ဦးနေဝင်း စွမ်းစွမ်းတမံ ညွှန်ကြားခဲ့တဲ့ နိုင်ငံတော်ပိုင် စမူဆာ အလွဲသုံးစားမှု ဖော်ထုတ်ပွဲကြီး

တချိန်က နိုင်ငံပိုင် စမူဆာအလွဲသုံးစားမှုကြီး

၁၉၇၈ တတိယအကြိမ် မဆလပါတီညီလာခံ မလုပ်ခင် ဦးနေ၀င်းကြီးက “ပါတီကို အာဏာအပ်မယ်။ ငါမရှိလည်း မင်းတို့ဖြစ်အောင်လုပ်ကြ ငါချည်းအားကိုးမနေနဲ့”လို့ ဦးစန်းယုကို ညွှန်ကြားသတဲ့။

ဦးစန်းယုကလည်း သူ့အောက်က ပါတီဒုတိယတန်းခေါင်းဆောင်တွေကို ပြန်ပြောတာပေါ့။ အောက်က ဘဲတွေလည်း အဘိုးကြီး အာဏာစွန့်မှာကို အဟုတ်မှတ်ကြတယ်။ ဒါနဲ့ ညီလာခံလည်းလုပ်ရော ပါတီဗဟိုကော်မတီမဲပေးတော့ ဦးနေ၀င်းကြီးကို ပေးတဲ့မဲတွေနည်းပြီး နံပါတ် ၄ နေရာ ရောက်သွားတယ်။

အဲ့ဒီမှာ ဘိုးတော်က ဒေါတွေခွီးပြီး ပါတီတွင်း ဖြုတ်ထုတ်သတ်အတွက် “အောင်ကျော်လင်း” စစ်ဆင်ရေးဆိုပြီး ထောက်လှမ်းရေးကို ခိုင်းပါလေရောတဲ့။ ပါတီရဲ့ ဒုတိယတန်းအမာခံ ဘိုးတော်ကြီးတွေဖြစ်တဲ့ နိုင်ငံတော်ကောင်စီ၀င် ဦးထွန်းလင်း၊ ဦးသန်းစိန်၊ ဦးတင်အေးကျော် ၊ ဦးတင်၀င်းညို တို့ အကုန်လုံး အပက ၃ နဲ့ ဆွဲစိတော့တာ။

အပက ၃ ဆိုတာ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ ပေါ့။ အမှုဆင်ပုံက ဂေါ်တယ်။

ပါတီပိုင်ငွေ သောင်းဂဏန်းအပြင် ပါတီရိပ်သာက သကြားတွေ၊ နို့ဆီတွေ အလွဲသုံးစားလုပ်တယ်ပေါ့။ အံမယ် ဒါတင်မကဘူး ပါတီရိပ်သာ မှာ ဧည့်ခံဖို့၀ယ်ထားတဲ့ စမူဆာတွေ ပျောက်တာကိုပါ အမှုဆင်ပြီး စွဲချက်တင်သေးတာဗျာ။

တပ်မှာ တပ်မှူးလောက်အဆင့်ကနေ ပါတီဘက်ပြောင်းပြီး နိုင်ငံတော်ကောင်စီ၀င်၊ မဆလထဲဆို ဗဟိုကော်မတီ၀င်၊ အတွင်းရေးမှူးရာထူးအထိ ရနေတဲ့ ဘီးကြဲတွေခမြာ အများနှင့်သက်ဆိုင်သောစမူဆာများ ခိုးမှုနဲ့ အကုန်တရားစွဲခံရပြီး သောက်ရှက်ခွဲခံရတော့တယ်။

အောင် ဆိုတာ အောင်မြင်ရေး၊ ကျော်ဆိုတာ ဦးတင်အေးကျော်၊ လင်း ဆိုတာ ဦးထွန်းလင်း‌ လို့ယူပြီး အောင်ကျော်လင်း စစ်ဆင်ရေးဆိုပြီး ‌နှိပ်တာ။ တကယ်က စမူဆာစစ်ဆင်ရေး လို့ နာမည်ပေးရင် ပိုတောင် မိုက်သေးတယ်။ အဲ့ဒီကာလအတွင်းမှာပဲ တတိယအကြိမ်ညီလာခံရလာဒ်ကို ပယ်ဖျက်ပြီး အရေးပေါ်ညီလာခံဆိုပြီး ပြန်လုပ်တော့ ဦးနေ၀င်း ပဲ မဲအများဆုံးပြန်ရတာပေါ့။

မရပဲ နေမလေား။ နို့မဟုတ် အများနှင့်သက်ဆိုင်သော အီကြာကွေးများ အလွဲသုံးစားမှုတို့၊ အများနှင့်သက်ဆိုင်သော ပလာတာများ ခိုးမှုတို့ ဘာတို့ ထပ်လာရင် သေပြီလေ။ ဪ.. အာဏာရှင်တွေများ ရယ်လည်း ရယ်ရပါတယ်။ အခုအောက်က ပုံက ပါတီအရေးပေါ်ညီလာခံကျင်းပနေပုံလေ။

သေချာကြည့်…ဦးနေ၀င်းကြီးက သူများတွေထက် မြင့်တဲ့ ခုံအရှည်ကြီးနဲ့ ထိုင်တာဗျ။ ဒါနဲ့များ သူ အာဏာစွန့်မယ်ဆိုတာ ယုံပြီး မဲမပေးတဲ့သူတွေကရှိသေး…ငိ။

Kyaw Swa Naing

Ref : မဆလပါတီတွင်း နိုင်ငံတော်အမှုကြီးများနှင့် တရားစီရင်မှုမှတ်တမ်းအတွင်း‌ေရးများ ၊ အံ့ခေါင်မင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page