ရုရှားရဲ့ ဒုတိယမြောက် ကိုဗစ် ကာကွယ်ဆေး လာပြီ
ရုရှားရဲ့ ဒုတိယမြောက် ကိုဗစ် ကာကွယ်ဆေး လာပြီ
ကနဦးစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတွင်းမှာ ဒုတိယမြောက် ကိုဗစ် ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖြန့်ချိဖို့ ရုရှားအစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အက်ပီဗက်စ်ကိုရိုနာ (EpiVacCorona) လို့ နာမည်ပေးထားတဲ့ အဆိုပါကာကွယ်ဆေးဟာ ထိုးဆေးအမျိုးအစားဖြစ်ပြီး ရုရှားနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ခွင့်ရတဲ့ ဒုတိယမြောက် ကိုဗစ် ရောဂါကာကွယ်ဆေး ဖြစ်လာခဲ့ပါတယ်။
ဒီဆေးကို အသက် ၁၈ နှစ်ကနေ ၆၀ အတွင်းရှိတဲ့ လူပေါင်း ၁၀၀ ကို စမ်းသပ်ထိုးပေးခဲ့ပြီး ရလဒ်ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေမယ့် အစိုးရအာဏာပိုင်တွေက တရားဝင်ခွင့်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။
ရုရှားနိုင်ငံတွင်းမှာ ပထမဆုံးခွင့်ပြုပေးခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးကတော့ စပွတ်နစ်ဖိုက် (Sputnik V) ဆိုတဲ့ဆေး အမျိုးအစားဖြစ်ပြီး လွန်ခဲ့တဲ့ဩဂုတ်လကတည်းက တရားဝင်မှတ်ပုံတင်ခွင့် ရရှိထားခဲ့ပါတယ်။