ပညာဝန်ကြီး အရမ်းကြိုက်တဲ့ အမိန့်စာ ထုတ်ပြန်နည်း (တခေတ်တခါကပါ)

ပညာဝန်ကြီး အရမ်းကြိုက်တဲ့ အမိန့်စာ ထုတ်ပြန်နည်း (တခေတ်တခါကပါ)

ပညာဝန်က သူ့အတွင်းဝန်ကို ခေါ်သည်။ “ကျောင်းပြန်ဖွင့်ရေး စီမံချက်တွေ တက်လာပြီလား” “တက်လာပါပြီခင်ဗျာ … ဟောဒီမှာပါ” အတွင်းဝန်က ထရော်လီနှင့် ဆွဲယူလာသော စာထုပ်တွေကို ညွှန်ပြသည်။ “ဘယ်တိုင်းကစဖတ်မလဲခင်ဗျာ” “အလို … ဒါတွေကို ကျုပ်ကဖတ်ရမယ် ဟုတ်စ … ခင်ဗျားတို့ ဖတ်ခိုင်းထားရမယ်လေ … အကျဉ်းချုပ်တင်ပြလေ … ကျုပ်မှာ ဒါတွေကို ဖတ်ဖို့ အားနေတယ်ထင်သလား”

“ဟုတ်ကဲ့ မနေ့က အစည်းအဝေးမှာ အကျဉ်းကို တင်ပြပြီးပါပြီ” “အေးလေ … အဲဒါကို လိုချင်တာ” “ဒီမှာပါခင်ဗျ” ပညာဝန်က စိတ်မပါသလို ဖတ်လိုက်ပြီး စာရွက်တွေကို ပြန်ချလိုက်ကာ “ကဲ … လိုက်ရေး … ကျုပ်ခေါ်ပေးမယ် … ကျောင်းတွေပြန်ဖွင့်ဖို့ အမိန့် ထုတ်ရမယ်” အတွင်းဝန်က စာအုပ်လေးကိုင်ပြီး မှတ်ရန်ပြင်သည်။ ပညာဝန်က ပြောသည်

“စကူးတွေကို ပြန်ပြီး အိုးပင်းရမယ်ဆိုပေမယ့် … ကားရန့်လီးဖြစ်နေတာတွေကို သတိပြုရမယ် … တတ်နိုင်သမျှ စင်ထရယ်လိုင်ဇေးရှင်းတွေကို ဒီစင်ထရယ်လိုင်ဇေးရှင်းတွေဖြစ်အောင် လုပ်ပေးရမယ်။ ဒီမိုကရက်တိုင် ဇေးရှင်းကို အပြည့်အဝ ဖူးလီးကျင့်သုံးနေချိန်မှာ သက်ဆိုင်ရာ ဟက်တွေက ဒီစင်ထရယ်လိုင်ဇေးရှင်းကို လျော့ ပေးလိုက်ပြီး စကူးတွေကို မဲနေ့ဂျ်မင့်လုပ်နိုင်အောင် ကြိုးစားရမယ်၊ စကူးတွေကို ဖတ်စ်လီး တစ်ပတ် အိုးပင်းကြည့်မယ် … တစ်ပတ်အတွင်း စတေဘယ်လိုက်ဇ်ဖြစ်တယ်ဆိုရင် နောက်တစ်ပတ် အင်ခရီးစ်မယ် … အဲ … နောက်နှစ်ပတ် … တူးဝိခ်နော် … ငြိမ်ပြီဆိုမှ နောက်တစ်ပတ်ကို ဆက်တက်မယ် … ဒီကြားထဲမှာ အခြေအနေက လုံးဝမအေးဆေးရင် ပြန်ပြီးတော့ ကလို့စ်ရင်လည်း ကလို့စ်မယ် … အိုးပင်းချင်လည်း အိုးပင်းမယ် … ရှင်းတယ်နော် … အဲဒါကို အမိန့်ထုတ်လိုက် … ကွန်ပျူတာ စာစီခိုင်း … ကျုပ်မပြန်သေးဘူး … လာပြဦး”

“ဟုတ်ကဲ့ပါဝန်မင်း” အတွင်းဝန်က အပြင်ကို ထွက်သွားပြီး သူအကြမ်းမှတ်လာသော စာကို သူ့အနီးရှိ ကွန်ပျူတာ စာစီ စာရိုက် စာရေးမလေးအား ပြန်ခေါ်ပေးနေသည်။

“ကျောင်းများကို ဖွင့်မည်ဆိုသော်လည်း လက်ရှိမြေပြင်အနေအထားများကို သတိပြုရမည်။ အထက်အဆင့် အသီးသီးကလည်း ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့်ကာလအတွင်း ဗဟိုချုပ်ကိုင်မှုများကို တတ်နိုင်သမျှ ဖြေလျှော့ပေးကာ ကျောင်းပြန်ဖွင့်နိုင်ရေးအတွက် စီမံခန့်ခွဲရမည်။ ကျောင်းများကို ပထမတစ်ပတ်ဖွင့်ကြည့် မည်။ အခြေအနေကောင်းပြီး တည်ငြိမ်လျှင် နောက်တစ်ပတ်တိုးဖွင့်ကြည့်မည်။ နှစ်ပတ်ဖွင့်၍ တည်ငြိမ်လျှင် ဆက်ဖွင့်မည်။ ဤကြားတွင် အခြေအနေ မတည်ငြိမ်ပါက ကျောင်းတွေကိုပြန်ပိတ်ရမည်။ ထို့ကြောင့် ကျောင်းပြန်ဖွင့်ရေး၊ ပိတ်ရေးဆိုသည်မှာ အခြေအနေပေါ်တွင် မူတည်နေသည်” အမိန့်စာကြမ်းကို ယူလာပြီး အတွင်းဝန်က ဝန်ကြီးထံ တင်ပြသည်။

