မန္တလေးတိုင်းတွင် တရက်အတွင်း ကိုဗစ်ကူးစက်မှု အမြင့်ဆုံး စံချိန်တင်၊ သေဆုံးသူ (၁၂၈) ဦး ရှိလာ

မန္တလေးတိုင်းတွင် တရက်အတွင်း ကိုဗစ်ကူးစက်မှု အမြင့်ဆုံး စံချိန်တင်၊ သေဆုံးသူ (၁၂၈) ဦး ရှိလာ

မန္တလေးတိုင်းအတွင်း ကိုဗစ် ရောဂါ အတည်ပြုလူနာသစ် (၃၆၀)ကျော် တိုးပြီး (၂၄)နာရီအတွင်း အများဆုံး ကူးစက်မှုအဖြစ် စံချိန်တင်ခဲ့ကာ တစ်တိုင်းလုံး၌ ပိုးကူးစက်သူ တစ်သောင်းကျော်နှင့် သေဆုံးသူ (၁၂၈)ဦးအထိ ရှိလာပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၇)ရက်က မန္တလေးတိုင်းတွင် အတည်ပြုလူနာသစ် (၃၅၃)ဦး တိုးကာ တစ်နေ့တာအတွင်း ပိုးကူးစက်မှု အများဆုံး စံချိန်တင်ခဲ့ရာမှ ယမန်နေ့ ဒီဇင်ဘာ(၁၅)ရက်က အတည်ပြုလူနာ (၃၆၃) ဦးဖြင့် အများဆုံး ကူးစက်အဖြစ် ထပ်မံ စံချိန်တင် သွားခြင်း ဖြစ်ပါတယ်။

ကိုဗစ် ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ(၁၄)ရက် ည ၈နာရီမှ ဒီဇင်ဘာ(၁၅)ရက် ည၈နာရီအထိ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၅၅) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေတွင် မန္တလေးတိုင်း (၂၂)မြို့နယ်မှ အတည်ပြုလူနာ (၃၆၃)ဦး ပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ အတည်ပြုလူနာသစ် (၃၆၀)ကျော်အနက် (၂၈၂)ဦးသည် မန္တလေးခရိုင် ခုနှစ်မြို့နယ်မှ ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြင်းခြံမြို့နယ်အတွင်း ပိုးတွေ့လူနာ (၃၅)ဦးဖြင့် တဟုန်ထိုး မြင့်တက်ခဲ့ကာ မန္တလေးတိုင်းအတွင်း အောင်မြေသာစံမြို့နယ်တွင် (၈၀)ဦးဖြင့် အများဆုံး ကူးစက်ခဲ့ပြီး ချမ်းအေးသာစံမြို့နယ်တွင်လည်း (၆၇)ဦးအထိ ပိုးကူးစက်မှု ရှိခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ(၁၆)ရက်အထိ ကိုဗစ် အတည်ပြုလူနာ သေဆုံးသူ (၁၂၈)ဦး ရှိလာပြီး မြို့နယ်အလိုက် သေဆုံးမှု အနေဖြင့် အောင်မြေသာစံမှ (၃၂)ဦး၊ ချမ်းအေးသာစံမှ (၂၉)ဦး၊ မဟာအောင်မြေမှ (၁၆)ဦး၊ ချမ်းမြသာစည်မှ (၁၁)ဦး၊ ပြည်ကြီးတံခွန်မှ ခုနှစ်ဦး၊ အမရပူရနှင့် မတ္တရာမှ ငါးဦးစီ၊ ပုသိမ်ကြီးနှင့် မြင်းခြံမှ လေးဦးစီ၊ ငါးဇွန်နှင့် တောင်သာမှ နှစ်ဦးစီ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကိုင်၊ မလှိုင်နှင့် စစ်ကိုင်းမှ တစ်ဦးစီနှင့် မြို့နယ်အမည်မသိ သုံးဦး ဖြစ်ကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ (၁၆)ရက်အထိ မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာ (၈,၂၁၉)ဦး ရှိကာ ၎င်းတို့အနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းသူ (၅,၈၄၉)ဦး၊ ဆေးရုံတက်နေဆဲ (၂,၂၆၅)ဦးနှင့် သေဆုံးသူ(၁၀၅)ဦး ရှိကြောင်း၊ တစ်တိုင်းလုံးအနေဖြင့်မူ အတည်ပြုလူနာ (၁၀,၁၃၇)ဦး ရှိကာ ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ (၇,၂၁၄)ဦး၊ သေဆုံးသူ (၁၂၈)ဦးနှင့် ဆေးရုံတက်ရောက်နေဆဲ (၂,၇၉၅)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page