ပြည်ပမှာ ပညာသင်ပြီး ပြန်လာကြတဲ့ မြန်မာရဟန်းတော်တွေနဲ့ ကြုံတွေ့ရတဲ့ လှုပ်ခတ်မှုများ
တွေးမိတိုင်းရယ်တဲ့ ရေးမိပြန်သကို…
ဒီနေ့တော့ ဟိုတွေးဒီတွေး တွေးရင်း ပြည်ပမှာ ပညာသင်ပြီး ပြန်လာကြတဲ့ မြန်မာရဟန်းတော်တွေအကြောင်းကို သမိုင်းနဲ့ချီပြီး တွေးဖြစ်တယ်။ မှတ်တမ်းများ အလိုအရတော့ ပုဂံခေတ် ဆပဋမထေရ်ဟာ ပထမဆုံးသော ပြည်ပ ပညာတော်သင် ရဟန်းတစ်ပါး ဖြစ်ပါတယ်။ သူ့အရင်မှာ ပြည်ပ ပညာတော်သင်ရဟန်းများ ရှိခဲ့သလားဆိုတော့ ဘယ်သမိုင်း မှတ်တမ်းမှာမ မတွေ့ရသေးပါဘူး။ သမိုင်းမှတ်တမ်းတွေမှာ ဖော်မပြထားတိုင်း မရှိခဲ့ဘူးလို့တော့ မဆိုသာပါဘူး။
မြန်မာ့သမိုင်းမှာ ပြည်ပ ပညာတော်သင် ရဟန်းတွေ ပြန်လာတဲ့အခါတိုင်း သံဃာထု အတွင်းမှာ တခုမဟုတ် တခုတော့ လှုပ်ခတ်မှုတွေ ကြုံတွေ့ခဲ့ရတာချည်းပါပဲ။ အဲ့ထဲက အချို့သော အရာတွေကတော့ မြန်မာ့သံဃ အဖွဲ့အစည်းထဲမှာ ခဏလေးနဲ့ ငြိမ်သွားပေမယ့်လို့၊ အချို့အရာတွေကတော့ တော်တော်လေးကို ဂယတ်ရိုက်ခဲ့တယ်။ ဒါတွေက ပြည်ပ ပညာတော်သင် ရဟန်းတွေက သက်ဆိုင်ရာ နိုင်ငံအသီးသီးက အယူအဆသစ် အတွေးအခေါ် အသစ်တွေကို သယ်ဆောင်လာခဲ့လို့ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအယူအဆအသစ် အတွေးအခေါ် အသစ်တွေကို ပြည်တွင်းနေ သံဃာတွေက လက်မခံနိုင်ရင်းကနေ ရဟန်းသံဃာအကြား ပဋိပက္ခလေးတွေ ပေါ်ပေါက်ခဲ့ကြပါတယ်။
ပုဂံခေတ်က ဆပဋမထေရ်ဟာ ဆရာဖြစ်တဲ့ ဥတ္တရာဇီဝ မထေရ်ရဲ့ ခေါ်ဆောင်မှုနဲ့ အတူ ကိုရင်ဘဝနဲ့ သီရိလင်္ကာကို ရောက်ခဲ့တယ်။ သီရိလင်္ကာမှာပဲ မြန်မာ-သီရိလင်္ကာ ဆရာတော်တွေ ပူးပေါင်းပြီး သူ့ကို ရဟန်းခံပေးခဲ့တယ်။ သူ့ခေါ်လာတဲ့ ဆရာနဲ့ မြန်မာပြည် ပြန်မလိုက်သွားပဲ သီရီလင်္ကာမှာပဲ ပညာသင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေထိုင်ခဲ့တာ ဆယ်နှစ်ကျော် ကြာခဲ့တယ်။ ပြည်တော်ပြန်တဲ့ အခါမှာတော့ သူနဲ့အတူ အခြားနိုင်ငံသား ရဟန်းတွေပါ လိုက်ပါခဲ့တယ်။ မြန်မာပြည် ပြန်ရောက်လို့ သူ့ဆရာ ပျန်တော်မူပြီ ဆိုတာလည်း သိရော သူတို့အတူပါလာတဲ့ ရဟန်းငါးပါး ဦးဆောင်ပြီး “ဆင်ဟာလိသံဃဂိုဏ်း” (သီရိလင်္ကာဂိုဏ်း) ကို ထူထောင်ခဲ့တယ်။ ဆိုလိုတာက မြန်မာပြည်မှာ ရှိနေတဲ့ ရဟန်းတော်တွေနဲ့ အတူမနေချင်ဘူးဆိုတဲ့ သဘောပဲ။ အဲ့ဒီကစလို့ မြန်မာသံဃဂိုဏ်းနဲ့ ဆင်ဟာလိသံဃဂိုဏ်းဆိုပြီး နှစ်ဂိုဏ်းစ,ကွဲကြတယ်။
