၃ ရက်ဆက် ကူးစက်မှု လျော့လာတဲ့ အနေအထားနဲ့ ရန်ကုန်ရဲ့ မျှော်လင့်ချက် ရောင်ခြည်

အလားအလာနှင့် လားရာများ

ဒီကနေ့ည အထိ မြန်မာပြည်မှာ ကူးစက်သူပေါင်းက ၇၂၉၂ ဦး ရှိလာပီးတော့ သေဆုံးသူပေါင်းက ၁၃၀ အထိ မြင့်တက်လာပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသူက ၂၀၈၅ ဦး ရှိနေပါပီ။ ဒီနေ့မှာတော့ ဒီရက်ပိုင်းတွေအတွင်းမှာ ဘာတွေပြောင်းလဲလာသလဲ။ ဘာတွေဆက်လုပ်ကြဖို့ရှိသလဲဆိုတာကို ပြောပြပါမယ်။

ရန်ကုန်မှာ ၁၉ရက်နေ့မှာ ကူးစက်သူပေါင်း တရက်ထဲ ၅၄၀ ဦးအထိ မြင့်တက်ခဲ့ပီးတဲ့နောက် ၃ ရက်ဆက်တိုက် လူနာသစ်ဦးရေ ကျဆင်းလာပါတယ်။ ၄၇၇ ဦး၊ ၄၂၅ ဦးနဲ့ မနေ့က ၃၃၆ ဦးပဲ တွေ့တဲ့အထိ ကျဆင်းသွားပါတယ်။ ဒါပေမယ့် ဒါဟာ ဘာမှပြောလို့မရသေးပါဘူး။ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့်လဲ ပြည်သူတွေ အိမ်ထဲနေလာကြလို့ စည်းကမ်းရှိလာကြလို့ အခုလို စတင်ကျဆင်းတာလို့တော့ ပြောလို့ရပါတယ်။ မဟုတ်ရင် တနေ့ကို ထောင်နဲ့ချီတွေ့ရှိနေရဖို့ ရှိနေပါတယ်။ မနက်ဖြန်ကစပီး Stay at home အစီအမံတွေကို သေချာတင်းကြပ်တော့မှာမို့ ကူးစက်လူနာတွေ ပိုမိုလျော့နည်းသွားဖို့ မျှော်လင့်ထားကြပါတယ်။

ရန်ကုန်မှာ အဖြစ်အများဆုံးမြို့နယ်တွေဖြစ်တဲ့ သင်္ဃန်းကျွန်း၊ အင်းစိန်၊ တောင်ဥက္ကလာပနဲ့ လှိုင်မြို့နယ်တို့မှာ ပိုးတွေ့လူနာတွေ တဖြည်းဖြည်းလျော့နည်းလာနေပီး ကူးစက်သူ ၂၀ အောက်ကို ရောက်ရှိလာပါတယ်။ တခြားတဖက်မှာတော့ လှိုင်သာယာ၊ ဒလ၊ ရွှေပြည်သာအစရှိတဲ့ မြို့နယ်တွေမှာ ကူးစက်သူဦးရေ မြင့်တက်လာပါတယ်။ ဒါက ဘာကို ပြသလဲဆိုရင် စီးပွားရေးပြေလည်ပီး Stay home ကို သေချာလုပ်လာကြတဲ့ မြို့နယ်တွေမှာ ကူးစက်မှုက တဖြည်းဖြည်းကျလာနေပီး ဝမ်းရေးအတွက် အပြင်ထွက်ရတဲ့ Mask သေချာမတပ်ကြတဲ့ မြို့နယ်တွေမှာ ကူးစက်နှုန်းက မြင့်တက်ချင်လာတာပါ။ ဒီအရေးကိုလဲ ထိန်းသိမ်းရပါမယ်။ နို့မို့ဆိုရင် မြို့ထဲမှာ ကူးစက်မှုလျော့ပီး ရန်ကုန်မြို့ပြင်ဘက်က မြို့နယ်တွေမှာ ကူးစက်နှုန်းတက်လာနိုင်ပါတယ်။ ဒီလိုဆိုလဲ ပင်ပန်းကြရဦးမှာပါပဲ။

