ဂျပန်တွေ အဏုမြူ ပြာပုံထဲက ရုန်းထွက်နိုင်ခဲ့သလို စနစ်ဆိုး ပြာပုံထဲက ရုန်းထွက်ရမယ့် မြန်မာပြည်

ဂျပန်ပြာပုံနဲ့ မြန်မာပြာပုံ

၁၉၄၅ သြဂုတ်လအတွင်းမှာ အမေရိကန်နိုင်ငံကနေ ဂျပန်နိုင်ငံအပေါ် နျူးကလီးယား ဗုံးနှစ်လုံး ကျဲချခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ခဲ့ပါတယ်။ ဂျပန်၊ အီတလီ၊ ဂျာမဏီတို့ဟာ စစ်ရှုံးနိုင်ငံများဖြစ်ပြီး စစ်လျှော်ကြေးတွေ အများကြီးပေးခဲ့ရပါတယ်။

အထိအနာဆုံးကတော့ ဂျပန်တွေပါပဲ။ နျူးကလီးယားနှစ်လုံးဒဏ်ကြောင့် မြို့ကြီးနှစ်မြို့ ပြာပုံအတိဖြစ်ခဲ့ပါတယ်။ လူပေါင်းများစွာသေခဲ့ပြီး ရှင်ကျန်ရစ်သူတွေမှာလည်း ရေဒီယိုသတ္တုဓာတ်ဒဏ်တွေ ယနေ့ချိန်ထိ ခံနေရတုန်းပါ။ စစ်ရှုံးတဲ့အတွက် လျော်ကြေးတွေနင့်နေအောင် ပေးခဲ့ရပြီး တစ်တိုင်းပြည်လုံး အတိဒုက္ခရောက်ခဲ့ပါတော့တယ်။

မှတ်မိဦးမလားမသိဘူး။ ကျွန်တော်တို့မြန်မာပြည်က BM ဘက်စ်ကားတွေကလည်း ဂျပန်တွေရဲ့ စစ်လျော်ကြေးအဖြစ် ရရှိထားတာပါ။ မြန်မာအပါအဝင် နိုင်ငံပေါင်းများစွာကို လျော်ကြေးတွေပေးခဲ့ရတာပါ။ အဲ့ဒီလို ပြာပုံထဲရောက်သွားပြီး နှစ်ပေါင်းလေးဆယ်လောက်အတွင်းမှာပဲ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ပြန်ဖြစ်လာပါတယ်။ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပြန်ပါလာပါတော့တယ်။

ဘာကြောင့်လဲ…. ပြာပုံထဲကနေ ဘယ်လိုရုန်းထကြသလဲ… အဓိကကတော့ စိတ်ဓာတ်ပါပဲ။ ၁၉၄၅ ဝန်းကျင်မှာ အသက် ၂၅ နှစ်က ၃၅ ဝန်းကျင်လူငယ်များအားလုံးဟာ သူတို့ကိုယ်သူတို့ စတေးခံ မျိုးဆက်လို့ သတ်မှတ်ပြီး အလွန်အနစ်နာခံကြိုးစားပါတယ်။ ဘာလုပ်လုပ် နောက်မျိုုးဆက်သစ်အတွက် စဉ်းစားပါတယ်။ ပညာရေးစနစ်ကို အလေးပေးပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ပါတယ်။

အဲ့ဒီခေတ်ရဲ့ ဂျပန်လူငယ်များအတွက် မျှော်လင့်ချက်ဆိုတာ သိပ်မရှိပါဘူး။ သူတို့တတွေဟာ ပြင်းထန်းလွန်းလှတဲ့ ဒုတိယကမ္ဘာစစ်ကြီးကို ဖြတ်သန်းရတယ်။ ပြီးတော့ သူတို့တိုင်းပြည်ဟာ စစ်ရှုံးတယ်။ မြို့နှစ်မြို့ဟာ ပြာပုံဖြစ်သွားတယ်။ စိတ်ဓာတ်ကျမယ်ဆိုရင် ကျစရာတွေချည်းပါပဲ။ ဒါပေမယ့် ဂျပန်လူငယ်တွေ စိတ်ဓာတ်မကျခဲ့ပါဘူး။ စောစောကပြောသလို မျိုးဆက်တစ်ခုလုံး ရင်စီးခံသွားပါတယ်။ ပေးဆပ်သွားပါတယ်။ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်နောက်ကနေ နောက်လိုက်ကောင်းတွေဖြစ်အောင် နေထိုင်ပြီး ကြိုးစားသွားပါတယ်။

အဲ့ဒီလို ကြိုးစားတာဟာ သူတို့မျိုးဆက်အတွက် (လုံးဝ) မဟုတ်ဘဲ နောက်မျိုးဆက်တွေအတွက်ပါ။ အနာဂတ် ဂျပန်နိုင်ငံတော်အတွက်ပါ။ အဲ့ဒီလို ပေးဆပ်လိုက်လို့တာဂျပန်နိုင်ငံဟာ အချိန်တိုအတွင်း ပြန်လည် ထူထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ဆိုးရွားလွန်းတဲ့ ပြည်တွင်းစစ်ဘေး၊ အာဏာရှင်ဘေးတို့ကြောင့် နျူးကလီးယားထက်ဆိုးတဲ့ ဒဏ်ကို ရင်ဆိုင်နေရပါတယ်။ နျူးကလီးယားဗုံးဟာ အဆောက်အဦးတွေကို ပြာပုံကျစေတယ်။ လူတွေကို သေစေတယ်။ ဒါပေမယ့် ဂျပန်ပြည်သူတွေရဲ့ စိတ်ဓာတ်ကိုတော့ ရိုက်မချိုးနိုင်ခဲ့ဘူး။

