မုံရွာမှာ တစ်နေ့ လျှပ်စစ်မီး (၂) နာရီသာ ရရှိသဖြင့် အားသွင်းနိုင်ရန် မီးစက်နိုး၍ အချင်းချင်း ကူညီနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ယခုရက်ပိုင်းအတွင်း တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီခန့်သာ ရရှိသဖြင့် ဒေသခံအများအပြား မီးပြတ်တောက်မှုကို ဆိုးရွားစွာ ရင်ဆိုင်နေရပြီး လျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန် မီးစက်နိုး၍ ပြည်သူအချင်းချင်း ကူညီပေးနေရကြောင်း မုံရွာမြို့ခံများထံမှ သိရသည်။

သင်္ကြန်ကာလအပြီး ယခုရက်ပိုင်းတွင် မုံရွာမြို့၌ တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီခန့်သာ ရရှိသဖြင့် ဒေသခံအများအပြားမှာ လျှပ်စစ်ပစ္စည်းများ အားသွင်း၍ မရသည့် အခက်အခဲများကို အဓိကရင်ဆိုင်ခဲ့ရပြီး ရေတင်မရသည့် အခက်အခဲ၊ ချက်ပြုတ်စားသောက်ရန်ပင် သုံးရေမရရှိသည့် အခက်အခဲစသည့် လူမှုဒုက္ခများစွာအား ခံစားနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“မီးက တစ်နေကုန်ကို မလာတာ၊ တစ်နေ့ကို ၂ နာရီနဲ့ တစ်ကြိမ်ကို ၁ နာရီပဲ မီးပေးတယ်။ ရာသီဥတုပူပြင်းရတဲ့အထဲ ဖုန်းတွေ၊ ပါဝါဘန့်ခ်တွေ၊ အားသွင်းမီးချောင်းတွေကိုလည်း မီးလာတဲ့ အချိန်လေးအတွင်း လုံလောက်အောင် အားသွင်းလို့ မရဘူး။ အဲ့လိုကိစ္စတွေအပြင် ရေမရလို့ သုံးရေ ဒုက္ခရောက်နေကြတဲ့ လူတွေလည်း မနည်းဘူး” ဟု မုံရွာမြို့၌ နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ထိုသို့ တစ်နေ့လျှင် ၂ နာရီခန့်သာ လျှပ်စစ်မီးရရှိသဖြင့် လျှပ်စစ်ပစ္စည်းများ အားသွင်းရန် အခက်ကြုံနေရသူများကို ယခုရက်ပိုင်းအတွင်း လူမှုကူညီရေးအသင်းများ၊ ငွေကြေးတတ်နိုင်သူများက မီးစက်နိုးကာ အားသွင်းနိုင်ရန် တစ်နိုင်တစ်ပိုင် ကူညီနေမှုများလည်း ရှိကြောင်း သိရသည်။

မုံရွာမြို့၊ သီတာလမ်းရှိ လမ်းသွယ် (၁၃) တွင် ရုံးခန်းဖွင့်ထားသည့် ပေးဆပ်သူ လူမှုကူညီရေးအသင်းက ဧပြီ ၂၃ ရက်မှစ၍ လျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန် တစ်နေ့လျှင် ၃ ကြိမ်၊ တစ်ကြိမ်လျှင် ၂ နာရီခန့် မီးစက်နိုး၍ ကူညီပေးနေပြီး မီးစက်နိုးသည့် အချိန်များတွင် မည်သူမဆိုလာရောက်၍ လျှပ်စစ်ပစ္စည်းများအား အခမဲ့အားသွင်းနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“အားသွင်းပေးရတဲ့ အလုံးရေက တစ်နေ့တစ်နေ့ နိုင်တောင် မနိုင်ဘူး။ ပလပ်ပေါက်တွေလည်း အများကြီးပဲ။ တစ်နေ့ကို ၃ ကြိမ် မနက် ၇ – ၉ ၊ နေ့လည် ၁၂ – ၂ နဲ့ ညနေ ၄ – ၆ နာရီတွေမှာ မီးစက်နိုးပြီး ကူညီပေးပါတယ်။ အခမဲ့ကူညီပေးတာပါ။ လူတစ်ဦးကို ပါလာသလောက်ကို အားသွင်းပေးတယ်။ တစ်ရက်ကို ဆီဖိုးကုန်ကျစရိတ်က ၂၅,၀၀၀၊ ၃၀,၀၀၀ လောက်ရှိတယ်။ တစ်နိုင်တစ်ပိုင် စက်သုံးဆီဖိုး လှူဒါန်းသွားသူတွေလည်း ရှိပါတယ်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အလားတူ မုံရွာမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းအချို့နှင့် ငွေကြေးတတ်နိုင်သူ အချို့တို့ကလည်း မီးစက်နိုး၍ လျှပ်စစ်ပစ္စည်းများ အားသွင်းပေးနိုင်ရန် ကူညီပေးနေရမှုများရှိကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်မှုကို နိုင်ငံတစ်ဝန်းရှိ ပြည်သူအများအပြား ကြုံတွေ့နေရကာ လူမှုအခက်အခဲများအား အချင်းချင်း တတ်နိုင်သမျှ ကူညီဆောင်ရွက်နေမှုများလည်းရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၌လည်း ယခုလပိုင်းများအတွင်း လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်သဖြင့် အချို့နေရာများတွင် အားသွင်းနိုင်ရန် အချိန်ပိုင်း မီးစက်နိုးကာ ကူညီပေးနေမှုများ၊ ရန်ကုန်၌ လျှပ်စစ်မီး ပြတ်တောက်သဖြင့် တိုက်ခန်းများ၌ ရေတင်မရသည့် အခက်အခဲကို ပုဂ္ဂလိကမီးစက် အရောင်းဆိုင်တစ်ဆိုင်မှ ရေတင်နိုင်ရန် မီးစက်များ အခမဲ့ငှားရမ်းကူညီပေးနေမှုများကို တွေ့ရှိရပြီး ယခုရက်ပိုင်းတွင် စစ်ကိုင်းတစ်မြို့လုံးနီးပါး လျှပ်စစ်မီးပြတ်တောက်ကာ သုံးရေ မရသဖြင့် တစ်နိုင်တစ်ပိုင် ရေအလှူပေးနေသော ပရဟိတအသင်းများကို စောင့်မျှော်နေရကြောင်း ဒေသခံများထံမှ သိရသည်။

(ယနေ့ခေတ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page