ဆန်းကြယ်လွန်းလှတဲ့ မြန်မာပြည်က ကိုဗစ်သေစာရင်းနဲ့ မူလရောဂါပြင်းထန်သူတွေကို Q စင်တာပို့တဲ့ ရလဒ်

ဆန်းကြယ်လွန်းလှတဲ့ မြန်မာပြည်က ကိုဗစ်သေစာရင်းနဲ့ မူလရောဂါပြင်းထန်သူတွေကို Q စင်တာပို့တဲ့ ရလဒ်

ဆေးပညာမှာ လူတစ်ယောက် သေလို့ ရှိရင် ဘာကြောင့် သေသလဲဆိုတဲ့ Primary cause of death ကို ကြည့်ရပါတယ်။ အဲဒါကို သေစာရင်း (Death Certificate) မှာ ရေးရပါတယ်။ Primary cause of death ဆိုတာ အဲဒီလူ သေရတဲ့ အဓိကအကြောင်းရင်းပါ။ အဲဒါက အရင်ရှိပြီးသား ရောဂါ ဖြစ်ရင် ဖြစ်မယ်၊ အခုမှ ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေတခု ဖြစ်ရင် ဖြစ်မယ်၊ ဘာမှန်းမသိတဲ့ အခြေအနေတစ်ခု (ဘာမှန်းမသိဘဲ နှလုံးခုန်ရပ်သွားခြင်း) တောင် ဖြစ်နိုင်ချေ ရှိပါတယ်။ ဥပမာ အနေနဲ့ ၂ ခု ပေးချင်ပါတယ်။

ဥပမာ ၁ – လူတစ်ယောက်၊ ဆီးချိုရှိတယ်၊ ကျောက်ကပ်ထိနေလို့ ပုံမှန်ဆေးနေရတယ်၊ သွေးသွားစစ်တော့ အသည်းရောင် အသားဝါ စီပိုး ရှိနေတယ်။ နောက်ပိုင်း ကျောက်ကပ်အလုပ် မလုပ်တော့လို့ သေသွားတယ်။ သူ့ရဲ့ Primary cause of death က ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ကျောက်ကပ်အလုပ် မလုပ်တော့၍ သေခြင်း။ စီပိုးနဲ့ ဘာမှ မဆိုင်ဘူး။

ဥပမာ ၂ – လူတစ်ယောက်၊ ငှက်ဖျားပိုးရှိတယ်၊ AIDS ရှိတယ်။ တရက် ခွေးကိုက်ခံရပြီး ခွေးရူးပြန်ပြီးတော့ သေသွားတယ်။ သူ့ရဲ့ Primary cause of death က ခွေးရူးပိုးကြောင့် ခွေးရူးပြန်သေတာ။ ဟိုရောဂါတွေကြောင့် မဟုတ်ဘူး။

ဒီဥပမာတွေကို ကြည့်ရင် သေတဲ့ ကိစ္စက ရှိရင်းစွဲ အကြောင်းကြောင့် ဖြစ်နိုင်သလို နောက်မှ ဖြစ်လာတဲ့ဟာ ကြောင့်လည်း ဖြစ်နိုင်တယ်။ သေတဲ့ အကြောင်းရင်း အတပ်မှားရင် ဘယ်လိုလုပ်မလဲ။ အခု ကိုဗစ်ကြောင့် သေတယ်ဆိုတဲ့ စာရင်းကို ကြည့်တော့ ထူးခြားတာတွေ တွေ့ရတယ်။ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ၃ ခုကို ရွေးပြီး ပြောပါ့မယ်။

ဖြစ်ရပ် ၁ – လူတစ်ယောက်၊ ယာဉ်မတော်တဆမှုနဲ့ ဆေးရုံရောက်လာတယ်၊ သွေးစစ်တော့ P+ ။ ရလာတဲ့ ဒဏ်ရာတွေနဲ့ သေသွားတယ်။

ဖြစ်ရပ် ၂ – လူတစ်ယောက်၊ Intensive Care Unit (ICU) ထဲမှာ ရောဂါ တစ်ခုနဲ့ ဆေးကုသမှု ခံနေရတယ်။ ICU ဆိုတာ သေကောင်ပေါင်းလဲ ဖြစ်နေတဲ့သူတွေ၊ ၂၄ နာရီ မပြတ် အထူး စောင့်ကြည့် ကုသမှု ပေးဖို့ လိုတဲ့သူတွေ ထားတာ။ အဲဒီလူကို စစ်တော့ P+ ။ အဲဒါနဲ့ သူ့ကို Q စင်တာ ပို့လိုက်တယ်။ သေသွားတယ်။

ဖြစ်ရပ် ၃ – လူတစ်ယောက်၊ အကြီးစား ခွဲစိတ်မှု တစ်ခုခံထားတယ်၊ အနာကမကျက်သေးလို့ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေရဲ့ အနီးကပ် ပြုစု ကုသမှု လိုနေသေးတယ်၊ သွေးစစ်တော့ P+ ။ သူ့ကို Q စင်တာ ပို့လိုက်တယ်။ သေသွားတယ်။

အဲဒီ အပေါ်က ၃ ယောက်လုံးက ကိုဗစ်ကြောင့် သေတဲ့ စာရင်းထဲမှာ ဝင်နေတယ်ဗျာ။ ကျွန်တော်ပဲ ဉာဏ်နည်းလို့လားမသိဘူး၊ သူတို့ရဲ့ Primary cause of death ကို ဘယ်လို စဉ်းစားစဉ်းစား ကိုဗစ်နဲ့ ချိတ်မရဘူး။

ဖြစ်ရပ် ၂ နဲ့ ၃ နဲ့ က သူတွေဆို Q စင်တာ ပို့စရာလားဗျာ။ အဲဒီလို ပို့တာ သူတို့ကို သေမိန့်ချတာနဲ့ တူတူပဲပေါ့..။ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်သေစာရင်း ဘာကြောင့် မြင့်နေတာလဲဆိုတာ လူတိုင်း သိပြီးသားပါ၊ မြန်မာက ဘာကြောင့် အခုလို ဖြစ်နေရသလဲ။ အဖြေရှိရင် ပေးကြပါဦး။

(စာကြွင်း – P+ ကိစ္စ မဟုတ်ပေမယ့် ဆက်စပ်နေတာလေးတစ်ခု ပြောချင်သေးတယ်။ နောက်ထပ် ဖြစ်ရပ်လေးတစ်ခုပေါ့။ ဖြစ်ရပ် ၄ – လူတစ်ယောက်၊ ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်လို့ ပုံမှန် ကျောက်ကပ်ဆေးနေရတယ်။ ကိုဗစ်ဖြစ်တော့ သူ့ကို ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်းကမှ လက်မခံဘူး။ သူ့ကို ပိုးကူးသွားမှာ ကြောက်လို့ဆိုပြီး အိမ်ကိုပဲ ပြန်ခိုင်းသတဲ့၊ မကြာဘူး သေသွားတယ်)

ဒေါက်တာအောင်သူဟိန်း (လသာ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page