ရှေးခေတ်က ရဟန်းတော်တွေမှာ ဦးထုပ်ဆောင်းတဲ့ အလေ့အထ ရှိခဲ့ကြတယ်။ ဘယ်အချိန်က စခဲ့တယ်ဆိုတာ ပြောဖို့တော့ ခက်တယ်။ သို့ပေမယ့် အင်းဝခေတ်မှာ ရေထိုးထားတဲ့ ဆပဋောကျောက်စာမှာတော့ ရဟန်းတစ်ပါးက သီဟိုဠ်က ပြန်လာစဥ်မှာ ဦးထုပ်နဲ့ ဘုရားရှင် ဓါတ်တော်တွေကို ပင့်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဓါတ်တော်တွေကိုတော့ ကူခန်းမိဖုရားကြီး လှူဒါန်းတဲ့ ရတနာစေတီ (သို့) စူဠာမဏိစေတီမှာ ဌာပနာခဲ့ပါတယ်။
ဦးထုပ်ဆောင်းတဲ့ ဓလေ့ ဘယ်အချိန်က စ,ခဲ့တယ်ဆိုတာ မသေချာပေမယ့်၊ အထက်က ကျောက်စာကို ထောက်ခြင်းအားဖြင့် အင်းဝခေတ်မှာ နိုင်ငံခြားပြန် ရဟန်းတစ်ပါးက အဆိုပါ ဓလေ့ကို စတင်အသက်သွင်းခဲ့ဆိုရင် မှားမယ် မထင်ဘူး။ ညောင်ရမ်းခေတ်မှာတော့ ရဟန်းတော်တွေ ကြားမှာ ဦးထုပ်ဆောင်းတဲ့ ဓလေ့ဟာ အတော်လေး ထွန်းကားနေပြီ။ ဘယ်လောက်ထိ ထွန်းကားသလဲဆိုရင် ဦးထုပ်မဆောင်းတဲ့ ရဟန်းတွေကိုပင် “မင်္ဂလာမရှိတဲ့ ကိုယ်တော်တွေ” လို့ သမုတ်ပြီး တောထဲကို မောင်းထုတ်ပစ်ကြတယ်။
အဲ့ဓလေ့က အဲ့ခေတ်မှာတင် ပြီးသွားတာ မဟုတ်ဘူး။ ကုန်းဘောင်ခေတ် မင်းတွေထဲမှာ ကြမ်းပေ့ရမ်းပေ့ မိုက်ပေ့ဆိုတဲ့ ဘိုးတော်မင်း လက်ထက်ထိ ဦးထုပ်ဆောင်းတာ ရှိခဲ့ပါတယ်။ အဲ့အကြောင်း တတိယ နံမော်ဆရာတော်က သူရဲ့ “သီလဝိသောဓနီကျမ်း”မှာ သူကိုယ်တိုင်တောင် ဘုရင်အမိန့်နဲ့ တလလောက် ဦးထုပ်ဆောင်းလိုက်ရသေးတယ်လို့ ဝန်ခံထားပါတယ်။ ကုန်းဘောင်နှောင်းပိုင်းခေတ် မင်းတွေ လက်ထက်မှာတော့ မြို့ပေါ်မှာတော့ ဦးထုပ်ဆောင်းတဲ့ ရဟန်းတော်တွေ မရှိပေမယ့် တိုင်းရင်းသား ဒေသတွေမှာတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ရှမ်းပြည်ပေါ့။
ရဟန်းတွေ ဦးထုပ်ဆောင်းတာလည်း မပြောနဲ့၊ ရှေးခေတ်က မင်းတွေ ထုလုပ်ကိုးကွယ်ခဲ့တဲ့ ရုပ်ပွားဆင်းတုတော်တွေမှာတောင် ဦးထုပ်တွေရှိတာ ခုချိန်ထိ တွေ့နိုင်သေးတာပဲ။ အထင်အရှားဆုံး ဥပမာပြရရင် မန္တလေးက မဟာမြတ်မုနိဘုရားကြီး၊ မင်းတုန်းမင်းကြီး လှူဒါန်းခဲ့တဲ့ ကျောက်တော်ကြီးဘုရားအပြင် အခြားသော ဘုရားတွေမှာ ဦးထုပ် (သို့)မကိုဋ်တော်တွေ ပူဇော်ထားတာ ခုထိ ဖူးတွေ့နိုင်ပါသေးတယ်။
