Q စင်တာမှာ သောင်းကျန်းနေတဲ့သရဲကို ရွှေရင်ကျော်ဆရာ ပင့်၍ ဖယ်ရှားရှင်းလင်းခဲ့ရ

Q စင်တာမှာ သောင်းကျန်းနေတဲ့သရဲကို ရွှေရင်ကျော်ဆရာ ပင့်၍ ဖယ်ရှားရှင်းလင်းခဲ့ရ

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Quarantine Center များ အနက် ထပ်မံတိုးချဲ့သည့် အခြေခံပညာအထက်တန်းကျောင်းခွဲ ထခွဲလ(၅) ကွာရန်တင်းစင်တာတစ်ခုမှာ ပရဟိတလုပ်အားပေးနေကြတဲ့ ဗော်လန်တီယာ တချို့ကို သရဲခြောက်လှန့်မှုတွေရှိနေတယ်ဆိုတဲ့အတွက် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းမှာ ရွှေရင်ကျော်ဆရာ ပင့်ဖိတ် ကန်တော့်ပွဲပေးပြီး ဖယ်ရှားရှင်းလင်းပေးခဲ့ ရကြောင်း သိရပါတယ်။

“ကျွန်တော်ပုတီးစိတ်နေတဲ့အချိန် ဖုန်းဆက်တယ်ဗျ။ ဆရာရယ် ကျွန်တော်တို့ဆီမှာ လုပ်အားပေးတဲ့ ဗော်လန်တီယာအဖွဲ့တွေ ကြောက်လန့်နေကြတယ်။ ဘယ်သူလုပ်တယ် မမြင်ရပဲ အင်္ကျီစဆွဲတာ၊ ပုဆိုးလိုက်ဆွဲတာ လက်ကို လိုက်ဆွဲသလိုမျိုးတွေ ဖြစ်နေကြလို့ ဝိုင်းကူညီပြီး ရှင်းပေးပါဦး ဆိုပြီးပြောတယ်။ ဒါနဲ့ အဲ့ဒီနေရာကိုသွားပြီး သာသနာပွဲ၊ ထွက်ရပ်ပေါက်အဘ အထက်ဆရာတော်ကြီးများအတွက်ပွဲနဲ့ သာသနာစောင့် နတ်မင်းကြီး(၄)ပါးပွဲ ပေးပြီး ပူးကပ်နှောင့်ယှက်နေတဲ့ ပရောဂကို မေတ္တာပို့ရှင်းလင်းပေးခဲ့တာပါ”လို့ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်နေ ရွှေရင်ကျော် ဣစာဿယ မဟိဒ္ဓိစေဂိုဏ်း၏ ဆေးတော်ပိုင်၊ စုတ်တော်ပိုင် ဆရာကျော်ကဆိုပါတယ်။

အဆိုပါ အဆောက်အဦးနေရာသည် ယခင်က အဆောက်အအုံဟောင်းတစ်ခု ဖြစ်ခဲ့ပြီး လူသေဆုံးမှုရှိထားကြောင်း၊ မကျွတ်မလွတ်သူများက သူစိမ်းဝင်လျှင် မကြိုက်သဖြင့် ယင်းသို့ခြောက်လှန့်သည့်သဘောရှိကြောင်း၊ ထိုနှောင့်အယှက်သူများကို ကျောင်းဝန်းအတွင်း နေရာလွတ်တွင်သာသနာပွဲတစ်ပွဲ၊ သာသနာစောင့် နတ်မင်းကြီး ၄ ပါးပွဲတစ်ပွဲပေး၍ ဆင့်ခေါ် ဖျောင်းဖျ မေတ္တာပို့အမျှဝေကာ အနှောင့်အယှက်များ ဆက်လက် မပြုလုပ်ရန် ဖယ်ရှားပေးခဲ့ကြောင်း ရွှေရင်ကျော်ဆရာ ဦးကျော်က ဆက်လက်ပြောကြားပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက် ကိုဗစ်ကူးစက်မြန်ရောဂါ ကာကွယ် တားဆီး တုံ့ပြန်ရေးကော်မတီ ကတာဝန်ရှိသူတစ်ဦးက ဗော်လန်တီယာလုပ်နေသည့်ကလေးများထံမှ ယင်းဖြစ်စဉ်ကြားရကြောင်း အတည်ပြုပါတယ်။

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်လူနာနဲ့ ထိတွေ့မိသူများ ထားရှိရန် ပညာရေးလေ့ကျင့်ရေးကျောင်း ၊ အထက(၃) ၊ အ.ထ.က(၁) ၊ အ.ထ.က(၇) ၊ ကုန်းဒလဘောင်ရှိ တရားရိပ်သာ၊အခြေခံပညာအထက်တန်းကျောင်းခွဲလ(၅) စသည့်နေရာများတွင် Quarantine Center များ ဖွင့်လှစ်ထားရှိထားကြောင်းကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေး(ဗဟို)မှ ထုတ်ပြန်ချက်အရ သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page