ဒီနေ့မနက်မှာ ကျန်းမာရေးဝန်ကြီးဌာနမှာ လုပ်တဲ့အစည်းအဝေးက အကြောင်းအရာအတော်စုံပါတယ်။ ပါဝင်ကြသူတွေကလဲ ဝန်ကြီးပါပါတယ်။ အခြားဌာနက လူကြီးတွေ အကုန်ပါတဲ့အပြင် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးရေးအဖွဲ့က ဝန်ကြီးဟောင်း ဒေါက်တာကျော်မြင့်၊ ဦးသိန်းစိန်လက်ထက်က ဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ဆရာကြီးပါမောက္ခဒေါက်တာဖေသက်ခင်တို့ ပါဝင်ပါတယ်။ အရေးကြုံတော့ အားလုံးဝိုင်းဝန်းကြတဲ့သဘောပါ။ အကြောင်းအရာတွေထဲက အရေးကြီးတာလေးတွေကို ဖော်ပြပါမယ်။

ဝန်ကြီးက စက်ရုံတွေ ၂ပတ် ပိတ်ထားတဲ့အချိန်မှာ ကူးစက်မှုလျော့သွားမှာဖြစ်ပေမယ့် ၂ ပတ်ပီးလို့ ပြန်ဖွင့်ချိန်မှာ စည်းကမ်းတွေကို အတိအကျလိုက်နာဖို့ စစ်ဆေးလို့လိုတယ်လို့ဆိုပါတယ်။ ပထမလှိုင်းအပီးမှာ ပြည်သူတွေ ပေါ့ဆသွားကြလို့ အခုလို အခြေအနေရောက်သွားရတာပါ။ နောက်ပီးတော့ ကူးစက်မှုအများဆုံးဖြစ်နိုင်တဲ့ စျေးတွေကိုလဲ မနက်ဖြန်ကစပီး သေချာစိစစ်ပါမယ်။ ကွမ်းယာဆိုင်တွေ ၂ ပတ် ပိတ်ရပါမယ်။ ဒီရောဂါဟာ ကာကွယ်ဆေးရပီး လူအများစု ထိုးပီးမှ ပီးမှာဖြစ်လို့ ဒုတိယလှိုင်းပီးရင်လဲ စည်းကမ်းတွေကို အတိအကျလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။ အစည်းအဝေးတက်ရောက်လာသူတွေကိုလဲ ပွင့်ပွင့်လင်းလင်း ပြောစရာရှိတာကို ပြောဖို့ တိုက်တွန်းပါတယ်။

ဆရာကြီးဦးဖေသက်ခင် တင်ပြတာကတော့ COVID ဖြစ်နေတဲ့အချိန်မှာ တခြားရောဂါဝေဒနာရှင်တွေအနေနဲ့ အခက်အခဲမတွေ့ရအောင်၊ မကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးတာတွေ မဖြစ်အောင်လဲ ဆက်လုပ်ကြဖို့ ဆိုပါတယ်။ နောက်ပီးတော့ မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ တင်ပြမှုတွေ၊ အခက်အခဲတွေ၊ မျှော်လင့်ချက်နဲ့ ခံစားချက်တွေကို သတိပြုနားဆင်ဖို့နဲ့ အကာအကွယ်ပေးဖို့ ပြောသွားပါတယ်။ အောက်ခြေမှာ ဖြစ်နေတာတွေကို အထက်ကသိအောင် ဆရာကြီးကိုယ်တိုင် ဝင်ပြောပေးတာ အတော်ကောင်းပါတယ်။ အားလုံးအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးဖို့လဲ မျှော်လင့်ပါတယ်။