ကုန်းဘောင်းခေတ် နှောင်းပိုင်း (သို့) ကိုလိုနီခေတ်မှာတော့ ဒွါရဂိုဏ်းတည်ထောင်ခဲ့တဲ့ အုတ်ဖိုလ်ဆရာတော်ကြီးနဲ့ တပည့်ဒကာ,ဒကာမတွေ သီရိလင်္ကာကို ဘုရားဖူးကြွလာတယ်။ ဘုရားဖူးပြီးလို့ ဆရာတော်ကြီး ပြန်ကြွတဲ့ အချိန်မှာ တပည့်တစ်ပါးက ပြန်မလိုက်ပဲ သီရိလင်္ကာမှာ နေရစ်ခဲ့တယ်။ အဲ့တပည့်က ဦးဉာဏဝံသလို့ ခေါ်တယ်။ အများစုကတော့ ဦးဉာဏလို့ပဲ သိကြပါတယ်။ သူလည်းပဲ သီရိလင်္ကာမှာ ဆယ်နှစ်လောက် ကြာခဲ့တယ်လို့ မှတ်သားဖူးတယ်။
မြန်မာပြည် ပြန်ရောက်တော့ ဘုရားဆင်းတုတွေကို ထုလုပ်ကိုးကွယ်တဲ့ အခါမှာ နှုတ်ခမ်းမွှေးတွေကို ပါအောင် ထုလုပ်ကိုးကွယ်ခဲ့တယ်။ အကြောင်းပြချက်ကတော့ “ဘုရားရှင်က ဆံမုတ်ဆိတ်တို့ကို ပယ်တယ်” လို့ပဲ ပါတယ်၊ နှုတ်ခမ်းမွှေးကို ပယ်တယ်လို့ ဘယ်စာထဲမှာမှ မပါဘူးတဲ့။ အဲ့ဒါနဲ့ သူထုလုပ်ကိုးကွယ်တဲ့ ဘုရားတိုင်းမှာ နှုတ်ခမ်းမွှေးကို မပါပါအောင် တပ်ခဲ့တယ်။ ဒါနဲ့ သူ့အမည်ကိုလည်း “နှုတ်ခမ်းမွှေးဆရာတော်” လို့ လူသိများခဲ့တယ်။
ကိုလိုနီခေတ် နှောင်းပိုင်းလို့ ထင်ရတယ်။ မြန်မာပြည်က အိန္ဒိယမှာ ပညာသင်ကြွခဲ့တဲ့ ဆရာတော် နှစ်ပါးကတော့ အတော်လေး ထင်ရှားခဲ့တယ်။ တစ်ပါးကတော့ ဆရာတော် ဦးအာဒိစ္စဝံသလို့ခေါ်တယ်။ ကျမ်းပေါင်းများစွာ ပြုစုခဲ့တယ်။ အဲ့ထဲမှာ မြန်မာပြည် သံဃာထုကို အလှုပ်ခတ်ဆုံး ကျမ်းကတော့ ဘိက္ခုနီနဲ့ ပတ်သက်တဲ့ကျမ်းပဲ။ အဲ့ခေတ်မှာ ဘိက္ခုနီအရေးတော်ပုံဆိုပြီး သံဃာထုအတွင်းမှာ ပေါ်ပေါက်ခဲ့တယ်။ ဆရာတော်ကို သံဃာအများစုက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်။
စကားစပ်မိလို့ ထပ်ပြီး ပြောရရင် အရှင်အာဒိစ္စဝံသလိုပဲ ဘိက္ခုနီသာသနာကို ပြန်လည် အသက်သွင်းတဲ့ မြန်မာသီလရှင်ဆရားလေး တစ်ပါးပေါ်ပေါက်ခဲ့ဖူးတယ်။ သူကတော့ သူ့ကိုယ်သူ ဘိက္ခုနီလို့ပဲ ခံယူတယ်။ သူက သီရိလင်္ကာမှာ ဘိက္ခုနီနဲ့ ပတ်သက်တဲ့ ကျမ်းတစ်စောင်ကို ပြုစုခဲ့တယ်လို့ တဆင့်စကား ကြားဖူးတယ်။ နောက်ပိုင်းတော့ မဟနနဲ့ ထိပ်တိုက်တွေ့ပြီး သူလည်း လူဝတ်လဲလိုက်ရတယ်။
