သမ္မတအိမ်တော်သို့ လာရောက်ခဲ့သည့် သတင်းထောက်တဦးတွင် ပိုးတွေ့

သမ္မတအိမ်တော်သို့ လာရောက်ခဲ့သည့် သတင်းထောက်တဦးတွင် ပိုးတွေ့

စက်တင်ဘာ ၄ ရက်က နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက် သတင်းရယူခဲ့သော နေပြည်တော်အခြေစိုက် အိမ်တော်သတင်းထောက် ၃၆ ဦးအား ကိုဗစ်ရောဂါ ရှိ၊ မရှိ Swab ယူ စစ်ဆေးရာတွင် သတင်းထောက်တစ်ဦး၌ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သော ကိုဗစ် ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးခဲ့မှု အခြေအနေ ထုတ်ပြန်ချက်တွင် ပြည်ထာင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်တွင် အတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်လာသော အစိုးရ အရာရှိသည် နိုင်ငံတော်သမ္မတအိမ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိ အရာရှိတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သော အိမ်တော်အရာရှိ တစ်ဦးတွင် ကိုဗစ် ရောဂါ Positive တွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာပြီး နောက်ပိုင်းတွင် စက်တင်ဘာ ၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အိမ်တော်သတင်းထောက်များအား Swab ရယူ၍ စစ်ဆေးနိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

“စိတ်မကောင်းစရာ သတင်းပါ။ အခု လာခေါ်တဲ့ တစ်ဦးကလွဲရင် ကျန်သတင်းထောက်များအားလုံး Negative ဖြစ်ပါတယ်။ သို့သော် သတ်မှတ်စည်းကမ်းအတိုင်း Stay Home ၁၄ ရက် နေထိုင်ပါ။ ဆေးထပ်စစ်ရမယ်ဆိုရင် အချိန်မီ ထပ်မံအသိပေးပါမယ်” ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များကို အသိပေး ပြောကြားထားပါတယ်။

စက်တင်ဘာ ၄ ရက်က ပြုလုပ်သော အိမ်တော် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အိမ်တော် သတင်းထောက်များအား နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်(Swab) ရယူစစ်ဆေးခြင်းကို စက်တင်ဘာ ၁၀ ရက်က နေပြည်တော် ဟိုတယ်ဇုန်(၃)ရှိ Jade City ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် ကိုဗစ် ရောဂါပိုး အတည်ပြုလူနာ ရှိ၊ မရှိကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ အိမ်တော်မှ ကိုဗစ် ရောဂါ Positive တွေ့ရှိခဲ့သူမှာ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိ အရာရှိတစ်ဦးဖြစ်ပြီး ၎င်းနှင့် ဌာနတူ ဝန်ထမ်း ၁၁ ဦးအား ဓာတ်ခွဲစစ်ဆေးရာတွင်လည်း အားလုံးသည် Negative ဖြစ်ခဲ့ကြောင်း သိရပါတယ်။

“စတင်တွေ့ရှိသူ သမ္မတရုံး လက်ညွှန်ရဲ့ ဇနီးက Positive တွေ့ရပါတယ်။ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ သမ္မတအိမ်တော် ဝန်ထမ်းများနဲ့ ဆက်စပ်ဝန်ထမ်းများ ၅၃ ဦး Negative ပါ။ အားလုံး HQ ၁၄ ရက် ပြည့်အောင် နေရမှာပါ” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားပါတယ်။

ထို့ပြင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သမ္မတရုံးမှ တာဝန်ရှိသူများအား ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာတွင်အားလုံးသည် Negative ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်သူများ အားလုံးကို စစ်ဆေးခဲ့ရာတွင်လည်း အားလုံးသည် Negative ဖြစ်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားထားပါတယ်။

နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ကျန်ရှိသော ဌာနများသည် ပုံမှန်လုပ်ငန်းများကို ဆောင်ရွက်နေပြီး တစ်ဝက်တက်စနစ်နှင့် ဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page