ရုရှားနဲ့ တရုတ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ့တပ်မတော် ပါဝင်မည်

ရုရှားနဲ့ တရုတ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ့တပ်မတော် ပါဝင်မည်

ရုရှားနိုင်ငံ တောင်ပိုင်းမှာ ဒီလ နှောင်းပိုင်းမှာ ကျင်းပဖို့ ရှိတဲ့ ရုရှားနဲ့ တရုတ်တပ်တွေ ဦးဆောင်တဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ အပါအဝင် တခြား နိုင်ငံ အများအပြားလည်း ပါဝင်လိမ့်မယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာက ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

Caucuses 2020 လို့ အမည်ပေးထားတဲ့ ဒီ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်မယ့် ဘီးတပ် စစ်သုံးယာဉ်တွေနဲ့ အပေါ့စား လက်နက်တွေကို တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် သယ်ဆောင်ရေး လေယာဉ်နဲ့ စစ်ရေး လေ့ကျင့်မယ့်နေရာကို သယ်ဆောင် ပေးပို့သွားမှာ ဖြစ်တယ် လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့က ၂၆ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပြီး ရုရှား၊ တရုတ်၊ မြန်မာ၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ်၊ အာမေးနီးယားနိုင်ငံနဲ့ တခြားနိုင်ငံတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ခုခံ ကာကွယ်ရေးဆိုင်ရာ ဗျူဟာတွေနဲ့ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ရေး၊ စစ်မြေပြင် ထိန်းချုပ် ကွပ်ကဲ အမိန့်ပေးရေးတွေကို အဓိက လေ့ကျင့်သွားမယ်လို့လည်း တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

ကပ်ရောဂါ ဆိုက်ရောက်နေချိန်မှာ စစ်ရေး လေ့ကျင့်တာ ဖြစ်လို့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အထူးတလည် အနှစ် သာရ အဓိပ္ပါယ်ရှိတဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခု ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ က စလို့ အလုံးစုံ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေ အဖြစ် ဆက်ဆံရေး တည်ဆောက်ပြီးကတည်းက အမေရိကန်ရဲ့ ဩဇာ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ တရုတ်နဲ့ ရုရှားနိုင်ငံ အကြား စစ်ရေးနဲ့ သံတမန်ရေးမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံ စစ်တပ်တွေအကြား ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ပုံမှန်ပြုလုပ်ခဲ့တယ်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page