ကမ္ဘာပေါ်ရှိ လူ (၁၀) ယောက်တွင် (၁) ယောက်မှာ ကိုဗစ်ကူးစက်ခံထားရပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ကမ္ဘာပေါ်ရှိ လူ (၁၀) ယောက်တွင် (၁) ယောက်မှာ ကိုဗစ်ကူးစက်ခံထားရပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း အကြမ်းဖျင်း လူ (၁၀) ယောက်မှာ (၁) ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။

ဒါကြောင့် ကမ္ဘာ့လူဦးရေရဲ့ အများစုဟာ ဗိုင်းရပ်စ်နဲ့ဆက်နွှယ်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်လွယ်တယ်လို့ (WHO) အရေးပေါ်လုပ်ငန်း ပရိုဂရမ်ဒါရိုက်တာ မိုက်ရိုင်ယန်က ပြောပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကူးစက်ခံထားရပြီးနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ မိုက်ရိုင်ယန်က ပြောပါတယ်။

WHO ရဲ့ အရေးပေါ်ဆိုင်ရာ ထိပ်တန်း ပညာရှင် မိုက်ရိုင်ယန်က အေဂျင်စီရဲ့ အမှုဆောင်ဘုတ်အဖွဲ့မှာ မိန့်ခွန်းမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကတော့ ရောဂါကူးစက်ဖြစ်ပွားမှုဆိုင်ရာ သတင်းအမှန်နဲ့ အချိန်မီ သတင်းအချက်အလက်ပေးဖို့ပျက်ကွက်ခဲ့တယ်ဆိုကာ ဘုတ်အဖွဲ့မှာ တရုတ်ကို ပြစ်တင်ခဲ့ပါတယ်။

သို့ပေမယ့် တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်မှ Zhang Yang ကတော့ တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေအပေါ် အမြဲ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိစွာ လိုက်နာဖြည့်ဆည်းခဲ့သလို ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီရဲ့ အဆင့်အားလုံးနဲ့ တရုတ်ဟာ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်နေမြဲဖြစ်ကြောင်း သူမက ပြောဆိုခဲ့ပါတယ်။

ယခုအခါ အရှေ့တောင်အာရှ ဒေသအစိတ်အပိုင်းတွေမှာ ရောဂါဖြစ်ပွားမှု မြင့်တက်နေကြောင်းနဲ့ ဥရောပနဲ့ မြေထဲပင်လယ် အရှေ့ပိုင်းဒေသ အစိတ်အပိုင်းတွေမှာ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေ မြင့်တက်နေကြောင်း ရိုင်ယန်က ပြောဆိုပါတယ်။

လက်ရှိ မိမိတို့ အကောင်းဆုံး ခန့်မှန်းချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုနှုန်းလောက် ဗိုင်းရပ်စ် ကူးစက်ခံထားရနိုင်တယ်လို့ တွေ့ရှိရပါကြောင်း၊ တိုင်းပြည်တွေအပေါ် တည်မှီပြီး ကွဲပြားချက်၊ မြို့ပြ၊ ကျေးလက် ကွဲပြားချက်တွေနဲ့ အုပ်စုတွေအပေါ် မှီတည်တဲ့ ကွဲပြားမှုတွေတော့ ရှိပါကြောင်း သို့ပေမယ့် ကမ္ဘာ့လူဦးရေ အတော်များများ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ပြောလို့ရကြောင်း ရိုင်ယန်က ပြောဆိုပါတယ်။

ယခုအခါ မိမိတို့ဟာ ခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ဝင်ရောက်လာပြီဖြစ်ကာ ကူးစက်ရောဂါဟာ ဆက်လက် ပျံ့နှံ့နေပါကြောင်း ၎င်းက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့ အစားအစာဈေးတစ်ခုကနေ ပေါ်ထွက်လာတယ်လို့ ယုံကြည်ထားတဲ့ ဗိုင်းရပ်စ်ဟာ တရိစ္ဆာန်တွေကနေ စတင်ကူးစက်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း WHO နဲ့ အခြား ကျွမ်းကျင်ပညာရှင်တွေက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page