စေတနာနဲ့ လုပ်ပေးတာကို စော်ကားသလို ခံစားလိုက်ရတဲ့ အဖြစ် (ဒီလိုမျိုးကတော့ ဖြစ်မှာပဲ)

စေတနာနဲ့ လုပ်ပေးတာကို စော်ကားသလို ခံစားလိုက်ရတဲ့ အဖြစ် (ဒီလိုမျိုးကတော့ ဖြစ်မှာပဲ)

“ဒါကဘယ်တုန်း” သူ့အမေလှမ်းအော်လိုက်တဲ့ အသံကြောင့်…မီးဖိုထဲလှမ်းတော့မဲ့ ပွကြီးခြေလှမ်းတို့ တုန့်ကနဲဖြစ်သွားသည်။ “မီးဖိုထဲသွားမလို့” “ဘာလုပ်ဖို့တုန်း” “ဟို…ဟို…မုန့်…လုပ်…လုပ်”

ပွကြီးစကားမဆုံးသေးခင်ပင်… “တော်…တိတ်…အခုချက်ချင်းပြန်လှည့်စမ်း” “အာ…အမေကလည်း အပြင်မထွက်ရတော့ ပျင်းလို့ မုန့်လုပ်မလို့ပါဆို…အမေတို့စားတော့ လုပ်ကျွေးရတဲ့ ကျွန်တော်လည်း ကုသိုလ်ရတယ်လေ…ခုနေက အပြင်စာစားတာထက် အိမ်မှာ ကိုယ်တိုင် လုပ်စားတာက ပိုပြီးစိတ်ချရတယ်လေ”

“တိတ်စမ်း…နင်လုပ်လို့ ဟိုနေ့က ကြက်ဥ ၅ လုံးလည်း လွှင့်ပစ်လိုက် ရပြီးပြီ…” “အာ့..ပထမအကြိမ်ပေါင်းတာမို့လို့ ကြက်ဥတွေ အပြင်ထွက်ကုန်တဲ့ဟာကို..နောက်တစ်ခေါက်ဆိုဖြစ်ပြီ”

“ဟိုနေ့ကလည်း ဘာတဲ့ အီကြာကွေးတဲ့…ကံကောင်းလို့ ငါ့သွားတွေကျွတ်မထွက်တာ” “အဲဒါက မဆိုစလောက်လေး အပွလိုသွားတဲ့ဟာကို”

“မုန့်လက်ကောက်ကြော်တာတဲ့…ဆန်မှုန့်နဲ့လုပ်ရမှန်းမသိ ကောက်ညှင်းမှုန့်နဲ့ လုပ်ရမှန်းမသိ” “ဟို…အဖြူမှုန့်နဲ့လုပ်ရင် မုန့်လက်ကောက်ဖြစ်တယ်ပဲ မှတ်တဲ့ဟာကို”

“တော်သေးတာပ…ငါတို့ကိုထုံးမှုန့်နဲ့ လုပ်မကျွေးလို့…” “စေတနာနဲ့ လုပ်လည်းကျွေးရသေး…စော်ကားသလို ခံစားရတယ်အမေ့”

“ငါက အဲဒီထက်ပိုတယ်ဟဲ့…ငါ့မှာ နင်မီးဖိုချောင်ထဲ ဝင်သွားရင်ကို ကျီးလန့်စာစားနေရတဲ့ ဘဝရောက်နေပြီ ဟဲ့ပွကြီးရဲ့…ဘာတွေများ မဟုတ်မဟတ်တွေ လုပ်ကျွေးအုန်းမလဲလို့…လူတွေမှ ဒီကာလမှာ ချွေချွေတာတာ စားသောက် နေရပါတယ်ဆို ဒင်းက ငါ့ပစ္စည်းတွေကို ဖြုန်းတီးပစ်နေတာ”

“တော်ပြီ..ဒီနေ့ကစပြီးဘာမှလုပ်မကျွေးတော့ဘူး..စေတနာကိုတန်ဖိုးမထားကြဘူး” “အမလေး…ဝမ်းသာပါတယ်တော်..ဝမ်းသာပါတယ်တော်”

“အမေ့…သော့ဖွင့်ပေးအုန်း” “ဘာလုပ်ဖို့” “ထမင်းစားမလို့…ထမင်းစားမလို့ဗျို့…လူကိုများမယုံသင်္ကာနဲ့”

ခါးကြားထိုးထားတဲ့ မီးဖိုချောင်သော့ကို ဒေါ်မာမြင့်ထုတ်ပေးလိုက်ရင်း… “ထမင်းပဲစားနော် တောင်လုပ်မြောက်လုပ် လုပ်မယ် စိတ်မကူးနဲ့ ဟိုဟာကြည့်ထား”

အခန်းထောင့်ထောင်ထားတဲ့ တံမျက်စည်းရိုးကို ပွကြီးမြင်အောင် မျက်စပစ်ပြလိုက်သည်။ လူကိုများမယုံမကြည်နဲ့…ဟွင်း…ကြည့်နေပါ…ကိုဗစ်ကြီးပြီးသွားရင် စားဖိုမှုးသင်တန်းကို တက်ပစ်လိုက်အုန်းမှာ ပွကြီး ဗလမရှိပေမဲ့ ဇရှိတယ် အဲ့ခါကျမှ သားရေ အမေ့ကို ဘာလေးချက်ကျွေးစမ်းပါအုန်း ဘာမုန့်လေး လုပ်ကျွေးစမ်းပါအုန်း ဆိုလို့ကတော့…ဆောတီးဘဲ..

ShweSinHtikeAung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page