မြန်မာ့ ကိုယ်ပိုင်ထောက်လှမ်းရေး ဂြိုဟ်တု ယခုနှစ်ကုန်ပိုင်းမှာ လွှတ်တင်မည်
မြန်မာ့ ကိုယ်ပိုင်ထောက်လှမ်းရေး ဂြိုဟ်တု ယခုနှစ်ကုန်ပိုင်းမှာ လွှတ်တင်မည်
ယခုအစိုးရလက်ထက် မြန်မာပိုင် ကမ္ဘာမြေလေ့လာရေးဂြိုလ်တု ၂၀၂၀ နှစ်ကုန်ပိုင်း လွှတ်တင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က အတည်ပြုပြောကြားလိုက်ပါတယ်။
“ဂြိုလ်တု အသုံးဝင်တာက သူက စိုက်ပျိုးရေးတွေမှာ ဘာလိုလဲ။ ရေလိုလား။ မြေသြဇာလိုလား။ ပုံရိပ်ကိုကြည့်ပြီး သိနိုင်ပါတယ်။ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုလို့ခေါ်တာပေါ့။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ အဲဒီက ရတဲ့အချက်အလက်တွေကို အသုံးချလို့ရတာပေါ့။ အခုလုပ်တာ မြန်မာနိုင်ငံလေကြာင်းပညာနဲ့ အာကာသပညာတက္ကသိုလ်နဲ့ ဂျပန်နိုင်ငံက ဟော့ကိုင်းဒိုးတက္ကသိုလ်နဲ့ စခဲ့တာပေါ့။ အခုက နောက် ၂လလောက်ဆို တင်လို့ရပြီ။ အခုက နိုင်ငံတကာ အာကာသစခန်းကို အရင်ပို့ရမယ်။ ကမ္ဘာမျက်နှာပြင် အထက် ကီလိုမီတာ ၄၀၀လောက်မှာ ရှိတယ်လေ။ အဲဒီကို အရင်ပို့ပြီး မြန်မာနိုင်ငံမှာ လုပ်မဲ့လမ်းကြောင်းမှာ ချခဲ့မှာ ။နှစ်ကုန်က ဟိုကိုရောက်မယ်။ ၂၀၂၁ ဖေဖေါ်ဝါရီလ တတိယအပတ်လောက်မှာ လမ်းကြောင်းပေါ်ရောက်ပြီး စသုံးနိုင်မယ်”ဟု ၎င်းကပြောပါတယ်။
ဂြိုလ်တုကုန်ကျစရိတ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃သန်း ဖြစ်ပြီး ဂြိုလ်တုနှစ်လုံးအတွက် ဖြစ်ကာ ၂ နှစ် အတွင်း ဂြိုလ်တုတစ်လုံး ထပ်မံလွှင့်မည် ဖြစ်ကာ ထုတ်လုပ်သည့်အခန်း၊ စမ်းသပ်ခန်းများကိုပါ ဝယ်ယူထားခြင်းဖြစ်ပါတယ်။
အဆိုပါဂြိုလ်တု ထုတ်လုပ်စမ်းသပ်ခန်းများကို မြန်မာနိုင်ငံ မိထ္တီလာရှိ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် တပ်ဆင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
“သူက မြန်မာနိုင်ငံလေကြောင်းတက္ကသိုလ်နဲ့ ဟိုးအရင် အစိုးရလက်ထက်ကတည်းက တခြားတက္ကသိုလ်နဲ့ အရင်လုပ်တာ။ အဲဒါတွေက ပျက်သွားလို့လေ။ အခုနောက်ပိုင်းကျမှ ဟော့ကိုင်းဒိုး တက္ကသိုလ်နဲ့ ချိတ်လိုက်တာပေါ့။ အဓိက ပညာလိုချင်တာပေါ့။တည်ဆောက်တဲ့ ပညာတို့။ ထုတ်လုပ်တဲ့ ပညာတို့ပေါ့။ အခုလည်းဂျပန်မှာ ဒီက မြန်မာကျောင်းသားတွေ ဟိုမှာ ထုတ်လုပ်တာ ပညာသင် ပူးပေါင်းတာပါတယ်” ဟု ဦးဝင်းအောင်ကထပ်မံပြောပါတယ်။
အဆိုပါ လွှတ်တင်မည့် ဂြိုလ်တုသည် ပတ်လမ်းကြောင်းပေါ်ရောက်ရှိပါက တစ်နေ့လျှင် ကမ္ဘာကို ၈ပတ် ပတ်နေမည်ဖြစ်ပြီး မြန်မာနိုင်ငံကို နေ့ည ပတ်ပါက လိုချင်သည့်နေရာသို့ အနီးကပ် ရိုက်ကြည့်ခြင်း ၊ မြေပြင်လေ့လာရေးတို့အတွက် အထူးအသုံးဝင်မည်ဖြစ်ကြောင်းသိရပါတယ်။