မန္တလေးရှိ အထင်ကရ နေရာ (၂) ခုကို အများပြည်သူများ လည်ပတ်နိုင်ရန် ပြန်ဖွင့်ပေးလိုက်ပြီ

မန္တလေးရှိ အထင်ကရ နေရာ (၂) ခုကို အများပြည်သူများ လည်ပတ်နိုင်ရန် ပြန်ဖွင့်ပေးလိုက်ပြီ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စုအတွင်းရှိ မြခနောက်တောင်နှင့် စိန်ခနောက်တောင်များသို့ ဘုရားဖူးနှင့် လေ့လာရေးအတွက် နေ့ချင်းပြန်ခရီး လာရောက်ခွင့်ကို နိုဝင်ဘာလ ၁ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“မြို့နယ်အုပ်ချုပ်ရေးကို အသိပေးတာမျိုးတော့ မရှိဘူးလို့ သိရတယ်၊ အဲဒီဘက်မှာ ရေတော်တို့ ရွှေကျင်တို့ရှိတော့ အစကတည်းက ပိတ်ထားတာမျိုးတော့ မရှိဘူး၊ ပြီးတော့ တည်ဆောက် ရေးလုပ်ငန်းတွေလည်း ရှိနေတော့ အခုကာလမှာလည်း သွားလာနေကြတာတွေ ရှိပါတယ်၊ သတ်မှတ်ချက်တွေကတော့ ကျန်းမာရေးညွှန်ကြားချက်တွေအတိုင်း ဖြစ်ဖို့ လိုတာပေါ့”ဟု ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တာ် ကိုယ်စားလှယ် ဦးရဲမင်းဦးက ပြောသည်။

ထိုသို့ ပြန်လည်ခွင့်ပြုရာတွင် တောင်ပေါ်၌ ညအိပ်ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပြီး ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တရားဝင်ထုတ်ပြန် ကြေညာထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များ၊ လမ်းညွှန် ချက်များနှင့် အညီ လာရောက်ကြရန် လိုအပ်ကြောင်းသိ ရသည်။

မြခနောက်တောင်နှင့် စိန်ခနောက်တောင်သည် သာသနာနယ်မြေဖြစ်သည့်အတွက် အရက်၊ ဘီယာ နှင့် မူးယစ်စေသော အရာများ ယူဆောင်လာခြင်း၊ သုံးစွဲခြင်းတို့ကိုလည်း ခွင့်ပြုပေးခြင်းမရှိကြောင်း၊ ဆရာတော်ဦးဇယျဒိဿ သာသနာပြုရာက အစပြု၍ ဘုရားဖူးနှင့် လေ့လာရေးလာသူများ လာရောက်ရာက လူသိထင်ရှားလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် သဘာဝတောတောင်များ၏ အလှအပများကို ပျက်စီးစေသော ပလက်စတစ်အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့် တစ်ဖြည်းဖြည်း များပြားလာသဖြင့် (Recycle) ပြန်လည် အသုံးပြုနိုင် သောအိတ်များကိုသာ ယူဆောင်သုံးစွဲကြခြင်းဖြင့် ကူညီပေးကြပါရန် တိုက်တွန်း နှိုးဆော်ထားသည်။

မြခနောက်တောင်နှင့် စိန်ခနောက်တောင်သည် မန္တလေးမြို့အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများအစ ပင်လယ်ရေ မျက်နှာပြင်အထက် ၃၀၁၁ပေ အမြင့်၌ တည်ရှိပြီး စေတီပုထိုး၊လှိုဏ်ဂူ၊ တရားရိပ်သာများ ပေါများသည့် ရေတံခွန်တောင်တန်းကြီး၏ အရှေ့မြောက်ဘက်တွင် တစ်ဆက်တည်း တည်ရှိကြောင်း သိရသည်။

မြခနောက်တောင်ပေါ်တွင် ဉာဏ်တော်(၁၈)တောင်ရှိ မြဘုရားရုပ်ပွားတော်၊ ဆရာတော်ဦးဇယျဒိဿ တရားကျင့်သည့်လှိုဏ်ဂူနှင့် တောင်စွန်းထိပ်တွင် တည်ထားသော ကျိုက်ထီးရိုးစေတီလေးတို့ရှိပြီး ရှေး စကားအရ “မြသုံးလုံး” ဖိုခနောက်ဆိုင်ပုံစံတည်ရှိသဖြင့် မြခနောက်ဟုခေါ်ဆိုခြင်းဖြစ်ကြောင်း၊ မြခနောက်တောင်၏ မြောက်ဘက်တွင် စိန်ခနောက်တောင်နှင့် လပို့ရွာ၊ အနောက်ဘက်တွင် မန္တလေး မြို့နှင့် မန္တလေးတောင်၊ ရန်ကင်းတောင်၊ ဧရာဝတီမြစ်၊ တောင်သမန်အင်းတို့ကိုလည်း မြခနောက် တောင်ပေါ်မှ ထင်ထင်ရှားရှား မြင်တွေ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page