အိန္ဒိယကို ပညာသင်ကြွခဲ့တဲ့ နောက်ထပ် တစ်ပါးကတော့ လူအများသိကြတဲ့ နတ်မှီတောရ ဆရာတော်ကြီး ဦးဥက္ကဌပါ။ ဆရာတော်က “ကျောက်ကွင်းအရေးတော်ပုံ” နဲ့ မြန်မာသံဃာ အသိုင်းအဝိုင်းမှာ မသိသူမရှိ ထင်ရှားခဲ့တယ်။ အဲ့ဒီစာအုပ်ကို ဖတ်ကြည့်ရင် ဆရာတော်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဘယ်လောက်ထိ ကြီးမားကြောင်းကို အကဲခပ်လို့ ရတယ်။ နောက်ပိုင်းမှာတော့ ဆရာတော်ရေးတဲ့ “လူသေလူဖြစ်ဝါဒ” ဆိုတဲ့ စာအုပ်တစ်အုပ်က မြန်မာသံဃာထု တစ်ရပ်လုံးကို လုံးဝ လှုပ်ခတ်သွားစေခဲ့တယ်။ ရဟန်းသံဃာ အများစုရဲ့ ကန့်ကွက်မှုတွေ ခံခဲ့ရတယ်လို့ မှတ်သားဖူးတယ်။
ယခု မျက်မှောက်ခေတ်မှာတော့ နိုင်ငံခြား ပညာတော်သင် ရဟန်းတော်တွေ ပေါများလာတယ်။ ကိုဗစ်မဖြစ်ခင်က တစ်နှစ်ကို မြန်မာသံဃာ အနည်းဆုံး ငါးရာကျော်လောက် ပြည်ပကို ပညာသင်ထွက်ကြတယ်။ အဲ့ဒီ ပြည်ပ ထွက်တဲ့ ရဟန်းတော်တွေမှာလည်း ရည်ရွယ်ချက် ကိုယ်စီရှိကြပါတယ်။ တစ်ချို့က နောက်မှာ အမြှီးလေး တပ်ချင်လို့၊ တစ်ချို့က ဗဟုသုတ ရချင်လို့၊ တစ်ချို့က တက္ကသိုလ်တည်ထောင်ချင်လို့ စသည်အားဖြင့် ကိုယ်စီ ရည်ရွယ်ချက်တွေ ရှိကြပါတယ်။ ရလာဒ်က ဘာဖြစ်လာလဲဆိုတော့ မြန်မာပြည်မှာ ဗုဒ္ဓတက္ကသိုလ်၊ ကောလိပ်စတာတွေ အများအပြား ပေါ်ပေါက်လာပါတော့တယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင် ပြည်ပ ပညာတော်သင် ထွက်တဲ့အခါ အတွေးအခေါ်အသစ် အယူအဆ အသစ်တွေဟာ သူတို့နဲ့အတူ ပါလာတတ်ကြတယ်။ အဲ့ဒီအထဲမှာမှ ကိုယ့်သဘောအကျမိဆုံးကတော့ ဆရာတော် ဦးအာဒိစ္စဝံသနဲ့ ဦးဥက္ကဌတို့ပဲ။ တဆင့်စကား မှတ်သားဖူးတာ ပြောရရင် အဆိုပါ ဆရာတော်ကြီး နှစ်ပါးကြောင့် ဗီဒိုထဲမှာ သားရေဖုံး ဖုံးပြီး အလှပြထားတဲ့ စာအုပ်တွေကို မြန်မာဆရာတော်တွေ အကုန်ပြန်လှန် ကြည့်ကြရတယ်။
မည်သို့ပင် ဆိုစေကာမူ ဆရာတော်ကြီးတွေ အားလုံး ကိုယ်ပုံမှန် သင်နေကြ စာဝါတွေထက် အခြားသော စာတွေကို ပိုကြည့်ဖြစ်ကြတယ်။ အဆိုပါ ဆရာတော်ကြီး နှစ်ပါးရဲ့ အယူအဆတွေဟာ မှားကြောင်း သက်သေပြလိုလာကြတယ်။ အဲ့လို အခြေအနေ ဖြစ်ပေါ်လာရခြင်းသည် ပင်လျှင် အဆိုးထဲက အကောင်းလို့ မြင်မိတယ်။ သဘောလည်း သဘောကြမိတယ်။
ခုတော့ ကိုယ်တွေလည်း ပြည်ပမှာ ပညာသင်တာ ကြာလှပြီ၊ မြန်မာပြည် ပြန်ရောက်တဲ့အခါ မြန်မာသံဃာထုကို ဘယ်လို လှုပ်ခတ်ရရင် ကောင်းမလဲ ခုကတည်းက စဥ်းစားထားလိုက်အုံးမယ်။ မဟုတ်ရင် ရှေးအစဥ်အလာကို ချိုးဖျက်ရာကျမှာ စိုးတယ်လေ…
ဝိလာသဂ္ဂ
ပေရာဒေနိယတက္ကသိုလ်၊
သီရိလင်္ကာနိုင်ငံ။