နှင်းဆီပါတီ အယူခံဝင်မယ်၊ အယူခံမရပါက ပရဟိတအဖွဲ့အဖြစ် ဆက်လက်ရပ်တည်မည်ဟုဆို

နှင်းဆီပါတီ အယူခံဝင်မယ်၊ အယူခံမရပါက ပရဟိတအဖွဲ့အဖြစ် ဆက်လက်ရပ်တည်မည်ဟုဆို

ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီ(UDP)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အယူခံစာ ပေးပို့သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာထက်ဦးက ပြောပါတယ်။ မစစ်ဆေးရသေးဘဲ အခုလိုဖျက်သိမ်းလိုက်တဲ့အတွက် အယူခံတင်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

နှင်းဆီပါတီရဲ့ ဝင်ငွေရလမ်းနဲ့ ပါတီရဲ့ပိုင်ဆိုင်မှုတွေ ၊ပါတီစည်းရုံးရေး လုပ်ငန်းတွေအတွက် ငွေကြေးစနစ်တကျသုံးစွဲခြင်း ရှိ၊မရှိ စစ်ဆေးဖို့ အောက်တိုဘာ ၁၄ရက်နေ့က နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက စစ်ဆေးဖို့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပါတီတာဝန်ရှိသူတွေက လာရောက်ဖို့ အခက်ခဲရှိတယ်ဆိုကာ စာပို့အကြောင်းပြန်ခဲ့တာပါ။

နှင်းဆီပါတီက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ငြိစွန်းကြောင်း တွေ့ရတာကြောင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကို ပယ်ဖျက်ပြီး ပါတီကိုပါ ဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်တာပါ။

လက်ရှိမှာ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်က ထောင်ပြေးမှုနဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှု၊ ငွေကြေးသုံးစွဲမှု၊ မြန်မာပြည်တွင်းကို ဝင်ရောက်ခဲ့မှုစတာတွေရဲ့ ကနဦးတွေ့ရှိချက်တွေကို သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ စိစစ်တွေ့ရှိချက်တွေအရ တရုတ်နိုင်ငံကနေ တရားမဝင်လွှဲငွေတွေ၊ ပြည်တွင်းဘဏ် အတိုး၊ ချေးငွေလုပ်ငန်းတွေကနေ ဝင်ငွေရရှိခဲ့တာတွေနဲ့ ဦးကျော်မြင့်က ပါတီအတွက်လည်း သုံးစွဲခဲ့ကြောင်း တွေ့ရှိရတယ်လို့ သမ္မတ ရုံးရဲ့ သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာထက်ဦးကတော့ ပါတီအနေနဲ့ ဥပဒေအရ ငြိစွန်းထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ နှင်းဆီပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၄)၊ နည်းဥပဒေ(၁၅) နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ)တို့ပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေကြောင်း တွေ့ရတာကြောင့် ပါတီကိုဖျက်သိမ်းလိုက်တာလို့ ထုတ်ပြန်ထားတာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ(၁၅) နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ)တွေကတော့ တရားဥပေဒစိုးမိုးရေနဲ့ အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့ ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ အစိုးရ(သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း(သို့မဟုတ်)၊ အခြားအဖွဲ့အစည်းတစ်ခုခု(သို့မဟုတ်)၊ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ ငွေကြေး၊ ပစ္စည်း အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရယူသုံးစွဲခြင်းသို့မဟုတ် ယင်းတို့ရဲ့ ဩဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်း စိစစ်တွေ့ရှိခြင်း စတဲ့ ပြဌာန်းချက်တွေပဲဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဌာန်းချက် အရတော့ ဒီဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမယ်။ မည်သည့်တရားရုံးတွင်မှ တရားစွဲဆိုပိုင်ခွင့်မရှိစေရလို့ ပြဌာန်းထားတာကိုတွေ့ရပါတယ်။

ဒါကြောင့် အယူခံတင်ပေမယ့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ရင် ပရဟိတအဖွဲ့အဖြစ် ရပ်တည်သွားမယ်လို့ ဦးကျော်စွာထက်ဦးက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page