျက်နှာကျက်ထိ အရပ်အရှည်ကြီးနဲ့ ပြုံးပြုံးကြီး ကိုယ့်ကိုငုံ့ကြည့်နေတဲ့ သရဲအကြောင်းတွေမပါသေးဘူး။ ​ရေးရတာလက်ညောင်းလို့မပြောတော့တာ။ ခဏခဏအခြောက်ခံရတဲ့ ကိုယ်ကတော့အခုချိန်ထိ ကြောက်စိတ်ဝင်သွားတာပဲ။

Kiara Khristopher

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page