အာဏာရှင်စနစ်ကတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကိုပါ ရိုက်ချိုးခဲ့တယ်။ အကျင့်ပျက်အောင် လုပ်ခဲ့တယ်။ လူငယ်တွေကို အညွှန့်တုံးစေခဲ့တယ်။ အထူးသဖြင့် အခုချိန်မှာ အသက် ၂၅ ကနေ ၃၅ ကြားရောက်နေတဲ့ မျိုးဆက်တစ်ခုလုံးကို ရစရာမရှိအောင် ဖျက်စီးခဲ့တာပါပဲ။ ဒီတော့ ဒီမျိုးဆက်ကြီးတစ်ခုလုံးဟာ စစ်ပြီးခေတ် ဂျပန်တွေလို နှလုံးသွင်းနိုင်ဖို့ အရေးကြီးပါတယ်။ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ဆိုရင် ကျွန်တော်တို့ တစ်မျိုးဆက်လုံး ပေးဆပ်ရမယ့် အချိန်ပါပဲ။

ကျွန်တော်တို့မျိုးဆက်ဟာ ဝေလေလေတွေ များပြီး လုပ်ငန်းခွင်ထဲမှာ တကယ်အလုပ်လုပ်နေတဲ့သူတွေ သိပ်မရှိတာလည်း ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ မြန်မာပြည်မှာ ခေါင်းဆောင်ကောင်းရှိနေပါပြီ။ ငါတို့အတွက် ဘာလုပ်ပေးမှာလဲ… ငါတို့တတွေ ဘာရမှာလဲဆိုတဲ့ စိတ်ကို ဖျောက်ပြီး ငါတို့သားသမီးတွေ ငါတို့လို မဆင်းရဲစေရဘူး… နိုင်ငံတကာမှာ မျက်နှာမငယ်စေရဘူးဆိုတဲ့ စိတ်မျိုး မွေးကြရအောင်။

ဂျပန်ဟာ ပြာပုံထဲကနေ ရုန်းထဖို့ နှစ်အများကြီး မယူခဲ့ပါဘူး။ မြန်မာတွေလည်း ပြာပုံထဲကနေ ရုန်းထနိုင်မှာပါ။ ဘာလို့လည်းဆိုတော့ ဂျပန်လည်း လူ ကျွန်တော်တို့လည်း လူပါပဲ။ သူတို့လုပ်နိုင်ရင် ကျွန်တော်တို့ လုပ်နိုင်ရမှာပါ။ တစ်ခုပါပဲ။ ကျွန်တော်တို့အားလုံး စိတ်တူကိုယ်တူ ပေးဆပ်ဖို့ လိုပါလိမ့်မယ်။ ခေါင်းဆောင်ကောင်းနောက်ကို လိုက်ဖို့ လိုပါလိမ့်မယ်။

ဂျပန်နဲ့ မြန်မာရုန်းထဖို့အတွက် ကွာခြားချက်နဲ့ တူညီချက်တချို့ရှိပါတယ်။ ဂျပန်ဟာ စစ်ရှုံးပေမယ့် နောက်ပိုင်းမှာ ခေါင်းဆောင်ကောင်းရခဲ့တယ်။ မြန်မာပြည်လည်း အာဏာရှင်လက်အောက်မှာ အလူးအလဲခံခဲ့ရပေမယ့် အခုတော့ ခေါင်းဆောင်ကောင်းရနေပါပြီ။ မျှော်လင့်ချက်ကောင်းတွေရနေပါပြီ။ နိုင်ငံတကာအကူအညီတွေရနေပါပြီ။ (အထူးသဖြင့် ဂျပန်ကနေ ရင်းနှီးမြုပ်နှံမှုတွေအများကြီး ရောက်လာပါတယ်) ဒါတူညီတဲ့အချက်ပါ။

မတူညီတာကတော့ ဂျပန်မှာ ပြည်တွင်းစစ်မရှိပါဘူး။ ဂျပန်မှာ မြန်မာပြည်လို မမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါဘူး။ ဂျပန်လူငယ်တွေဟာ စစ်ရှုံးပေမယ့် မပျက်စီးခဲ့ဘူး။ ဘယ်လိုပဲ တူညီတာတွေရှိရှိ မတူညီတာတွေရှိရှိ ကျွန်တော်တို့တတွေစည်းစည်းရုံး ရုန်းမယ်ဆိုရင် တစ်ချိန်က အာရှကျား မြန်မာလည်း ပြာပုံထဲကနေ ရုန်းထနိုင်မှာပါ။

မြေမှုန်လွင်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page