ကိုဗစ်ကို ကြိတ်ကုနေရင် ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်လာမယ့် အကြောင်းရင်း
ကိုဗစ်ကို ကြိတ်ကုနေရင် ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်လာမယ့် အကြောင်းရင်း
ကိုဗစ်ကြောင့် အသက်ဆုံးရတဲ့သူတွေ ခပ်စိတ်စိတ်တွေ့လာရပါပြီ ။ အခြေနေဆိုးတဲ့သူတွေလည်း များများလာပါတယ်။ နိုင်ငံရေးပေါ်ပင်စကားနဲ့ပြောရရင် တပ်လှန့်ဖို့အချိန်တန်ပြီ။
လေ့လာကြည့်ရင် ကိုဗစ် သေဆုံးလူနာတွေအများစုက ဆေးရုံတက်ပြီးမှ တဖြည်းဖြည်းအမောဖောက်သေဆုံးသွားတာထက် အမောဖောက်ပြီးမှ ဆေးရုံရောက်လာပြီး ရောက်လာချင်း (သို့မဟုတ်) အမောဖောက်၍ ဆေးရုံတက်ပြီးသိပ်မကြာဘူး သေဆုံးရတာတွေ များများလာတာတွေ့ရပါတယ်။
ကိုဗစ်လူနာတွေကို လေ့လာကြည့်လိုက်ရင် တခြားသောရောရောဂါတွေနဲ့မတူဘဲ ထူးကဲချက်တစ်ခုက သိသိသာသာတွေ့ရပါတယ်။
ဒါက … Silent Hypoxemia ဟုခေါ်သော တိတ်တခိုးသွေးတွင်းအောက်ဆီဂျင်ကျခြင်း ( သို့မဟုတ် ) တိတ်တခိုး လူသတ်သမားဆိုသူပါ ။
ပုံမှန်လူကောင်းတွေမှာ လက်ထိပ်တိုင်းအောက်ဆီဂျင်စက်ကလေးနဲ့ တိုင်းလိုက်ရင် သွေးတွင်းအောက်ဆီဂျင်က ၉၉% ၉၈% ၉၇% ၉၆% ၉၅% စသဖြင့် အသီးသီးတွေ့ရပါတယ်။ ဒါကပုံမှန်ပါ။
လူတစ်ယောက် ဘာရောဂါပဲဖြစ်ဖြစ် အဆုတ်ရောဂါဘယ်လိုအခြေနေကြောင့်ဖြစ်ဖြစ် သွေးတွင်းအောက်ဆီဂျင်ပမာဏက စက်ကလေးနဲ့တိုင်းလိုက်ရင် ၈၅% ကနေ ၉၀% လောက်ထိဖြစ်လာပြီဆိုရင်တော့ ချက်ချင်း မောဟိုက်လာပါတယ်။ နေ့တဓူဝအလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။
သို့သော် ကိုဗစ် အဆုတ်ရောင်လူနာအများစုမှာတော့ ဒါနဲ့မတူဘဲ ထူးကဲတာတစ်ခုတွေ့ပါရတယ် ။ အောက်ဆီဂျင် ၇၀-၈၀% ပတ်ဝန်းကျင်ကျဆင်းနေသော်လည်း ပထမ ၁ ရက်လောက်မှာ သိပ်ပြီးမောဟိုက်မနေတာပါ။ လူကအေးအေးဆေးဆေးပဲ။ နေ့တဓူဝအလုပ်တွေ ရေချိုး အိမ်သာသွား အဝတ်လဲ အစာစား အေးအေးဆေးဆေးပဲ ။ မောလားလို့မေးတော့ မမောဘူးတဲ့။ မယုံရလောက်အောင် အံ့သြရပါတယ်။ ဒါကြောင့် Silent Hypoxemia လို့ ဆေးပညာရှင်တွေက သုံးကြတာပါ။
အဲဒါလေးကို မမောဘူး လူကနေကောင်းနေတယ်ဆိုပြီး အောက်ဆီဂျင် အချိန်မီမပေးလိုက်မိဘူးဆိုရင် အဲဒီမှာ ဇာတ်လမ်းကစတော့တာပဲ။ မောတဲ့လက္ခဏာစပေါ်ပြီ။ ငါမောပြီ။ ငါ့ကို ဆေးရုံပို့ပါတော့။ ဆရာ ကျတော်မောပြီဆိုတာနဲ့ မလွယ်တော့ပါ။ အဲဒီလူတွေက တကယ်မလွယ်တော့ပါ ။ ဆေးလိပ်လည်းတို နေလည်းညိုပါပြီ။
အဲဒါကြောင့်ပဲ ကိုဗစ်မှာ ရောက်သေတွေများလာရတာပါ။ ဖျားတာ ချောင်းဆိုးတာ အနံ့ပျောက်တာလောက်ပဲဆိုပြီး အိမ်မှာ အမူမဲ့အမှတ်မဲ့အလေးမထား ကြိတ်ကုနေပြီး Silent Hypoxemia ကို လွတ်သွားပြီးမှ မောဟိုက်လာပြီးမှ အောက်ဆီဂျင်ဇောက်ထိုးကျလာပြီးမှ ဆေးရုံရောက်လာရင်တော့ မလွယ်တော့ပါ။
ဒါဟာ ကိုဗစ် ရောဂါရဲ့ ထူးခြားချက်ပါ။ ရောက်သေဖြစ်နေရခြင်း အကြောင်းရင်းပါ။
ဒါကြောင့် ဖျားနေတာ ချောင်းဆိုးနေတာ လေးရက်ငါးရက်ရှိနေပြီ။ အသက်ကလည်းကြီးပြီ။ အခံရောဂါကလည်းရှိနေ ကြိတ်ကုနေရင်တော့ တိတ်တခိုးလူသတ်သမား Silent hypoxemia in Covid 19 ကြောင့် ဆရာမနိုင်နှစ်ဆောင်ပြိုင် ဖြစ်ဖို့များသွားပါပြီ။
Dr Daw Mar Mar Kyi