သင်္ဃန်းကျွန်း စံပြဆေးရုံက ထွက်ပြေးတဲ့ အမျိုးသမီးကို ၉မိုင် အိုးရှင်းမှတ်တိုင်မှာ မိပြီ
ဒီကနေ့ (စက်တင်ဘာ ၁၈ ရက်) ညနေပိုင်းက သင်္ကန်းကျွန်းစံပြဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာမိန်းကလေးတစ်ဦး ထွက်ပြေးခဲ့ပြီး ခုညပိုင်းမှာတော့ ၉မိုင် အိုးရှင်းရှေ့မှာ ပြန်လည်တွေ့ရှိလို့ ပုလဲမီးသတ်တပ်ဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။
ထွက်ပြေးခဲ့တဲ့ မိန်းကလေးက အသက် (၂၅) နှစ်ဝန်းကျင်ရှိပြီး အဆိုပါ မိန်းကလေးကိုယ်တိုင် ပုလဲမီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းလို့ သွားရောက်ခေါ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ရန်ကုန်၊ သင်္ဃန်းကျွန်း စံပြဆေးရုံကနေ ဒီနေ့စက်တင်ဘာ(၁၈)ရက်နေ့ ညနေပိုင်းက ထွက်ပြေးသွားတဲ့ကိုဗစ်လူနာကို အခုညပိုင်းမှာ ပြန်တွေ့ပြီလို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့တာဝန်ခံ ကိုထင်လင်းအောင်က ပြောပါတယ်။
“ကျွန်တော်တို့ သူထွက်ပြေးလာခဲ့တဲ့ စံပြဆေးရုံကိုပဲ ပို့ဆောင်သွားမှာပါ။ အခုသွားပို့နေပါတယ်။” လို့ ကိုထင်လင်းအောင်က ပြောပါတယ်။ သူဟာ နေမကောင်းလို့ ဆေးရုံလာတက်နေတာကနေ ဒီနေ့မနက်ပိုင်းမှာပိုးတွေ့ခဲ့တာဖြစ်ပြီး တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်မှာ နေတဲ့သူလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
“သူက Case နံပါတ်မထွက်သေးဘူး။ ကိုးမိုင် အိုးရှင်းနားမှာ မိနေပြီလို့ကြားတယ်။”လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ညပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ (၄၂၉၉) ယောက်ရှိနေပြီး အဲဒီထဲမှာ သေဆုံးသူ(၆၈) ယောက်နဲ့ ပြန်ကောင်းမွန်တဲ့သူ (၉၄၄)ယောက်ရှိနေပါတယ်။