ဦးကျော်မြင့် (ခ) ဟူးဝါးကို လူစား မထိုးထားဟု တရားသူကြီး အတည်ပြု

ဦးကျော်မြင့် (ခ) ဟူးဝါးကို လူစား မထိုးထားဟု တရားသူကြီး အတည်ပြု

ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ခေါ် နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လူစားထိုးထားခြင်း မရှိကြောင်း ယင်းအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာ(၂)ရက်က စတင်ရုံးထုတ်ခဲ့စဉ် မီဒီယာများတွင် ဖော်ပြခဲ့သည့်ဓာတ်ပုံနှင့် ဦးကျော်မြင့်၏ ပုံတို့ ကွဲလွဲနေသည်ဟု လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါတယ်။

“အင်တာနက်မှာတွေ့မြင်နေရတဲ့ ဦးကျော်မြင့်ဓာတ်ပုံနဲ့ ရုံးရှေ့ရောက်လာတဲ့ ဦးကျော်မြင့်ကတော့ တူတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပဲ။ မီဒီယာတွေလည်း မြင်မှာပါ။ အင်တာနက်မှာ ပျံ့နေတဲ့ပုံနဲ့ တရားရုံးရှေ့ရောက်လာတဲ့သူကို ဂရုစိုက်ပြီးတော့ ပြန်စိစစ်လိုက်ပါတယ်။ မှန်ပါတယ်။ အပြင်မှာ ကောလာဟလဖြစ်နေတဲ့ ဦးကျော်မြင့်မဟုတ်ဘူးဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ စစ်ဆေးမှု လက်ရှိ အမြင်အရကတော့ မဟုတ်ပါဘူး။ ဦးကျော်မြင့် အရင်ကတော့ မမြင်ဘူးပါဘူး။ အင်တာနက်မှာ ပျ့ံနေတဲ့ဓာတ်ပုံထဲကလူနဲ့ ရုံးကိုရောက်လာတဲ့ သူက တထေရာတည်းပါပဲ”ဟု ၎င်းက ပြောပါတယ်။

ဦးကျော်မြင့်(ခ) ဟူးခါး(ခ) ဟူးဝါး(ခ) ဇခုန်ဇုန်းဆောင်သည် ၁၉၉၈ ဇန်နဝါရီ(၁၄)ရက်တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၉ တို့အရ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်၌ ၁၉၉၈ မေလ(၁၄)ရက်အထိ ထောင်ဒဏ်ကျခံပြီးနောက် မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘိုအကျဉ်းထောင်)သို့ ပြောင်းရွှေ့ခဲ့ကာ ၁၉၉၉ ဇန်နဝါရီ(၁)ရက်တွင် အာရုံကြောရောင် ရောဂါဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်(၃)၌ ဆေးကုသမှု ခံယူနေစဉ် ထွက်ပြေးသွားခဲ့ပြီး ၂၁ နှစ်အကြာ ၂၀၂၀ စက်တင်ဘာ(၂၉)ရက်တွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်၌ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ရှိတွင် ဦးကျော်မြင့်ကို မန္တလေးအိုးဘို အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ထောင်ပြေးမှုအတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးက အမှုအမှတ် ၇၈၃/၂၀၂၀ ဖြင့် လက်ခံအမှုဖွင့်ထားပါတယ်။

ဦးကျော်မြင့်ကို ထောင်ပြေးမှု ကျူးလွန်ခဲ့သည့် ၁၉၉၉ တွင် မန္တလေးမြို့ အမှတ်(၈) နယ်မြေရဲစခန်း၌ ထိုစဉ်က စခန်းမှူးဖြစ်သူ ရဲအုပ်သိန်းဋ္ဌေးက တရားလိုပြုလုပ်ကာ ပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ထားပြီး ဦးသိန်းဋ္ဌေးသည် လက်ရှိတွင် ပင်စင်ယူသွားပြီး ဖြစ်သည့်အတွက် နေရပ်လိပ်စာ အတည်မပြုနိုင်သေးကြောင်း ယနေ့ပြုလုပ်သည့် တရားရုံးချိန်းအပြီးတွင် တရားသူကြီး ဦးကျော်မျိုးဝင်းက ရှင်းပြပါတယ်။

တရားရုံးချိန်းတွင် ဆင့်စာ အတည်မဖြစ်သည့်အတွက် ဦးကျော်မြင့်ကို ရုံးတော်သို့ မခေါ်ဘဲ Zoom အသုံးပြု၍ သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် တရားရုံးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

ဦးကျော်မြင့် ထောင်ပြေးမှုနှင့်ပတ်သက်၍ သက်သေ (၁၀)ဦး ရှိပြီး အမှုသည် (၂၁)နှစ် ကြာခဲ့ပြီ ဖြစ်သောကြောင့် သက်သေများ အားလုံး တရားရုံးသို့ လာရောက်ရန် မကျိန်းသေသော်လည်း လာမည့်ရုံးချိန်း၌ တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ ရသည့်သက်သေကို စစ်ဆေးနိုင်ရန် ဆောင်ရွက်မည်ဟု ဦးကျော်မျိုးဝင်းက ဆက်လက် ပြောကြားပါတယ်။

ဦးကျော်မြင့် အမှုနှင့်ပတ်သက်၍ အောက်တိုဘာ(၂၀)ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုထားပါတယ်။ ဦးကျော်မြင့်(ခ) ဟူးခါး(ခ) ဟူးဝါး(ခ) ဇခုန်ဇုန်းဆောင်သည် ထောင်မှထွက်ပြေးပြီးနောက် အမေရိကန်၊ ကနေဒါ စသည့်နိုင်ငံများတွင် နေထိုင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်၌ ကနေဒါနိုင်ငံမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာကာ ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံရချိန်အထိ နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (United Democratic Party-UDP) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို၊ မိမိအား စွဲဆိုသော ပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှား စီရင်သော ပြစ်မှုအတွက်ဖြစ်စေ ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင်၊ သို့တည်းမဟုတ် ဥပဒေနှင့်ဆန့်ကျင်၍ ဟန့်တားလျှင်၊ သို့တည်းမဟုတ် ထိုပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန် အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ပြီး ရှင်းလင်းချက်အနေဖြင့် ဤပုဒ်မတွင်ပါသော ပြစ်ဒဏ်သည် စွဲဆိုရင်းပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှား စီရင်ရင်း ပြစ်မှုအတွက်ဖြစ်စေ ဖမ်းဆီးခြင်းခံရမည့်သူ ခံထိုက်သော၊ သို့တည်းမဟုတ် အချုပ်ခံနေရသူ ခံထိုက်သော ပြစ်ဒဏ်အပြင် အပိုခံရမည့် ပြစ်ဒဏ်ဖြစ်သည်ဟု ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page