ဆေးပညာကုသရေးဌာနက ဌာနမှုးပါမောက္ခဒေါက်တာဇော်လင်းအောင်ကလဲ ရက်ရှည်လများ ကုသမှုပေးနေရတဲ့ ဆေးပညာအထူးကုတွေနဲ့ သမားတော်တွေ ပင်ပန်းနွမ်းနယ်နေတဲ့အကြောင်းကို တင်ပြသွားခဲ့ပါတယ်။ ဒေါက်တာမြင့်ဟန်ကတော့ GP တွေနဲ့ ပတ်သက်ပီးပြောပါတယ်။ GP တွေ ပိတ်လိုက်ရလို့ အချို့လူနာတွေနဲ့ နာတာရှည်ရောဂါသည်တွေ အခက်အခဲဖြစ်ရတဲ့အကြောင်းနဲ့ Q ဝင်ရတဲ့အကြောင်းကို ပြောပါတယ်။ နောက်ပီး ရောဂါပြင်းထန်တဲ့ လူနာတွေကိုပဲ ဆေးရုံတင်ကုသပီး တချို့ လက္ခဏာမပြင်းထန်တဲ့ လူနာတွေကို အိမ်မှာပဲ ထားပီးကုသဖို့လဲ တင်ပြခဲ့ပါတယ်။ နောက်လူနာတွေရဲ့ Data entry အတွက် ကွန်ပြူတာတက္ကသိုလ်က ကျောင်းသားတွေ ပါဝင်ကူညီကြမယ်လို့လဲ သိရပါတယ်။

ဝန်ကြီးကတော့ သံသယ သို့ စောင့်ကြည့်လူနာ အဓိပ္ပာယ်သတ်မှတ်ချက်၊ ဆေးရုံတက်ရမယ့် သတ်မှတ်ချက်တွေကို ထပ်မွမ်းမံဖို့ ပြောသွားလို့ မကြာခင် Q ဝင်ရမယ့်လူ၊ ဆေးရုံတက်ရမယ့်လူ အနေအထားကွဲပြားလာဖို့ ရှိနေပါတယ်။ နောက် ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့ဖို့လဲ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်အစိုးရတွေနဲ့ တိုင်ပင်ပီး Stay at home တွေကိုလဲ တင်းကြပ်ပါလိမ့်မယ်။ လာမယ့် ၂ပတ်မှာ ရောဂါကူးစက်သူ ကျဆင်းသွားသည့်တိုင်အောင် သတိနဲ့ ဆက်နေကြရမယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒီရောဂါက ဘယ်အချိန်မှ ပျောက်မလဲဆိုတာ ဘယ်သူမှတော့ မသိပါဘူး။ ကာကွယ်ဆေးရပီး ထိုးနိုင်တဲ့အချိန်ထိ သတိလေးကပ်ပီး ဆက်နေကြဖို့လိုပါတယ်။

အချုပ်အားဖြင့်ကတော့ ရန်ကုန်မှာ ကူးစက်သူဦးရေက ၃ ရက်ဆက်တိုက်တော့ လျော့လျော့လာနေတယ်။ ဆေးရုံဆင်းတဲ့သူကလဲ နေ့စဉ်ရာကျော်ရှိနေပါတယ်။ ပြည်သူတွေကလဲ စည်းကမ်းလိုက်နာပီး အိမ်ထဲနေမယ်။ ၂ ပတ်ကျော်လို့ အပြင်ပြန်ထွက်ရင်လဲ Mask တွေ သေချာတပ်မယ်။ လက်ဆေးကြမယ်။ ခပ်ခွာခွာနေမယ်ဆို ရန်ကုန်မှာ ပိုးတွေ့လူနာ နည်းနည်းလေးပဲရှိမှာဖြစ်ပီး အဲဒီအနေအထားကနေ လူနာမရှိတော့တဲ့အထိ အချိန်ယူပီး ရှေ့ဆက်ရမှာဖြစ်ပါတယ်။ ရန်ကုန်ဟာ အဆိုးရွားဆုံးအချိန်တွေကို ရောက်ခဲ့ပီးပါပီ။ လက်ရှိအနေအထားနဲ့ဆိုရင်တော့ ရန်ကုန်ရဲ့ လားရာဟာ အကောင်းဘက်ကို တဖြည်းဖြည်းဦးတည်လာနေတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

(Nay Thway)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page