“ဒီမှာ အမိန့်စာအကြမ်းပါခင်ဗျ” ပညာဝန်က ဖတ်ကြည့်သည်။ စာရွက်ကို လုံးချေလိုက်ပြီး လွှင့်ပစ်လိုက်ကာ “ဒီမှာ ဘာလဲ … အဲဒါဘာလဲ … ဆေးကြော်ငြာလား … ခင်ဗျားကို ထုတ်ခိုင်းတာ အမိန့်စာလေ … ဆေးကြော်ငြာ မဟုတ်ဘူး … အမိန့်ကြေညာချက်ဗျ … ဒီလောက်ရိုးစင်းအောင် ဘာဖြစ်လို့ ရေးထားတာလဲ … ကမ္ဘာနဲ့ ယှဉ်နိုင်အောင် မြင်စမ်းပါ … အမိန့်စာဆိုတာ ခေတ်အဆက်ဆက် ကြီးကျယ်အောင် ထုတ်ရတာ … နားလည်လား … သွားပြန်ထုတ် … မဖြစ်သေးပါဘူး … ဘာသာစကားဌာနကို ပို့လိုက် …သူတို့ပြင်ပေးလိမ့်မယ်”

ဤသို့ဖြင့် အမိန့်စာ မူကြမ်းမှာ ဘာသာစကားဌာနကို ရောက်သွားသည်။ ဘာသာစကားဌာနက အမိန့်စားကြမ်းကို ကွန်ပျူတာ စနစ်အတွင်း ထည့်သွင်းလိုက်သည်။

“ကျောင်းများကို ဒီမိုကရေစီဖော်ဆောင်နေသည်ကာလအတွင်း ဗဟိုချုပ်ကိုင်မှုဖြင့်ဖွင့်မည်ဆိုသော်လည်း ပိတ်ထားသည့်ကာလများကို ဖြေလျော့ကာ အပေါ်ထပ်ရောက်နေသူများနှင့် ညှိနှိုင်းရန်လိုသည်။ ဗဟိုကို ကြိုးလျှော့လိုက်သည်ဆိုသော်လည်း ကျောင်းများ၏တံခါးကို ဖွင့်ခြင်း ပိတ်ခြင်းဆိုသည်မှာ အာဏာကို လက်ကိုင် ကျင့်သုံးမှုအပေါ် မူတည်ပြီး လျော့ပေါ့မှုူကို တစ်ပတ် သို့မဟုတ် နှစ်ပတ်ဖြင့် အတည်ပြုနိုင်ရန် အဆင့်ဆင့် သုံသပ်ရန်လိုသည်။ အကယ်၍ ကျောင်းများသည် ဒီမိုကရေစီဖော်ဆောင်ရာတွင် ဗဟိုကမည်မျှ ဘောင်းဘီကြိုးကို လျော့သည်ဖြစ်စေ လက်မခံလျှင် ကျောင်းတွေကို ဖွင့်ခြင်း ပိတ်ခြင်းဆိုသည်မှာ ဒီမိုကရေစီ အရ စဉ်းစားရမည်ဖြစ်ကြောင်း သိစေအပ်ပါသည်”

အတွင်းဝန်က ဘာသာစကားဌာန ကွန်ပျူတာခန်းမှ ထုတ်ပေးလိုက်သည်စာကို ဖတ်ပြီး မူးလဲသွားသဖြင့် နှာနှပ်ကာ သွေးဆေးတိုက်ရသည်။ အခြေအနေတည်ငြိမ်လာသဖြင့် အတွင်းဝန်က အမိန့်စာသစ်ကိုယူလာပြီး ပညာဝန်ထံ ကြောက်ကြောက်နှင့် တင်ပြသည်။ ပညာဝန်က ဖတ်နေသည့်အချိန်တွင် အတွင်းဝန်သွေးတိုးချင်နေသည်။ ရင်တွေခုန်ပြီး စိတ်လှုပ်ရှားနေသည်။ ဤတစ်ကြိမ် ပေါက်ကွဲလျှင် မလွယ်ပေ။

ပညာဝန်က စားပွဲကို လက်နှင့် ပုတ်လိုက်သည် “ဘုန်း” အတွင်းဝန် လန့်သွားသည် “အဲဒါ … အဲဒါကို ပြောတာ … အမိန့်စာဆိုတာ အဲဒီလိုကို ဖြစ်နေရမှာ … နောက်ဆိုရင် ကျုပ်တို့ဌာနက ထုတ်တဲ့ အမိန့်စာတိုင်းကို ဘာသာစကား ကွန်ပျူတာဌာနက ထုတ်စေ” တစ်ချိန်ကဖြစ်ပါသည်။

တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page